ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပုသိမ်မြို့ သူနာပြုသင်တန်းကျောင်း၊ ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတို့ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပုသိမ်မြို့ သူနာပြုသင်တန်းကျောင်း၊ ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတို့ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 24, 2026
နေပြည်တော် မေ ၂၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်တို့သည် ယနေ့နံနက်ပိုင်းတွင် သူနာပြုသိပ္ပံ(ပုသိမ်) သို့ ရောက်ရှိပြီး ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ စာသင်ခန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးခန်း (Skill Lab) ၌ လက်တွေ့သင်ကြားနေမှု၊ ထမင်းချက်ဆောင်နှင့် ထမင်းစားဆောင်၊ သင်တန်းသူအိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စာသင်ခန်း (၁) ၌ သင်ကြားရေးဆရာများ၊ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံကာ စီမံရေးရာကိစ္စများ၊ သင်ကြားရေးကိစ္စများ၊ သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်နိုင်ရေးကိစ္စများ၊ အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင် အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်ကြီးနှင့် သူနာပြုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုသမှုအရည်အသွေးနှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရေး ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (ပုသိမ်)သို့ သွားရောက်၍ အတွင်းလူနာဆောင်၊ သံဃာဆောင်၊ အကြောပြင်ဌာနနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
