ကိုဗစ်-၁၉ စိန်ခေါ်မှုနှင့် မြန်မာ့ရုပ်ရှင်

ကိုဗစ်-၁၉ စိန်ခေါ်မှုနှင့် မြန်မာ့ရုပ်ရှင်


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 06, 2020
image_latest


ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခံစားရမှုအားလုံး၏ ထက်ဝက်ခန့်ရှိပမာဏကို အမေရိကန်နှင့် ဗြိတိန် နိုင်ငံတို့ ကြုံတွေ့နေရ သည်။ ထိုသို့ကြုံတွေ့နေသော်လည်း ဖြစ်ပေါ်နေမှုများကိုရင်ဆိုင်ကျော်လွှား တုံ့ပြန်လှုပ်ရှား နေကြသည်။ ရောဂါဖြစ်ပွားမှုကို အဆိုးရွားဆုံး ကြုံတွေ့ နေရသော်လည်း စိတ်မပျက်၊ အားမလျှော့ဘဲ ရောဂါကို ကြံ့ကြံ့ခံရင်ဆိုင်ခုခံ ရင်း မိမိနိုင်ငံထိခိုက်မှုလျော့နည်းအောင်၊ စီးပွားရေးမပြိုလဲအောင် ကြိုးပမ်း ဆောင်ရွက်နေ သည်ကို တွေ့ရသည်။ ။

ကိုဗစ်-၁၉ ရောဂါသည် ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း ကိစ္စများအား ဆောင်ရွက်ခြင်းဖြင့် မပြီးဆုံးသေးပေ။ ကိုဗစ်-၁၉ ရောဂါကြောင့် နောက်ဆက်တွဲ စီးပွားရေး၊ လူမှုရေးဂယက်ရိုက်ခတ်မှုများကို လည်း ရင်ဆိုင်ကျော်လွှားကြရ ပေဦးမည်။ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ အချိန်ကြာမြင့်လာသည်နှင့်အမျှ လူမှုစီးပွားထိခိုက်မှု ပိုမို မြင့်မားလာမည်ဖြစ်၍ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက နည်းလမ်းရှာကြံကာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် နေကြသည်ကိုတွေ့ရသည်။ ကပ်ရောဂါနှင့်အတူ ဖြစ်ထွန်းပေါ်ပေါက်လာသည့် လူမှုဘဝအခြေအနေသစ် များနှင့် လိုက်လျောညီထွေဖြစ်အောင် သတိထားဆင်ခြင် ပြုပြင်ပြင်ဆင် နေထိုင်လုပ်ကိုင်သွားကြခြင်းဖြင့် ရှေ့သို့တက်လှမ်းကြရ မည် ဖြစ်သည်။

ကိုဗစ်-၁၉ကိုရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် ကဏ္ဍများအနက် ရုပ်ရှင်ကဏ္ဍသည် အခက်ခဲဆုံး ကဏ္ဍတစ်ခုဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူစုလူဝေး လူအများနှင့် ပတ်သက်လုပ်ကိုင်ရသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်နေသောကြောင့်တည်း။ ရုပ်ရှင်ရိုက်ကူးရေးနှင့် ပြသရေးမှာ အပြန်အလှန်အမှီ သဟဲပြုနေသည်။ အဓိကအချက်မှာ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ပြသနိုင်သော အခြေ အနေရှိမှသာ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းများလည်း ရှင်သန် နိုင်မည်ဖြစ်၍ ထိုအချက်ကို သက်ဆိုင်ရာတို့က အလေးအနက်ထား စဉ်းစား ကြံဆ လုပ်ကိုင်နေပြီ ဖြစ်သည်။

ယခုကပ်ရောဂါသည် ကမ္ဘာပေါ်တွင် မကြုံဖူးသေးသည့် ကပ်ရောဂါ ဖြစ်သည့်အတွက် ရောဂါကာကွယ်ဆေး လည်းမပေါ်သေး။ မည်သည့်အချိန် တွင် ထိုကပ်ရောဂါမှ လွတ်မြောက်နိုင်မည်ကို မခန့်မှန်းနိုင်သေးပေ။ မြန်မာ နိုင်ငံအနေဖြင့် ရောဂါဖြစ်ပွားမှု ဆိုးဆိုးရွားရွားမရှိသော်လည်း မြန်မာနိုင်ငံ တွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြု လူနာများ၏ ၅၆ ရာခိုင်နှုန်းသည်

ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြသသူများဖြစ်နေသောကြောင့် လူများ စုဝေးမိပါက ရောဂါကူးစက်နိုင်မည့် အခွင့်အလမ်း များနေသည်ကို သတိ ထားနေရပေသည်။

ယခုအခါ ပြည်ပမှရောက်ရှိလာသူများမှလွဲ၍ ပြည်တွင်း၌ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိသလောက်ဖြစ်ရာ ရောဂါ ဖြစ်ပွားမှု ပပျောက်သွားရေး ကြိုးပမ်းဆောင်ရွက်ရင်း တစ်ဖက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ လမ်းညွှန်မှာကြားထားသည့်အချက်များကို လေးစားလိုက်နာပြီး မိမိတို့၏ ဆောင်ရွက်ဖွယ်ရာလုပ်ငန်းများကို အခြေ အနေပေးလာသည့် အလျောက် တိုးတက်ကြိုးပမ်းဆောင်ရွက်သင့်ကြပေသည်။ လိုက်နာရန် အချက်များကို တိတိကျကျ လိုက်နာပြီး မိမိပတ်ဝန်းကျင်ကို မိမိတို့ကိုယ်တိုင် သတိမူလုပ်ကိုင်ဆောင်ရွက်ကြပါက ဖြစ်နိုင်လောက်သည့် အခြေအနေ ရှိမည်ဟု မျှော်လင့်ပါသည်။

ယနေ့အချိန်ကာလတွင် ရရှိထားပြီး အခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်း၍ ပိုမိုတိုးတက်အောင်ဆောင် ရွက်ကြလျှင် ရှေ့အဖို့ တွင် ယခုထက် အလားအလာကောင်းများရရှိလာမည်ဟု ခန့်မှန်းပါသည်။ ၂၀၂၀ ပြည့်နှစ်သည် မြန်မာ့ရုပ်ရှင် ရာပြည့်ကာလဖြစ်ပြီး နှစ် ၁၀၀ တွင် တစ်ကြိမ်သာ ကြုံကြိုက်ရသဖြင့် လက်လွတ်ခံရန်သင့်မည်မဟုတ်ပေ။ ရုပ်ရှင်ရာပြည့်အခမ်းအနားကို ယခုလာမည့် အောက်တိုဘာလတွင် ပြုလုပ်ရန်ရှိသဖြင့် လက်ရှိဖြစ်ပေါ်တိုးတက်မှုများနှင့် လာမည့်ကာလတွင် တိုးတက်ဖြစ်ထွန်းလာမှုများအပေါ်မူတည်ကာ ကျန်းမာရေးဆိုင်ရာလိုက်နာ ရမည့်အချက်များနှင့် အညီ အတိုင်းအတာတစ်ခုအထိ ပြုလုပ်နိုင်မည်ဟု ယုံကြည်ပါသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်တွင် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်နေချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ရောဂါနှင့်နောက်ဆက် တွဲကြောင့် လုပ်ငန်းစီးပွားအခက်အခဲများကြုံတွေ့ကြရသည်။ အများ ပြည်သူတို့အနေဖြင့် စိုးရိမ်ကြောင့်ကြမှုများ၊ စိတ်ဖိစီးမှုများ၊ စိတ်ဓာတ် ကျဆင်းမှုများ ဖြစ်ပေါ်လာနိုင်သည်။ ယင်းတို့ကို ရုပ်ရှင်အနုပညာ လောက သားများလည်း ခံစားကြရပြီး အနုပညာစွမ်းပကားဖြင့်လည်း ကုစားပေးနိုင် ရန် အသင့်ဖြစ်နေကြသည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ကို စနစ်တကျရင်ဆိုင် ကျော်လွှားကာ ရုပ်ရှင်ရိုက်ကူး၊ ထုတ်လုပ်ပြသနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပြီး မြန်မာ့ရုပ်ရှင်ရာပြည့်သဘင်ကို ဂုဏ်ပြုကြိုဆိုကြ ရမည်ဖြစ်ပါကြောင်း။ ။

 

 

HOT NEWS
January 4,