ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် 6th India- CLMV Business Conclave 2020 သို့ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် 6th India- CLMV Business Conclave 2020 သို့ တက်ရောက်အမှာစကားပြောကြား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 03, 2020
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် Confederation of Indian Industry (CII) တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၃ ရက်မှ ၄ ရက်အထိ ကျင်းပသည့် 6th India- CLMV Business Conclave 2020 ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က အိန္ဒိယနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တို့သည် ယဉ်ကျေးမှု အနုပညာနှင့် ဓလေ့ထုံးတမ်းများ တူညီမှုများစွာရှိပြီး မဟာဗျူဟာမြောက် နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြပါကြောင်း၊ ၂၀၂၀ ခုနှစ်သည် အိန္ဒိယနှင့် CLMV နိုင်ငံများအကြား ဒီဂျစ်တယ်စီးပွားရေး ပေါင်းစည်းဆောင်ရွက်မှုဆိုင်ရာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည့် ထူးခြားသောနှစ်တစ်နှစ်လည်း ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသော်လည်း မိမိတို့အနေဖြင့် ဒီဂျစ်တယ်စနစ်အသုံးပြု၍ အမြင်များဖလှယ်ခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် Start-ups Business များအပေါ် ကိုဗစ်-၁၉ ကြောင့် သက်ရောက်မှုလျှော့နည်း စေရေး၊ supply chains တစ်လျှောက် အဆင်ပြေချောမွေ့စွာ ကုန်စည်စီးဆင်းစေရေး၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များ ဆက်လက်ရှာဖွေ ဖော်ထုတ်နိုင်ရေးတို့အတွက် ကောင်းမွန်သော စီးပွားရေး လုပ်ငန်းစဉ်များနှင့် စီးပွားရေးဆိုင်ရာ ကွန်ယက်ချိတ်ဆက်ဆောင်ရွက်မှုများကို ဒီဂျစ်တယ် နည်းပညာ ပလက်ဖောင်းဖြင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

၂၀၁၈-၁၉ ခုနှစ်တွင် အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ကုန်စည်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉၇ ဘီလီယံနှင့် ဝန်ဆောင်မှုကုန်သွယ်မှုပမာဏ ၄၅ ဘီလီယံအထိ ရှိခဲ့သော် လည်း အိန္ဒိယနှင့် CLMV နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ လျော့နည်းနေသေးသဖြင့် တိုးမြှင့်နိုင်ရေး ဆက်လက် ကြိုးပမ်းသွားရန် လိုအပ်ပါကြောင်း။

The Mekong-Ganga Cooperation (MGC) သည် အိန္ဒိယ၊ CLMV နှင့် ထိုင်းနိုင်ငံတို့အကြား ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှု၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စိန်ခေါ်မှုများကို ဖြေရှင်းနိုင်သည့် ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်မာ အားကောင်းသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်လာစေရေး ဆက်လက် လက်တွဲဆောင်ရွက်သွားကြ စေလိုပါကြောင်း ပြောကြားသည်။

အခမ်းအနားတွင်  လာအိုနိုင်ငံ၊ Ministry of Industry and Commerce ဝန်ကြီး၊ အိန္ဒိယနိုင်ငံ၊ Ministry of External Affairs ၏ Minister of State၊ ကမ္ဘောဒီးယားနိုင်ငံ၊ Ministry of Commerce ၏ Secretary of State၊ အိန္ဒိယနိုင်ငံ၊ Ministry of Commerce, Department for Promotion of Industry and Internal Trade ၏ Secretary၊ Confederation of Indian Industry (CII) ၏ President နှင့် ညွှန်ကြားရေးမှူးချုပ်တို့က မိန့်ခွန်းများပြောကြားကြသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမိုးကျော်အောင်၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များက အွန်လိုင်းမှ တက်ရောက်ကြသည်။

ထို့နောက် နိုင်ငံအလိုက် Plenary Session များကို ကျင်းပခဲ့ကြပြီး ဒီဇင်ဘာ ၄ ရက်တွင် ဆက်လက် ကျင်းပမည့် Country Session Myanmar ၌ မြန်မာနိုင်ငံ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးသွားမည် ဖြစ်သည်။

ထို့ပြင် အခမ်းအနားနှင့် ပူးတွဲ ကျင်းပသည့် အွန်လိုင်းကုန်စည်ပြပွဲ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့က ပြခန်း (၂) ခန်းဖြင့် ပဲ၊ နှမ်း၊ ဆန်စပါး၊ သစ်သီးဝလံ၊ ရေထွက်ကုန်ပစ္စည်းများကို အွန်လိုင်းမှ ပါဝင်ပြသခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,