ဂျင်းနုစိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာမျှဝေခြင်း အခမ်းအနား ကျင်းပ

ဂျင်းနုစိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာမျှဝေခြင်း အခမ်းအနား ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 25, 2021
image_latest


နေပြည်တော် စက်တင်ဘာ ၂၅

ဂျင်းနုစိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာမျှဝေခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း၌ စက်မှုဝန်ကြီးဌာနမှ Virtual  စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၊ ရှမ်းပြည်နယ်မှ ဂျင်းနုစိုက်ပျိုးတောင်သူများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် သတ်မှတ်နေရာအသီးသီးမှ ပါဝင်တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဂျင်းအခြေခံ ဆေးဝါးစားကုန်အဖြစ် အရည်အသွေးမီစွာ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ပါက ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက် သို့ပါ ထိုးဖောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးပညာရှင်၊ ဈေးကွက်ရရှိရေး ပညာရှင်နှင့် အရည်အသွေးမြင့်ထုတ်ကုန် ထုတ်လုပ်ရေးပညာရှင်များ၏ ဆွေးနွေးမှုများကို တောင်သူများအနေဖြင့် မိမိတို့ရဲ့လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချခြင်းဖြင့် မြန်မာနိုင်ငံ၌ ဂျင်းနုစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ဂျင်းနု(သို့မဟုတ်) Export ဂျင်း စိုက်ပျိုးထုတ်လုပ်ခြင်းကို အားပေးကူညီခြင်းဖြင့် ပြည်တွင်း MSME လုပ်ငန်းများ ဝင်ငွေပိုမို ရရှိလာနိုင်မည်ဖြစ်ပြီး လူမှုဘဝတိုးတက် မြင့်မားလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များ ဖြစ်သည့် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေး ကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရေးတို့ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက် နိုင်မည်ဖြစ်သည့်အပြင် တောင်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများလည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ တက်ရောက် လာသည့် တောင်သူများအနေဖြင့် ပညာရှင်များ၏ ဆွေးနွေးမှုများအပေါ် ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးညီညီအောင်က ဂျင်းစိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အထွေထွေအတွင်းရေးမှူးက ဂျင်းနု (သို့မဟုတ်) Export ဂျင်း စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းချမှု၊ ဈေးကွက်ရရှိမှုဆိုင်ရာ သိကောင်း စရာများနှင့် ပတ်သက်၍လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒေါက်တာသဇင်ဟန်က ဂျင်းထုတ်လုပ်မှုဆိုင်ရာ တန်ဖိုးမြှင့် ထုတ်ကုန်များ (Value Added Products)အကြောင်းနှင့် ထုတ်ကုန်အဆင့်ဆင့်ဆိုင်ရာ နည်းစနစ်များ ကိုလည်းကောင်း အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ဘာသာရပ်ကျွမ်းကျင် ပညာရှင်များမှ ပြန်လည်ဖြေကြားပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက MSME လုပ်ငန်းရှင်များ၏ ဆွေးနွေးချက်များအပေါ် ဌာနမှပံ့ပိုးကူညီနိုင်မည့် ကိစ္စရပ်များကို ဖြည့်စွက် ဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)