နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၈-၇-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကမ္ဘာ့အလုပ်အကိုင်ကဏ္ဍဆိုင်ရာ ILO ကမ္ဘာ့ထိပ်သီး အစည်းအဝေးကာလအတွင်း ကျင်းပသည့် ကမ္ဘာ့ခေါင်းဆောင်များနေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၈-၇-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကမ္ဘာ့အလုပ်အကိုင်ကဏ္ဍဆိုင်ရာ ILO ကမ္ဘာ့ထိပ်သီး အစည်းအဝေးကာလအတွင်း ကျင်းပသည့် ကမ္ဘာ့ခေါင်းဆောင်များနေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 08, 2020


သဘာပတိကြီးနှင့် အဆွေတော်များရှင့်၊

ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အလုပ်သမားများအတွက် ယခုလိုစိန်‌ခေါ်မှု အကြီးမားဆုံး ကြုံတွေ့နေရတဲ့ အချိန်မှာ ဒီကမ္ဘာလုံးဆိုင်ရာ ထိပ်သီးညီလာခံကို ကျင်းပနိုင်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကို ကျေးဇူးတင်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ILO အဖွဲ့ကြီးဟာ နှစ် (၁၀၀) ပြည့်သဘင်ကို ဆင်နွှဲနိုင်ခဲ့ပြီး၊ အနာဂတ် အလုပ်အကိုင် လုပ်ငန်းစဉ်အတွက် ရာပြည့်ကြေညာချက်တစ်ရပ်ကို အောင်မြင်စွာချမှတ်နိုင် ခဲ့တဲ့အပေါ် မိမိတို့အားလုံး ဝမ်းမြောက်ဂုဏ်ယူခဲ့ကြပါတယ်။ ဒါပေမယ့် ယခုအခါ ရာပြည့်ကြေညာချက် ချမှတ်ခဲ့ပြီး ၉ လခန့်အကြာမှာ ကမ္ဘာတစ်ဝှမ်းလုံးမှာ မိမိတို့ မျှော်လင့်မထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။

ဒီကပ်ရောဂါအသစ်ဟာ ဆင်းရဲ၊ ချမ်းသာမခွဲခြားဘဲ လူတိုင်းအပေါ် ကူးစက်စေနိုင်သော်လည်း ရောဂါရဲ့ ထိခိုက်သက်ရောက်မှုမှာတော့ ဆင်းရဲနွမ်းပါးသူများနဲ့ ထိခိုက်လွယ်သူများကို ပိုမိုပြင်းထန်စွာ အထိနာစေနိုင်ပါတယ်။ အလုပ်သမားများ၊ အထူးသဖြင့် အမျိုးသမီး အလုပ်သမားများကို အဆိုးရွားဆုံး ထိခိုက်စေတာဖြစ်ပါတယ်။ ဒီကပ်ရောဂါဟာ အရှိန် လျော့ပါးလာတဲ့ လက္ခဏာမပြသေးတဲ့ အတွက်ကြောင့် စီးပွားရေး၊ အလုပ်အကိုင် စျေးကွက်နဲ့ အသက်မွေးမှု လုပ်ငန်းတွေအပေါ် ကပ်ရောဂါရဲ့ သက်ရောက်မှုဟာ ကနဦး အစပိုင်းက မျှော်လင့်ထားတာထက် ပိုမိုပြင်းထန်စွာနဲ့ ပိုမိုကြာရှည်စွာ ထိခိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့အနေနဲ့ အလုပ်သမားများရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန်နဲ့ ၎င်းတို့ရဲ့စီးပွားရေး လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရန်ဆိုတဲ့ မိမိတို့ရဲ့ ရည်မှန်းချက်နှစ်ခုကို ဟန်ချက်ညီ အောင် ထိန်းညှိဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

သဘာပတိကြီးနှင့် အဆွေတော်များရှင့်၊

မြန်မာနိုင်ငံအတွက်တော့ မိမိတို့ရဲ့ ပြည်သူတွေသာလျင် နိုင်ငံရဲ့ အဓိကအင်အား တွေပဲဖြစ်ပါတယ်။ ကိုဗစ်-၁၉ကို တိုက်ဖျက်ရာမှာ မိမိတို့နိုင်ငံရဲ့ အရင်းအမြစ် အကန့်အသတ်ရှိမှုကို ကျော်လွှားနိုင်ဖို့ အတွက် “တစ်နိုင်ငံလုံး ပါဝင်တဲ့ ချဉ်းကပ်မှုပုံစံ” (A Whole-of-Nation Approach) နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ကပ်ရောဂါကို တုံ့ပြန်ရင်ဆိုင်ရာမှာ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာတဲ့ မြန်မာနိုင်ငံရဲ့ထူးခြားချက် ဝိသေသတွေက နိုင်ငံသားတွေရဲ့ ပရဟိတလုပ်အားပေးဖို့ စိတ်အား ထက်သန်မှု၊ ပေးကမ်းစွန့်ကြဲမှု၊ မျှဝေကူညီကြတဲ့ စိတ်ဓာတ်တို့ပဲဖြစ်ပါတယ်။ ကပ်ရောဂါကို တုံ့ပြန်တဲ့နေရာမှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားခဲ့စေရေးအတွက် အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ပြည်တွင်းရွှေ့ပြောင်း သွားလာနေထိုင်သူများနဲ့ ကပ်ရောဂါရဲ့ အကျိုးသက်ရောက်မှုကို ခံစားနေကြရတဲ့ အလုပ်သမားတွေအပါအဝင် ထိလွယ်ခိုက်လွယ်သူအားလုံး လွှမ်းခြုံပါဝင်အောင် ဆောင်ရွက်ခဲ့ပါတယ်။

အကျိုးရလဒ်အနေနဲ့ မြန်မာနိုင်ငံဟာ ယနေ့အချိန်အထိ ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ထား နိုင်ခဲ့ပါတယ်။ ယနေ့အချိန်အထိ ရောဂါကူးစက်ခံရသူ (၃၀၀) ဦးခန့်နှင့် သေဆုံးသူဦးရေ (၆) ဦးသာရှိပါတယ်။ မိမိတို့အနေနဲ့ ပြည်သူ့ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်ရေးနဲ့ ကပ်ရောဂါကြောင့် စီးပွားရေးအပေါ် ထိခိုက်မှုများ လျော့နည်းစေရေးတို့ကို တစ်ပြိုင်နက်တည်း ဟန်ချက်ညီညီဖြစ်စေဖို့ မဇ္ဈိမပဋိပဒါနည်းလမ်းနဲ့ ကိုင်တွယ်ဆောင် ရွက်လျက်ရှိပါတယ်။

ဒီလိုအကျပ်အတည်းကာလမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ လူမှုရေး ကာကွယ်စောင့်ရှောက်မှုမရဘဲ ပြည်ပနိုင်ငံတွေမှာ အခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။ သူတို့တွေဟာ အမိမြန်မာနိုင်ငံရဲ့ အကူအညီပေးမှုကို မျှော်ကိုးလျက်ရှိကြ ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသားများအားလုံးကို ပြန်လည်ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံကို ပြန်လည်ရောက်ရှိလာသူတွေကိုလည်း Quarantine Centre တွေမှာ အစားအသောက်နဲ့ လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ပေးပြီး သူတို့နေအိမ်ကို လုံခြုံစိတ်ချစွာ ပြန်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ နေရပ်ပြန်လာသူတွေရဲ့ လုပ်ငန်းကျွမ်းကျင်မှုကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် မှတ်တမ်းပြုစုထားပြီး ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍများလို အလုပ်သမား လိုအပ်ချက်မြင့်မားသည့် စီမံကိန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနဲ့ ချိတ်ဆက်ပြီး “ဝင်ငွေရရှိရေး အလုပ်အကိုင် ဖန်တီးပေး” (Cash for Work) အစီအစဉ်များကနေတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိပါတယ်။ ရွှေ့ပြောင်း အလုပ်သမားများ ကိစ္စဟာ ILO အဖွဲ့ကြီးအနေနဲ့ ပိုမိုအာရုံစိုက်ဆောင်ရွက်ပေးရမယ့် ကိစ္စရပ်တစ်ခုဖြစ်တယ် လို့ ယုံကြည်ပါတယ်။

သဘာပတိကြီးနှင့် အဆွေတော်များရှင့်၊

မြန်မာနိုင်ငံအနေနဲ့ အလုပ်သမားရေးရာစံနှုန်းများ မြှင့်တင်ရေးအတွက် ILO နဲ့ ပူး ပေါင်းဆောင်ရွက် လျက်ရှိပြီး၊ ILO ရာပြည့်ကြေညာချက်ပါအကြံပြုချက်များ၊ အထူးသဖြင့် အလုပ်သမား အခွင့်အရေးများ အကာအကွယ်ပေးရေးကိစ္စများအား လိုက်ပါဖော်ဆောင် သွားရန် သန္နိဋ္ဌာန်ချပြီး ဖြစ်ပါတယ်။

မကြာသေးမီက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းနဲ့အညီ မြန်မာနိုင်ငံမှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဉပဒေသစ်ကိုပြဋ္ဌာန်းခဲ့ပြီး ကလေးအလုပ်သမား ပြဿနာများ ဖြေရှင်းဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေမယ့် ILO ၏ အနိမ့်ဆုံး အသက်အပိုင်းအခြား ပြဋ္ဌာန်းချက်အမှတ်-၁၃၈ ကို အတည်ပြုပါဝင်ပြီးဖြစ်ပါတယ်။

ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုများကို ဖြေရှင်းရာမှာလည်း ILO က အကြံပြုထားတဲ့ အဓိကမဏ္ဍိုင်လေးခုအပေါ်မှာအခြေခံပြီး မိမိတို့အနေနဲ့ မူဝါဒဆိုင်ရာ တုံ့ပြန်မှုများ ဆောင်ရွက်လျက် ရှိပါတယ်။

ပထမမဏ္ဍိုင်ဖြစ်တဲ့ နိုင်ငံရဲ့စီးပွားရေးနဲ့ အလုပ်အကိုင်ဖွံ့ဖြိုးရေးအတွက် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) ကို ချမှတ်ခဲ့ပါတယ်။ ယင်းအစီအစဉ်မှာ ကပ်ရောဂါ ကြောင့် ဘဏ္ဍာရေး၊ လူမှုရေးနှင့် စီးပွားရေးထိခိုက်မှုများ လျော့နည်းသက်သာစေရေးနဲ့ ထိခိုက်မှု အများဆုံးကဏ္ဍများ၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ချေးငွေထောက်ပံ့ ပေးမယ့် အစီအစဉ်တွေပါဝင်ပါတယ်။

စီးပွားရေးလုပ်ငန်းများအား အထောက်အကူပြုရေးဆိုတဲ့ ဒုတိယမဏ္ဍိုင်အရ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများကို ကုစားနိုင်ဖို့အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး စီးပွားရေးထိခိုက်မှု အများဆုံးခံနေရတဲ့ အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများကို ကူညီပံ့ပိုးပေးဖို့ ကိုဗစ်-၁၉ ရန်ပုံငွေတစ်ရပ်ကို ထူထောင်ပေးခဲ့ပါတယ်။ လူမှုဖူလုံရေး အာမခံထားရှိတဲ့ အလုပ်သမားတွေ အလုပ်အကိုင်ဆုံးရှုံးပါက အစိုးရအနေနဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ထောက်ပံ့ပေးလျက်ရှိပါတယ်။ ပုံမှန်ဝင်ငွေမရှိတဲ့ မိသားစုများကိုလည်း မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားသောက်ကုန်များပံ့ပိုးမှုတွေ၊ ငွေကြေး ထောက်ပံ့မှုတွေ ပြုလုပ်ပေးအပ်ခဲ့ပါတယ်။ ကပ်ရောဂါဟာ ထိခိုက်လွယ်သူများအပေါ် အများဆုံး သက်ရောက်မှု ရှိတဲ့အတွက် အဆိုပါ ထိခိုက်မှုအများဆုံးခံရတဲ့လုပ်ငန်းရဲ့ ကုန်စည်စီးဆင်းမှု ကွင်းဆက်နှင့် ပြည်ပတင်ပို့မှုများကို ထိခိုက်မှုဖြစ်စေမယ့် လုပ်ရပ်မျိုးတွေကို ရှောင်ရှားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

“လုပ်ငန်းခွင်ရှိ အလုပ်သမားများအား အကာအကွယ်ပေးရေး” ဆိုတဲ့ တတိယ မဏ္ဍိုင်အရ လုပ်ငန်း ခွင်များမှာ လိုအပ်သောအစီအမံသစ်များ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရက ညွှန်ကြားချက်များ ထုတ်ပြန်ပေးခဲ့ပါတယ်။ ကပ်ရောဂါကာကွယ်ရေး ဆိုင်ရာ လိုအပ်တဲ့အစီအမံများ ဆောင်ရွက်ထားတဲ့ စက်ရုံ၊ အလုပ်ရုံများကိုသာ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။

စတုတ္တမဏ္ဍိုင်ဖြစ်တဲ့ ကပ်ရောဂါရိုက်ခတ်မှုကို ပူးပေါင်းဆွေးနွေးအဖြေရှာရေးမူအရ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ဆွေးနွေးမှုများ ထိရောက်စွာဆောင်ရွက်ရန် အစိုးရအနေနဲ့ အားပေးဆောင်ရွက်လျက်ရှိပြီး စက်မှုဇုန်အားလုံးမှာ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များစုပေါင်းပြီး ကိုဗစ်-၁၉ ဆိုင်ရာ ပညာပေးအစီအစဉ်များ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ မိမိကိုယ်တိုင်လည်း ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုကျပါဝင်နေကြသူများနဲ့ ဗီဒီယို ကွန်ဖရင့်စနစ်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေး အဖြေရှာမှုများပြုလုပ်ခဲ့ပြီး ဒီလိုတွေ့ဆုံရာမှာ အလုပ်သမားနဲ့ အလုပ်ရှင် ကိုယ်စားလှယ် များလည်း ပါဝင်ခဲ့ပါတယ်။

သဘာပတိကြီးနှင့်အဆွေတော်များရှင့်

မြန်မာနိုင်ငံရဲ့ အလုပ်သမားဈေးကွက်အပေါ် ကိုဗစ်-၁၉ ရဲ့ရိုက်ခတ်မှုနဲ့ပတ်သက်ပြီး သုတေသန ပြုလုပ်နိုင်ရန်နဲ့ အလုပ်သမားများအတွက် လိုအပ်သောသင်တန်းများစီစဉ် ပေးရန် ILO နဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် မိမိတို့နိုင်ငံရဲ့ တုံ့ပြန်ဆောင်ရွက်မှု များအပေါ် ကူညီပံ့ပိုးပေးနေတဲ့အတွက် ILO အဖွဲ့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာမှာသေဆုံးသူအရေအတွက်ဟာ ၅ သိန်းကျော် လာပြီဖြစ်ပြီး အသက်မွေးမှုလုပ်ငန်းများနဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို ထိခိုက်လျက် ရှိပါတယ်။ ဒီအချိန် ကာလဟာ ပူးပေါင်းဆောင်ရွက်မှုတွေကို အမြင့်ဆုံးဆောင်ရွက်ကြရမယ့် အချိန်ဖြစ်ပါတယ်။ ကမ္ဘာမှာ မကြုံဖူးတဲ့ ဒီစိန်ခေါ်မှုကြီးကို ဖြေရှင်းနိုင်ဖို့ အနာဂတ် အလုပ်အကိုင်တွေမှာ ကြုံတွေ့ လာရမယ့် ဘုံစိန်ခေါ်မှုတွေအပေါ် တုံ့ပြန်နိုင်မယ့် လက်တွေ့ ဆောင်ရွက်ချက်တွေ ချမှတ်ပေးနိုင်တဲ့ တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်မှု လိုအပ် နေကြောင်း ပြောကြားလိုပါတယ်။

ကျေးဇူးတင်ပါတယ်။

***

# Myanmar State Counsellor Office

HOT NEWS
January 4,