နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လေရှီးမြို့နှင့် လဟယ်မြို့တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မြို့မိမြို့မများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လေရှီးမြို့နှင့် လဟယ်မြို့တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မြို့မိမြို့မများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ လေရှီး / January 14, 2020


လဟယ် ဇန်နဝါရီ ၁၄

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ နိုင်သက်လွင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက် ၇ နာရီခွဲတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာရာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဟုမ္မလင်းလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ တပ်မတော် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြပြီး လေရှီးမြို့သို့ ရောက်ရှိကြရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မျိုးနွယ်စုအကြီး အကဲများနှင့် ဒေသခံတိုင်းရင်းသားများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် လေရှီးမြို့ တောင်ဇလပ်ရိပ်သာ၌ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို တက်ရောက်ရန် လာရောက်စဉ် လေရှီးမြို့သို့ ဝင်ရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲ များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံခွင့်ရသည့်အတွက် အလွန် ဝမ်းမြောက်ပါကြောင်း။

လေရှီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လေရှီးမြို့ရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မြို့မိ မြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များအနေဖြင့် တက်ညီလက်ညီ မိမိတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊

ဤဒေသတွင် တာဝန်ကျသည့် ဝန်ထမ်းများအနေဖြင့် ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စေတနာပါပါဖြင့် မေတ္တာထားပြီး မိမိတာဝန်ကို ကျေပွန် အောင် လုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် ဒေသခံ တိုင်းရင်းသားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ အချင်းချင်းတိုင်ပင်ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် လေရှီးမြို့ မြို့မိမြို့ဖ ဦးချစ်ညိုက လေးရှီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို တင်ပြရာ နိုင်ငံတော်သမ္မတက နိုင်ငံတော်၏ ရသုံးမှန်းခြေ ငွေစာရင်းနှင့် လုပ်ငန်းဦးစားပေး အစီအစဉ်များအရ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဒေသ၏ လိုအပ်ချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ တိုင်းဒေသကြီးအစိုးရမှတစ်ဆင့် တင်ပြသွားရန်လိုအပ် ကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်များဖြင့် လေရှီးမြို့မှ ထွက်ခွာပြီး လဟယ်မြို့သို့ ရောက်ရှိကြရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မျိုးနွယ်စု အကြီး အကဲ များနှင့် ဒေသခံတိုင်းရင်းသားများက ကြိုဆိုနှုတ်ဆက်ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတသည် လဟယ်မြို့ မာလာတောင်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲ များ၊ မြို့မိမြို့မများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို တက်ရောက်ရန် လဟယ်သို့ လာရောက်စဉ်တွင် ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲ များ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊  မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် ဝေးလံခေါင်သီသည့်  နယ်စပ် ဒေသများအားလုံး ဖွံ့ဖြိုးတိုးတက်မှု အကြားအလပ်မရှိအောင် မူဝါဒချမှတ်ပြီး ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးသည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်ခရီး တည်းသွားကြသူများဖြစ်ပါကြောင်း၊ ဘိုးစဉ်ဘောင်ဆက် ရှေးနှစ်ပေါင်းများစွာကတည်းက ချစ်ကြည်ရင်းနှီးစွာ သွေးရင်းသားရင်းများကဲ့သို့ အတူနေထိုင်ခဲ့ကြသူများ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တိုင်းရင်းသား အရေးနှင့်ပတ်သက်လျှင် တိုင်းရင်းသားများ၏ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရှေးထုံးတမ်းအစဉ်အလာများကို ဖွံ့ဖြိုးတိုးတက် စေရန်၊ မြှင့်တင်နိုင်ရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် အပြင် တည်တံ့ခိုင်မြဲစေရေးအတွက် ပြုစုပျိုးထောင်နိုင် အောင် အားပေးမြှင့်တင်လျက်ရှိပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း အားလုံးတည်ငြိမ်အေးချမ်းရန် လိုအပ် ပါကြောင်း၊ တည်ငြိမ်အေးချမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိမှ ဖွံ့ဖြိုးတိုးတက်မှုသည် ထိရောက်မည်ဖြစ်ပါကြောင်း၊ တည်ငြိမ်းအေးချမ်းမှု မရှိသည့်နေရာတွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသော်လည်း ရာနှုန်းပြည့် အကျိုးခံစားခွင့်၊ အကျိုးသက် ရောက်မှု မရရှိနိုင်ပါကြောင်း၊

တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အစိုးရတစ်ခုတည်း လုပ်ဆောင်၍ မရပါကြောင်း၊ အားလုံး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူထားကြသည့် တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဥပဒေပြုရေးမှ လွှတ်တော် ကိုယ်စားလှယ် များအပါအဝင် အဆင့်ဆင့်သော ဝန်ထမ်းများ၊ တရားစီရင်ရေးတွင် တာဝန် ယူထားသည့် ပုဂ္ဂိုလ်များအပါအဝင် တရားရေး ဝန်ထမ်းများအားလုံးက စိတ်စေတနာ ထက်သန်စွာဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

မိမိတို့ ရည်မှန်းထားသည့်၊ အုပ်ချုပ်ရေးပုံစံမှာ နိုင်ငံသူနိုင်ငံသား အားလုံး၊ တိုင်းရင်းသားအားလုံးကို လွတ်လပ်မှုနှင့် လုံခြုံမှုပေးသည့် အုပ်ချုပ်ရေးမျိုးဖြစ်ပါ ကြောင်း၊ တနည်းအားဖြင့်ပြောရလျှင် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုသည့် အုပ်ချုပ်ရေးမျိုး ဖြစ်စေလိုပါကြောင်း၊ ထို့အတူ နိုင်ငံသူနိုင်ငံသားများ၏ မူလအခွင့်အရေး၊ တိုင်းရင်းသားများ၏ မွေးရာပါအခွင့်အရေးကို  ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သည့် အုပ်ချုပ်ရေးပုံစံ ဖြစ်စေလိုပါကြောင်း။

အုပ်ချုပ်ရေးအပိုင်းတွင် တရားမျှတမှုရှိရန် လိုအပ်ပါကြောင်း၊ တရားမျှတမှု မရှိပါက တည်ငြိမ်မှုသည်လည်း မရှိ နိုင်ပါကြောင်း၊ တရားမျှတမှုသည် အားလုံးနှင့်သက်ဆိုင်ပြီး နိုင်ငံသူနိုင်ငံသားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ရသင့်ရထိုက် သည့် အခွင့်အရေးဖြစ်သည့်အပြင် ဒီမိုကရေစီတည်ဆောက်ရေးအတွက်လည်း အခြေခံ ကြပါကြောင်း။

ဥပဒေပြုရေးမဏ္ဍိုင်တွင် တာဝန်ယူကြသည့် သူများအနေဖြင့်လည်း ဥပဒေပြုရာတွင် မိမိတို့ နိုင်ငံ၊ မိမိတို့ ဒေသနှင့် ဆီလျော်သည့် ဥပဒေများပြဋ္ဌာန်းနိုင်ရန် လိုအပ်ပါကြောင်း၊  အခြေအနေ အချိန်အခါအပေါ်မူတည်ပြီး နိုင်ငံသူနိုင်ငံသားများတွက်၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန် ရအောင် ဆောင်ရွက်စေလိုပါကြောင်း။

တရားရေးမဏ္ဍိုင်အနေဖြင့်လည်း တည်ဆဲဥပဒေများအတိုင်း ဆောင်ရွက်သည့် တရားရေးမဏ္ဍိုင်ဖြစ်စေလိုပါကြောင်း၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေအတိုင်း ဆောင် ရွက်စေလိုပါကြောင်း၊ ဥပဒေရှေ့မှောက်ရောက်ရှိလာလျှင် အားလုံးသည် အညီအမျှ ဖြစ်ရ မည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးရှိမှ မိမိတို့နိုင်ငံသည် ဒီမိုကရေစီခိုင်မြဲမည်ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီခိုင်မြဲမှလည်း မိမိတို့ နိုင်ငံသူနိုင်ငံသားများ၏ မွေးရာပါအခွင့်အရေး၊ အခြေအခံ လူ့အခွင့်အရေးများ ရရှိမည်ဖြစ်ပါကြောင်း။

ဝန်ထမ်းများသည် နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းမှ ကျခံသုံးစွဲသည့် လစာနှင့် ချီးမြှင့်ငွေကို ခံစားနေကြသည့်သူများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း တာဝန် ထမ်းဆောင်သည့်အခါ ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်းထက် စေတနာပါပါ မေတ္တာ ထားပြီး ထမ်းဆောင်ပေးကြစေလိုပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ပြည်သူကိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးရမည်ဖြစ်ပါကြောင်း၊ ကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်သည် နှင့်အမျှ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုများစွာ အထောက်အကူဖြစ်မည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအားလုံးကို လုံခြုံမှုနှင့် လွတ်လပ်မှုကို အကာအကွယ်ပေး သည့် အုပ်ချုပ်ရေးပုံစံ ဖြစ်စေလိုပါကြောင်း၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်က တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြော ကြားသည်။

ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်း၊ လဟယ် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နောင်၊ နန်းယွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှ၊ လဟယ်မြို့မိမြို့ဖ ဦးချစ်တင်နှင့် လဟယ်မြို့နယ် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးပေါင်ခုတို့က နာဂဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်ချက်များဖြစ်သည့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့နှင့်စပ်လျဉ်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေး ရန် တင်ပြကြသည်။

နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒေသလိုအပ်ချက်များကို အလေးထားမှတ်သားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဘဏ္ဍာရန်ပုံငွေ ရရှိမှု အပေါ်မူတည်၍ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် လဟယ်မြို့ရှိ နယ်စပ်ရေးရာဝန်ကြီး ဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိရာ သင်တန်းကျောင်းခန်းမ၌ ကျောင်းသား ကျောင်းသူလေး များက ပြည်ထောင်စုအတွက် “ထာဝစဉ်”တေးသီချင်းသီဆို၍ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ညွှန်ကြားရေးမှူး ဦးသောင်းထိုက်က သင်တန်းကျောင်းဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက လမ်းညွှန်အမှာစကားပြောကြားရာတွင် သားတို့ သမီးတို့ အနေဖြင့် အချိန်ရှိခိုက် လုံ့လစိုက်၍ ပထမအရွယ်တွင် ပညာရှာမှီးရန် လိုအပ်ပြီး ဒုတိယအရွယ်တွင် ပညာကိုအမှီပြု၍ ဥစ္စာရှာမှီးနိုင်မည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိစွာ အသုံးချ၍ ကျန်းမာရေးကို လိုက်စားစေလိုကြောင်း၊ လောင်းကစား၊ မူးယစ်ဆေးဝါးများကို ရှောင်ရှားပြီး ဘဝအတွက်ကြိုးစားစေလိုကြောင်း၊ မိမိဘဝ တိုးတက်ရေးအတွက် ကြိုးစား သလို မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် နိုင်ငံတော်သမ္မတက ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများပေးအပ်ပြီး သင်တန်းကျောင်းဝင်းအတွင်းရှိ စာကြည့်တိုက်၊ စားရိပ်သာနှင့် အိပ်ဆောင်များကို  လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ လဟယ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု အသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းအတွင်း ရိုးရာဂျပ်ခုပ်နှင့် စက်ချုပ် သင်တန်းလေ့ကျင့်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် သင်တန်းသူများနှင့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် လဟယ်မြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိ ကာ ဆေးရုံတွင် တက်ရောက်နေသည့် လူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် အာဟာရအစားအစာများကို ပေးအပ်သည်။

(သတင်းစဉ်)

HOT NEWS
January 4,