COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ၏ စေတနာ့ဝန်ထမ်း (Volunteer) အစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုသူများသို့ အသိပေး နှိုးဆော်ခြင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 30, 2020


COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်မှာ ပြည်သူ လူထု၏ဝိုင်းဝန်းပူးပေါင်း ကူညီစောင့်ရှောက်ပေးမှု ဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်းအစီအစဉ် (Community Based Facility Quarantine) ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ရောဂါပိုးကူးစက်သူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ၊ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ သူများသည် Community Based Facility Quarantine ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်တွင် ပါဝင်ရမည့်သူများဖြစ်ပါသည်။ မိမိတို့တွင် ရောဂါလက္ခဏာပြသခြင်း မရှိသော်လည်း ရောဂါပိုး ကို သယ်ဆောင်သူဖြစ်နေနိုင်ခြင်းကြောင့် အခြားသူများသို့ ပြန့်ပွားခြင်း မရှိစေရန် ရောဂါပျိုး ချိန် (၂၈) ရက်တာ ကာလအတွင်း စောင့်ကြည့် စောင့်ရှောက်မှု ခံယူရခြင်းဖြစ်ပါသည်။ ဤ အစီအစဉ်တွင် (၂၁) ရက် ပြီးမြောက်ပါက မိမိ၏နေအိမ်တွင် (၇) ရက်ထပ်မံ၍ Home Quarantine ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။

Community Based Facility Quarantine လုပ်ငန်းစဉ်အတွင်း ပါဝင်သူများအတွက် လိုအပ် သော စောင့်ရှောက်ကူညီမှုများကို စနစ်တကျ လေ့ကျင့်ထားသော စေတနာ့ဝန်ထမ်း (Volunteer) များက ပံ့ပိုးကူညီရမည် ဖြစ်ပါသည်။ အစီအစဉ်တွင် သတ်မှတ်လုပ်ငန်းစဉ်နှင့် သတ်မှတ်ကာလအရ ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းသည် မိမိဒေသရှိ Community Based Facility Quarantine Center တွင် လိုအပ်ချက်အလိုက်၊ မိမိပါဝင်ဆောင်ရွက်နိုင်သည့် အတိုင်းအတာအလိုက် အတွင်းစည်း (သို့မဟုတ်) အပြင်စည်းတွင် နေ့စဉ် လုပ်ငန်းတာဝန် များကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလ (၂၁) ရက် ပြည့်အောင် ပါဝင်ကူညီဆောင်ရွက် ပေးနိုင်ရမည်ဖြစ်ပြီး ထပ်မံ၍ (၇) ရက်ကို သတ်မှတ်ပေး ထားသော နားနေရန်နေရာတွင် အနားယူ အပန်းဖြေနေထိုင်ခြင်းပြုရမည်ဖြစ်ပြီး စုစုပေါင်း (၂၈) ရက်အပြည့် အနည်းဆုံး (၁)ကြိမ်ဆောင်ရွက်ရန် ဖြစ်သည်။ မိမိ၏ ဆန္ဒအရ တစ်ကြိမ်ထက်ပိုပြီး ဆက်လက်၍ ပါဝင်ဆောင်ရွက် နိုင်ပါသည်။

စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် မိမိ၏အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံဉာဏ် စသည်များကို အခကြေးငွေမယူဘဲ ဤလုပ်ငန်းစဉ်တွင် သတ်မှတ်အချိန်ကာလအပြည့် မိမိတစ်ဦး ချင်းအနေဖြင့် ဆန္ဒအရပါဝင်ရန် ကြိုဆိုဖိတ်ခေါ် အပ်ပါသည်။ လက်ရှိသက်ဆိုင်ရာ ‌ ဒေသအလိုက် Community Based Facility Quarantine Center များ၌ စေတနာ့ဝန်ထမ်း (Volunteer) များအဖြစ် ဆောင်ရွက်လျက်ရှိသူများကိုလည်း စာရင်း ကောက်ယူမှတ်တမ်းတင် လျက် ရှိပါသည်။

ပါဝင်ဆောင်ရွက်ကြမည့် စေတနာ့ဝန်ထမ်း များအတွက် လိုအပ်သော သင်တန်းများပေးခြင်း၊ လုံခြုံရေးအကာအကွယ်များ ဆောင်ရွက်ပေးခြင်း၊ အနေအထိုင်၊ အစားအသောက်၊ အသွား အလာ ကိစ္စများအတွက် စနစ်တကျ ပံ့ပိုးကူညီခြင်း၊ လုံလောက်သောအနားယူ အပန်းဖြေမှု ရရှိစေခြင်းနှင့် နိုင်ငံတော်က အသိအမှတ်ပြုခြင်းများ ဆောင်ရွက်ပေးလို၍ အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့ (National Volunteer Steering Unit) ကို ဖွဲ့စည်း ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

ဤစေတနာ့ဝန်ထမ်း (Volunteer)အစီအစဉ် တွင် သတ်မှတ်လုပ်ငန်းစဉ်နှင့် သတ်မှတ်ကာလ အတွင်း ပါဝင်လိုသူများအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ Facebook စာမျက်နှာဖြစ်သော Ministry of Social Welfare, Relief and Resettlement Myanmar သို့ ဝင်ရောက်၍ သတ်မှတ်ထားသော Volunteer Registration ပုံစံကို ဖြည့်စွက်ပြီး (၅-၅-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီ နောက်ဆုံးထား စာရင်းပေးသွင်း ကြရန် နှိုးဆော်အပ်ပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြည်သူ လူထုအတွက် ယခု COVID-19 ကာလအတွင်း ထိရောက်စွာ ကူညီပံ့ပိုးဆောင်ရွက်ပေးနေကြသော ပရဟိတအသင်းများ၊ ပရဟိတသမားများ အားလုံးကိုလည်း အထူးကျေးဇူးတင်ဂုဏ်ယူပါသည်။ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြ ရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန