တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံအသစ်အား တက်ရောက်ဖွင့်လှစ်

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံအသစ်အား တက်ရောက်ဖွင့်လှစ်


ပြန်ကြားရေးဝန်ကြီးဌာန/ ​စစ်ကိုင်း / January 25, 2020
image_latest


မုံရွာ ဇန်နဝါရီ ၂၅

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည်   တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ နံနက်(၉)နာရီက မုံရွာမြို့ သလ္လာမြို့သစ် ဦးပိုင်အမှတ်(၄) ချမ်းမြဝတီရပ်ကွက်ရှိ  တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန  စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံးအဆောက် အအုံအသစ် ဖွင့်ပွဲအခမ်းအနားသို့  တက်ရောက် ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ရုံးအဆောက်အဦအသစ်အား တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကြပြီး အဆိုပါ ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေးကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး ရုံးအဆောက်အဦအသစ် အတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယပိုင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အသီးသီးအမှာစကားပြောကြားခဲ့ကြပြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန တိုင်းရင်းသား အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်က ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ရုံးအဆောက်အအုံ ဆောက်လုပ်ခဲ့မှုအခြေအနေများများအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား အမှတ်တရ လက်ဆောင်ပစ္စည်း များကိုလည်းကောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်ဖျော်ဖြေကပြကြသော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များအား ဂုဏ်ပြု ဆုငွေများကို အသီးသီးလက်ဝယ်အရောက် ပေးအပ်ချီးမြှင်ခဲ့သည်။

အဆိုပါ ရုံးအဆောက်အဦအသစ်သည် အလျား(၈၀)ပေ၊ အနံ(၆၀)ပေ၊အမြင့်(၂၁)ပေ၊ သံကူကွန်ကရစ် (၂)ထပ် အဆောက်အအုံ ဖြစ်ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုငွေကျပ်သန်း (၂၇၉ ဒသမ ၀၀) သန်းဖြင့် ထူးစန္ဒီကုမ္ပဏီမှ တာဝန်ယူအကုန်ကျခံကာ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)

 

HOT NEWS
January 4,