ကိုဗစ် ကာကွယ်ဆေး ရရှိလာနိုင်မှု အခြေအနေအမျိုးအမျိုးအပေါ် မူတည်၍ စနစ်တကျ ခွဲဝေထိုးနှံနိုင်ရေး သဏ္ဍာန်တူစားပွဲတင်လေ့ကျင့် ကြိုတင်ပြင်ဆင်

ကိုဗစ် ကာကွယ်ဆေး ရရှိလာနိုင်မှု အခြေအနေအမျိုးအမျိုးအပေါ် မူတည်၍ စနစ်တကျ ခွဲဝေထိုးနှံနိုင်ရေး သဏ္ဍာန်တူစားပွဲတင်လေ့ကျင့် ကြိုတင်ပြင်ဆင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 13, 2021
image_latest


နေပြည်တော် ဇန်နဝါရီ  ၁၃

ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိလာနိုင်မှုအခြေအနေ အမျိုးအမျိုးအပေါ်မူတည်၍ စနစ်တကျခွဲဝေ ထိုးနှံနိုင်ရေး သဏ္ဍာန်တူစားပွဲတင်လေ့ကျင့် ကြိုတင်ပြင်ဆင်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သဏ္ဍာန်တူစားပွဲတင် လေ့ကျင့်ခြင်း (tabletop exercise) မှာ ပြည်သူ့ ကျန်းမာရေးကဏ္ဍ၌ ကြီးမားသောကိစ္စရပ် အသစ်တစ်ခုခုကို မပြုလုပ်ခင် ကြိုတင်လေ့ကျင့် ပြုလုပ်ရသည့် အလေ့အထတစ်ခု ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း ကိစ္စရပ်မှာ ယခင် ဆယ်စုနှစ်ပေါင်းများစွာ ကာကွယ်ဆေးထိုးနှံနေသည့် စီမံချက်နှင့်မတူညီဘဲ ခြားနား သည့် အချက်များစွာ ရှိပါကြောင်း။

သို့ဖြစ်၍ အသုတ်လိုက်ရရှိလာမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တွင် ရရှိမည့်ပမာဏ အပေါ်မူတည်၍ လည်းကောင်း၊ အချိန်အပိုင်း အခြားအလိုက်ရရှိမှု အပေါ်မူတည်၍လည်းကောင်း၊ ရရှိလာမည့် ကာကွယ်ဆေး အမျိုးအစားအပေါ် မူတည်၍လည်းကောင်း အခြေအနေ အမျိုးမျိုးအတွက် သဏ္ဍာန်တူ စားပွဲတင်လေ့ကျင့်ခန်း ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ကာကွယ်ဆေးမရရှိမီ အချိန်ကာလတွင် ဗဟိုအဆင့်၌ သဏ္ဍာန်တူလေ့ကျင့်ခန်း အနည်းဆုံး (၃) ကြိမ်ခန့်ပြုလုပ်ပြီး လိုအပ်သည်များကို ပြင်ဆင်ခြင်း၊ မွမ်းမံ အချောသတ်ခြင်းများ ပြုလုပ်မည် ဖြစ်ပါကြောင်း၊ အလားတူ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌လည်း အနည်းဆုံး တစ်ကြိမ်ခန့် ပြုလုပ်မည်ဟု လျာထားပါကြောင်း၊ သဏ္ဍာန်တူလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း ကဏ္ဍအရပ်ရပ်၌ လိုအပ်ချက် အမျိုးမျိုးကို ကြိုတင်သိရှိနိုင်ကာ ဖြည့်ဆည်းပေးမည် ဖြစ်ပါ ကြောင်း။

ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံးနှင့် အကောင်းဆုံးပြင်ဆင်ထားသော်လည်း မထင်မှတ် သောအခြေအနေ အကြောင်းအချက်များ ပေါ်ပေါက်လာနိုင်သဖြင့် ထိုမထင်မှတ်သော အကြောင်းအချက်များကိုလည်း ကြိုတင်စဉ်းစားကာ တက်ရောက်လာကြသူများက ဖော်ထုတ် ၍ အကြံပြု ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊ ကာကွယ်ဆေး အရည်အသွေးဆန်းစစ်မှု ဆိုင်ရာ၊ အလှူရှင်များနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်ဆိုင်ရာ၊ ကာကွယ်ဆေး ပံ့ပိုးဖြန့်ဝေမှုဆိုင်ရာ၊ ကပ်ရောဂါဗေဒနှင့် အခြေအနေ အရပ်ရပ်ကို ဆန်းစစ် သုံးသပ်ခြင်းဆိုင်ရာနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း ဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများမှ တာဝန်ရှိသူများ က မြန်မာနိုင်ငံအတွက် အသုတ်လိုက်ရရှိလာနိုင်ချေရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အရေ အတွက် ပမာဏ၊ ကာကွယ်ဆေး အမျိုးအစား၊ ကာကွယ်ဆေး အမျိုးအစားအလိုက် အအေးလမ်းကြောင်းမပျက် သိုလှောင်ရမည့် အခြေအနေ အမျိုးမျိုးတို့ အပေါ်မူတည်၍ ဦးစားပေးလူအုပ်စုများရွေးချယ် ထိုးနှံသွားမည့် အစီအစဉ်၊ ကျန်းမာရေးဝန်ထမ်းများနှင့် အသက် (၆၅) နှစ်အထက် ပြည်သူများအား ပထမဦးစားပေး လူအုပ်စု အဖြစ် ရွေးချယ်သတ်မှတ်ထားမှု၊ ပုံမှန်အအေး လမ်းကြောင်းဖြင့် သိုလှောင်ထိန်းသိမ်းရမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစား ရရှိပါက သိုလှောင်ဖြန့်ဖြူးမည့် အစီအစဉ်၊ အလွန်အမင်းအေးသော အအေး လမ်းကြောင်းသိုလှောင်မှု (အနုတ် ၇၀ ဒီဂရီ စင်တီဂရိတ်) (ultra-cold chain storage) လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားရရှိပါက အအေးလမ်း ကြောင်း မပျက်စေဘဲ ထိုးနှံမည့်နေရာသို့ အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ သိုလှောင် ဖြန့်ဖြူးမည့် အခြေအနေနှင့် ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်၊ အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု လိုသည့် ကာကွယ်ဆေး အမျိုးအစားအတွက် တိုင်းဒေသကြီး/ ပြည်နယ် ကာကွယ်ဆေး အအေးခန်းများသို့ ကုန်းလမ်း ခရီး (သို့မဟုတ်) လေကြောင်းခရီးဖြင့် (၂၄) အတွင်း အရောက်ပို့မည့် အစီအစဉ်၊ မတူညီသော အအေးလမ်းကြောင်းစနစ်လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားများ ပြိုင်တူရောက်ရှိလာပါက ဆောင်ရွက်ရမည့် အစီအစဉ်၊ စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေး သတင်းစနစ် (DHIS - 2) ကို အသုံးပြုကာ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် လူအုပ်စုအလိုက် လူဦးရေစာရင်း ကြိုတင်စာရင်းသွင်း မှတ်ပုံတင်ခြင်း ဆောင်ရွက် မည့် အစီအစဉ်၊ ပြည်သူလူထုထံသို့ ရရှိလာမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားအလိုက် ကာကွယ်ဆေးဆိုင်ရာ အချက်များ၊ ထိုးနှံရမည့် အကြိမ်ရေ၊ သတိပြုလိုက်နာရမည့် အချက်များစသည့် သိသင့်သိထိုက်သော အချက်များ အသိပေးဆက်သွယ်ဖြန့်ဝေမည့် အစီအစဉ်၊ ကာကွယ် ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ်များ (Adverse event following immunization) စောင့်ကြပ်ကြည့်ရှုခြင်း (AEFI Surveillance) လုပ်ဆောင်မည့် အစီအစဉ်၊ ကိုဗစ်-၁၉ ကာကွယ် ဆေး လက်တွေ့ထိုးနှံရာ၌ အထွေထွေကုန်ကျမည့် ခန့်မှန်းစရိတ်များ စသည့်အချက်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားမှုနှင့် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးရောက်ရှိလာသည့်အခါ ထိုသို့ကြိုတင် ပြင်ဆင် သတ်မှတ်ချက် အစီအစဉ်များ အတိုင်း အမြန်ဆုံး သယ်ယူပို့ဆောင် ထိုးနှံနိုင်ရေးကိစ္စရပ်များကို ရှင်းလင်းတင် ပြကြသည်။

ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သက်ဆိုင်ရာ ကာကွယ်ဆေး အမျိုးအစားအလိုက် သတ်မှတ်အအေးလမ်းကြောင်းအတိုင်း အမြန်ဆုံး ဖြန့်ဖြူးထိုးနှံနိုင်ရေးသည် အဓိကျပါကြောင်း၊ ကာကွယ်ဆေး ထိုးစီမံချက်တစ်ခုလုံး၏ အောင်မြင်မှု ရရှိစေရန် အဓိက အချက်မှာ စီမံခန့်ခွဲမှုအပိုင်းကို ပိုမိုပီပြင်ရေး ဆောင်ရွက်ရန်နှင့် အချိန်နှင့် တပြေးညီ ဆုံးဖြတ်ချက်များပေးရမည် ဆိုသောအချက် ဖြစ်ပါကြောင်း၊ ယနေ့ တင်ပြချက်များ အပေါ်မူတည်၍ ကျွမ်းကျင်မှု ပိုင်းဆိုင်ရာ အဖွဲ့နှင့် ယခင်ဖွဲ့ထားသော လုပ်ငန်း အဖွဲ့များကို လိုအပ်သလို ပြန်လည်သုံးသပ်ကာ ပြန်လည်ဖွဲ့စည်း သွားမည်ဖြစ်ပါကြောင်း၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ် အဖွဲ့များ ချိတ်ဆက်မှုသည် အရေးကြီးပြီး ချိန်သားကိုက် လုပ်ဆောင်နိုင်ရန် မိမိတို့ကြိုးစားရမည်ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း သဏ္ဍာန်တူ စားပွဲတင်လေ့ကျင့်ခန်းကို ကြိုတင်လုပ်ဆောင် ထားသော်ငြားလည်း ဖြစ်ပေါ်ပြောင်းလဲ လာမည့် အခြေအနေအရပ်ရပ်ကို ကြိုတင် မသိရှိနိုင်သည့်အတွက် ကာကွယ်ဆေးထိုးနှံနေသည့် အချိန်ကာလ၌ပင် မိမိတို့သည် လုပ်ငန်း များကို အချိန်နှင့်တစ်ပြေးညီ အမြဲတမ်း မျက်ခြေမပြတ် သုံးသပ်၍ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (CNCC) သို့ ချက်ချင်းသတင်းပို့ ရမည်ဖြစ်ပြီး ကော်မတီမှလည်း ချက်ချင်းတုံ့ပြန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်  ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ကာကွယ်ဆေး အသစ်ဖြစ်သည့်အပြင် ထုတ်လုပ်မှု နည်းပညာ မှာလည်း အသစ်ဖြစ်သည့်အတွက် ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ်များ (Adverse event following immunization) ကို အထူးသတိပြုစောင့်ကြပ်ကြည့်ရှု ရမည်ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကာကွယ်ဆေး ရောက်ရှိလာပြီးနောက် ဗဟိုမှ တိုင်းဒေသကြီး/ ပြည်နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ခရိုင်/ မြို့နယ်တို့သို့ သက်ဆိုင်ရာ အအေးလမ်းကြောင်းမပျက် အမြန်ဆုံး ဖြန့်ဖြူး ထိုးနှံနိုင်ရေး အတွက် သဏ္ဍာန်တူကြိုတင်ပြင်ဆင်မှု လေ့ကျင့်ခန်းငယ်များ လုပ်ဆောင်ထားရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစား အလိုက် ဖြန့်ဖြူးမည့် လမ်းကြောင်းနှင့် သယ်ပို့မည့် ယာဉ်အမျိုးအစား၊ အစီအစဉ်တို့ကို သေချာစွာသတ်မှတ်ထားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ပြင်ဆင် ထားရှိရမည့် အသေးစိတ်အချက်အလက်စာရင်းကို ဗဟိုအဆင့်မှ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများသို့ ပေးပို့ရမည်ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့် ဆေးရုံ/နေရာများကို သေချာစွာရွေးချယ် သတ်မှတ်ပြင်ဆင်ထားရမည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် ပါဝင်မည့် ကျန်းမာရေး ဝန်ထမ်းများကို ရက်ပိုင်းအတွင်းလေ့ကျင့်ပေးမည်ဟု သိရှိရသည့် အတွက် ကောင်းမွန်ပါကြောင်း၊ ဗဟိုအဆင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ကာကွယ်ဆေး တာဝန်ခံများအကြား ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ သတင်း ချက်အလက်များကို ဖလှယ်မျှဝေ နိုင်ရေး အီးမေးလ်ဖြင့် အမြဲမပြတ် ချိတ်ဆက်ရမည် ဖြစ်ပါကြောင်း။

အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားများ ဆေးအာနိသင် မပျက်စေရေးအတွက် သယ်ယူပို့ဆောင်မှု မနှောင့်နှေး စေဘဲ သက်ဆိုင်ရာနေရာသို့ ရောက်ရှိရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ အသေးစိတ် ကြိုတင်ပြင်ဆင်မည်ဟု သိရှိရသဖြင့် ကောင်းမွန်ပါကြောင်း၊ မိမိတို့အားလုံး ပေါင်းစပ်၍ မြန်မာနိုင်ငံပြည်သူများ အမြန်ဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် ကြိုးပမ်း လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာကြသော တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး များက ဦးစားပေးအုပ်စုများကို မည်သည့်အချက် ပေါ်မူတည် စဉ်းစားဆုံးဖြတ်သည်ကို ပြည်သူများထံ ကြိုတင်အသိပေးရှင်းလင်း ပြောကြား ထားရန် အရေးကြီးမှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေး သယ်ယူပို့ဆောင်ခြင်း၊ နေရာသတ်မှတ် ထိုးနှံခြင်းတို့တွင် လုံခြုံရေးကိစ္စကိုလည်း ထည့်သွင်း စဉ်းစားရန်လိုအပ်မှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့် လူအုပ်စုအလိုက် လူဦးရေစာရင်း ကြိုတင်စာရင်းသွင်း မှတ်ပုံတင်ခြင်းအား ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိလာနိုင်မှု အခြေအနေ အမျိုးအမျိုးအပေါ်မူတည်၍ စနစ်တကျ ခွဲဝေထိုးနှံနိုင်ရေးအတွက် ရှုထောင့်အမျိုးမျိုးမှ သုံးသပ် ဆွေးနွေးတင်ပြကြသည်။

အဆိုပါ ကြိုတင်ပြင်ဆင်ခြင်း အစီအစဉ်သို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) နှင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းအဖွဲ့ (COVAX National Technical Working Group-CTWG) တို့မှ အဖွဲ့ဝင်များနှင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,