ပသိရေအားလျှပ်စစ်စက်ရုံ၊ အကြီးစားပြင်ဆင်ခြင်းနှင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် B.O.T စာချုပ်လက်မှတ် ရေးထိုး

ပသိရေအားလျှပ်စစ်စက်ရုံ၊ အကြီးစားပြင်ဆင်ခြင်းနှင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် B.O.T စာချုပ်လက်မှတ် ရေးထိုး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 28, 2021
image_latest


ပဲခူး  ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့ မွန်းလွဲ()နာရီအချိန်က ပသိရေအား လျှပ်စစ်စက်ရုံ၊ အကြီးစားပြင်ဆင်ခြင်းနှင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Ever Source Power Co., Ltd တို့ B.O.T စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပပြလုပ်သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက "အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့သည့် ပသိရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံအား အကြီးစား ပြန်လည် ပြုပြင်၍ အစိုးရ၏ မဟာဓါတ်အားလိုင်းသို့ ပို့လွှတ်ပြီး အနီးပတ်ဝန်းကျင် ကျေးရွာများ လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ရန် ဆောင်ရွက်မှု အပေါ် ကြိုဆိုကြောင်း" စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေက "ကုမ္ပဏီဘက်မှ လိုက်နာဆောင်ရွက်သွားရန်၊ ပြည်ထောင်စုနှင့် ချိတ်ဆက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ အကြံပြုပြောကြားခဲ့ကြောင်း" Ever Source Power Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးသန်းထွေးက "ယုံကြည် စွာ လုပ်ငန်းအပ်နှံမှုပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် လုပ်ငန်းများအား အကောင်းဆုံး၊ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Ever Source Power Co., Ltd တို့ B.O.T စာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်များလဲလှယ် ကာ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ တောင်ငူမြို့နယ်ရှိ 2 MW ပသိရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံအား အကြီးစား ပြန်လည်ပြုပြင်၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင် ပါက ပတ်ဝန်းကျင်ကျေးရွာ (၃၂)ရွာအား လျှပ်စစ်မီး ပေးနိုင်မည့်အပြင် နိုင်ငံတော်အခွန်ဘဏ္ဍာများလည်း တိုးတက်ရရှိလာနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဟိန်းထက်(ပဲခူး)