ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ သတိပြုဆင်ခြင်သင့်သည့် အချက်များ ထုတ်ပြန်ခြင်း


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / May 07, 2019


(၇-၅-၂၀၁၉ ရက်၊ နေပြည်တော်)

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ သတိပြု ဆင်ခြင်သင့်သည့် အချက်များကို မြန်မာသံရုံး၊ လန်ဒန်မြို့၏ Website နှင့် ရန်ကုန်မြို့ရှိ ဗြိတိန်ပြည်ဝင်ဗီဇာ လက်ခံဆောင်ရွက်လျက်ရှိသည့် UKVL Service Center ရှိ ကြော်ငြာသင်ပုန်းတို့တွင် ထုတ်ပြန်ထားပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှတစ်ဆင့် ပုဂ္ဂလိက ခရီးသွားကုမ္ပဏီများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့သို့ ဖြန့်ဝေထားပါသည်။

ဗြိတိန်နိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်ခဲ့ကြသည့် မြန်မာနိုင်ငံသား ခရီးသွားအချို့သည် ခရီးသွားလာရင်း လမ်းခရီးတွင် ခါးပိုက်နှိုက်ခံရခြင်း၊ အဖိုးတန်ပစ္စည်းများ၊ ငွေကြေးများ ခိုးယူခံရခြင်းတို့ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ စိစစ်ခဲ့ရာ ခါးပိုက်နှိုက်ခိုးယူသူများသည် Credit Card နှင့် Debit Card အသုံးပြုမှု နည်းပါးပြီး ငွေသားအများအပြား ကိုင်ဆောင်လေ့ရှိသည့် အာရှနိုင်ငံသားများကို ပိုမိုပစ်မှတ်ထားကာ ခိုးယူလေ့ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့သည် ရဲတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ထားပြီး လိမ်လည်မှုများ ပြုလုပ်နေကြပါကြောင်း၊ ၎င်းတို့သည် ဗြိတိန်နိုင်ငံသို့ လာရောက်အခြေချ နေထိုင်သည့် တတိယနိုင်ငံများမှ ဒုက္ခသည်အမည်ခံသူများဖြစ်ပြီး လူစည်ကားရာ နေရာများတွင် အုပ်စုဖွဲ့နေထိုင်ပြီး အလစ်သုတ်ခြင်း၊ ခါးပိုက်နှိုက်ခြင်း၊ လူသွားလူလာပြတ်သော နေရာများ၌ ရပ်နားထားသည့် မော်တော်ယာဉ်များအား မှန်ရိုက်ခွဲ၍ အတွင်းရှိ အဖိုးတန်ပစ္စည်းများအား နှိုက်ယူခြင်းနှင့် ခေတ်မီနည်းစနစ်သုံး ကားသော့အတုများဖြင့် မော်တော်ယာဉ်များ ခိုးယူခြင်းများလည်း ရှိနေပါကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ ဥရောပနိုင်ငံများသို့ ခရီးသွားလာကြမည့် မြန်မာနိုင်ငံသားများ သတိပြုရမည့် အချက်များအား သိရှိနိုင်ပါရန် ထုတ်ပြန်အသိပေးအပ်ပါသည်။