ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ဦးစီးဆောင်ရွက်သည့် UNESCO သို့တင်သွင်းမည့် ကရင်ရိုးရာဒုံးအကနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ဦးစီးဆောင်ရွက်သည့် UNESCO သို့တင်သွင်းမည့် ကရင်ရိုးရာဒုံးအကနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 03, 2020
image_latest


ဘားအံ ဒီဇင်ဘာ ၃

ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကိုယ်တိုင် ဦးစီးဆောင်ရွက်လျက်ရှိရာ UNESCO သို့ တင်သွင်းရန် အဆိုပြု ထားသော ကရင်ရိုးရာဒုံးအကနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ လုပ်ငန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆရာတော်၊ သံဃာတော်ကြီးများ၊ ပြည်နယ်အဆင့်အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင် ရေးလုပ်ငန်းကော်မတီဝင်များ၊ကရင်ရိုးရာဒုံးအကပညာရှင်များ၊ သုတေသနလုပ်ငန်းဆိုင်ရာဆပ်ကော်မတီများတက်ရောက် ခဲ့ကြသည်။ ရှေ့ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အဆင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့် တင်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ဘားအံဌာနခွဲ) ပြည်နယ်တာဝန်ခံက UNESCO သို့တင်သွင်းရန် အဆိုပြုထားသည့် ကရင်ရိုးရာဒုံးအကနှင့်ပတ်သက်၍ လုပ်ငန်းအခြေအနေများကို လည်ကောင်း၊ စိစစ်ရေးပညာရှင် ဘားအံတက္ကသိုလ်၊ သမိုင်းဌာနမှ ကထိကမှ သုတေသနဆိုင်ရာများကိုလည်ကောင်း၊ ကရင်ရိုးရာဒုံးအကပညာရှင်အဖွဲ့ ခေါင်းဆောင်က သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်ကောင်း၊ ကရင်ရိုးရာဒုံးအက ကကြိုးကကွက်သုတေသန အဖွဲ့ခေါင်းဆောင် ၊တေးအလင်္ကာသုတေသနအဖွဲ့ခေါင်းဆောင်၊ တူရိယာသုတေသနအဖွဲ့ခေါင်းဆောင်၊ ရိုးရာသင်တိုင်း အဆင်သုတေသနအဖွဲ့ခေါင်းဆောင်၊ ဓါတ်ပုံ၊ဗီဒီယိုမှတ်တမ်းအဖွဲ့ခေါင်းဆောင်၊ စာပေယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင် တို့က ၎င်းတို့ဆောင်ရွက်နေသော သုတေသနလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ကြကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားသည်။

ကရင်ရိုးရာဒုံးအကကို UNESCO သို့တင်သွင်းရန် ဇွန်လခန့်က ရွေးချယ်ဆုံးဖြတ်ခဲ့ပြီး သုတေသနလုပ်ငန်း ၅ ခု ခွဲ၍ ဆောင်ရွက်လျက်ရှိရာ ဒုံးအကနှင့်ပတ်သက်၍ ကိုးကားနိုင်လောက်သည့် ကျမ်းတစ်စောင်ဖြစ်ဖို့အတွက်ပါ ရည်ရွယ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကွင်းဆင်းသုတေသနလုပ်ငန်းများကို ကရင်ဒုံးအက ပညာရှင်များနှင့် စိစစ်ရေးပညာရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ UNESCO Form အတွက် လိုအပ်သည့်မူကြမ်းကို ရေးသွင်းပြီးဖြစ် သော်လည်း ပြင်ဆင်ဖြည့်စွက်မှုများဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဆရာတော်၊ သံဃာတော်များ၊ စာပေယဉ်ကျေးမှုအဖွဲ့များ၊ ဒုံးအကနည်းပြဆရာများ၊ ကရင်တိုင်းရင်းသားများနှင့်ပြည်သူများ၏ ထောက်ခံချက်ရရှိရန် လိုအပ်နေသေးကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းခန့်တွင် UNESCO Form ကို အချောသတ် ထပ်မံရေးသွင်းသွားမည်ဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တင်သွင်းလာသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များကို အမျိုးသားအဆင့်ဗဟိုကော်မတီအစည်းအဝေးတွင် ပြန်လည်ရွေးချယ်ဆုံးဖြတ်၍ UNESCO သို့တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါလုပ်ငန်းဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

HOT NEWS
January 4,