နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ခေါ်ယူ၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် စတင်ရေးနှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ထိန်းသိမ်းထားသော ရဲတပ်သားအား ပြန်လည်လွှဲပြောင်းရေးကိစ္စရပ်များ ပြောကြား


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / February 21, 2019


(၂၁-၂-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury အား ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က သံအမတ်ကြီးအား မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ရရှိထားသော သဘောတူညီချက်များနှင့်အညီ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆောလျင်စွာ စတင်ရေးအတွက် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group) ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ဒုတိယလဝက်ကာလတွင် နေပြည်တော်၌ ကျင်းပရန် အဆိုပြုခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ်၊ ဇွန်လအတွင်းက မြန်မာနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ရောက်ရှိခဲ့သော ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးအား နှစ်နိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့များ၏ အလံတင်အစည်းအဝေး ပြုလုပ်၍ မြန်မာဘက်မှ (၈)ရက်အတွင်း ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းအစဉ်အလာနှင့်အညီ မကြာသေးမီက ဘင်္ဂလားဒေ့ရှ်ဘက်မှ ထိန်းသိမ်းထား သော မြန်မာနိုင်ငံ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား အောင်ဘိုဘိုသိန်းအား ဆောလျင်စွာ ပြန်လည် လွှဲပြောင်းပေးစေလိုကြောင်း အသိပေးပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် အဆိုပါ ရဲတပ်သားအား ဥပဒေကြောင်းအရ မည်သည့်အရေးယူမှုမျှ ပြုလုပ်သွားမည် မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းလုပ်ငန်းစဉ်များနှင့် အညီ လိုအပ်သည်များ ဆောင်ရွက်ပြီးပါက မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းသွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။