ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ရန်ကင်းကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း မွမ်းမံပြင်ဆင်မှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ရန်ကင်းကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း မွမ်းမံပြင်ဆင်မှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / February 23, 2020
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၂၃

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း မွမ်းမံပြင်ဆင်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများက သင်တန်းကျောင်း၏ နောက်ခံသမိုင်း၊ ဖွင့်လှစ်ပို့ချနေသည့် သင်တန်းများ၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA ၏ သတ်မှတ်ချက်နှင့်အညီ Assessment စစ်ဆေးမှုများနှင့် ကျောင်းတွင်း အဆောက်အဦများ မွမ်းမံပြင်ဆင်မှုများကို ရှင်းလင်းတင်ပြကြပြီး JICA မှ Mr. Yamada Ryo က ကျောင်းအစည်းအဝေးခန်းမ အသစ်ဖွဲ့စည်းပြင်ဆင်နေမှုကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသည် JICA ၊ KND တို့နှင့် ပူးပေါင်း၍ ဆောက်လုပ်ရေး အလုပ်အကိုင်အတွက် လေ့ကျင့်သင်ကြားပေးနေပကြောင်း၊ လျှပ်စစ်၊ အဲယားကွန်း၊ ဂဟေဆက်လုပ်ငန်း စစ်ဆေးအကဲဖြတ်မှုများသည် ကျွမ်းကျင်လုပ်သားများအတွက် များစွာအထောက်အကူ ဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း များ ဖွံ့ဖြိုးတိုးတက်ရေးကို ဝန်ကြီးဌာနမှ အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ သက်မွေးပညာလုပ်ငန်းများ နှင့်ပတ်သက်၍ နယ်ပယ်ဇုန်အလိုက် ဈေးကွက်နှင့် ကိုက်ညီသောသင်တန်းများကို တိုးချဲ့ဖွင့်လှစ်ရန် လိုအပ်ကြောင်း၊ နည်းပြများအနေဖြင့် စဉ်ဆက်မပြတ် အရည်အချင်းမြင့်မားအောင် လေ့လာသင်ယူရန် လိုအပ်ကြောင်း၊ သင်တန်းကျောင်းအဆောက်အဦ တိုးချဲ့ရေးနှင့် ဝန်ထမ်း အိမ်ရာ ဆောက်လုပ်ရေးတို့ကို နှစ်အလိုက် ဘတ်ဂျတ်လျာထား ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကျောင်းအတွင်း၌ အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ၌ အအေးပေးလုပ်ငန်းနှင့် လေအေး ပေးစက် တပ်ဆင်မှု ပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်မည့် လူငယ်များကို လေ့ကျင့်ပေးနေမှုနှင့် လေအေးပေးစက်တပ်ဆင်မှု အဆင့် ၁ စစ်ဆေး အကဲဖြတ်နေမှုတို့ကို ကြည့်ရှုအားပေးပြီး JICA ၏ အကူအညီဖြင့် ကျောင်းအစည်းအဝေးခန်းမနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး စင်တာတို့အား ပြင်ဆင်နေမှုကို ကြည့်ရှု စစ်ဆေး၍ လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားသည်။

(သတင်းစဉ်)

HOT NEWS
January 4,