ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ “၂၀၂၁” ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ “၂၀၂၁” ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 28, 2021
image_latest


နေပြည်တော်   ဇန်နဝါရီ    ၂၈

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်၍ တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၁) အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊  အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင် တို့က အွန်လိုင်း စနစ်ဖြင့် တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပထမအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော် ဆီ” ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်၌ ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းတွင် တိုင်းရင်းသားများ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၁ ခုနှစ်၊ တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်ကို ကိုဗစ်-၁၉ ကြောင့် ကျင်းပခြင်း မပြုလုပ်ပဲ MRTV၊ တိုင်းရင်းသား လူမျိုးများရုပ်သံလိုင်း (NRC)၊ Web portal၊ Webiner (Web program)၊ Facebook platform တို့မှ Virtual Reality နည်းပညာဖြင့် ကျင်းပမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များ နှင့်အညီ ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကို အများပြည်သူများ စိတ်ဝင်တစား ကြည့်ရှုနိုင်ရန်အတွက် အကြိုထုတ်လွှင့်မှုကို ဆောင်ရွက် လျက်ရှိပြီး ရုပ်မြင်သံကြား အစီအစဉ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် သောကြာနေ့တွင် စတင်ထုတ်လွှင့် သွားမည်ဖြစ်ကာ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်တွင် လည်းကောင်း၊ ပိတ်ပွဲ အခမ်းအနားကို မတ် ၁၂ ရက်တွင်လည်းကောင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၁ ပွဲတော် အတွက် ပြပွဲများကို အဓိကအားဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ(၆)ခု စုစုပေါင်း (၁၄)ခုကို အခြေခံ၍ စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း။

ထို့ကြောင့် ချင်းပြည်နယ် အစိုးရအဖွဲ့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသဦးစီး အဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအနေဖြင့် မိမိတို့တိုင်း ရင်းသားများအလိုက် ပြပွဲများ၊ ဗီဒီယို Clip များ၊ ဒေသဆိုင်ရာ အကြောင်းအရာများ ပြသနိုင်ရန်အတွက် လိုအပ်သော ထောက်ပံ့မှုများကို မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းနှင့်ချိတ်ဆက်၍လည်းကောင်း၊ မိမိတို့တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များ၊ တိုင်းရင်းသားလုပ်ငန်းရှင် များနှင့် ညှိနှိုင်း၍လည်းကောင်း ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးစေလိုပါကြောင်း၊ မိမိတို့တိုင်းရင်းသားများအား ကိုဗစ်-၁၉ ညွှန်ကြားချက် များနှင့်အညီ ပါဝင်လာစေရေး ဆောင်ရွက်ပေးစေလိုပါကြောင်း။

ယခုကာလသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့်ကာလ ဖြစ်သည့်အတွက် မြေပြင်တွင် ကျင်းပခြင်းမပြုဘဲ ရုပ်သံများဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ရုပ်သံများဖြင့် ကျင်းပရသည့် အတွက် ရိုက်ကူးရေး ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ Video Clip များကို အချိန်မီ ပေးပို့ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရိုက်ကူးရေးများ တိုက်ရိုက် ထုတ်လွှင့်မှု (Live) ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အထူးဂရုပြု ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေး၊ ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရေး အလေးထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရမည့် အစီအစဉ် များပြားသည့်အတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များရှိသကဲ့သို့ ပွဲတော်ရက် အတွင်း အချိန်နှင့်တပြေးညီ ဆောင်ရွက်ရမည့်ကိစ္စရပ်များလည်း ရှိလာမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တိုင်းရင်းသားအသင်းအဖွဲ့များနှင့် အချင်းချင်း ချိတ်ဆက်၍ ဆောင်ရွက်ပေးကြပါရန်၊ လုပ်ငန်း အောင်မြင်ပြီးမြောက်စေရန်နှင့် တိုင်းရင်းသား များအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ တိုင်းရင်းသားဒေသ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြစ်သည့်အတွက် တိုင်းရင်းသားများ၏ အကျိုးစီးပွား၊ လူမှုဘဝဖွံဖြိုးတိုးတက်မှု လုပ်ငန်းများ၊ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ဒေသထွက်ကုန်များ ပိုမိုမြှင့်တင်နိုင်ရေး စသည်များကို အထောက် အကူဖြစ်စေရန်  ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း၊  ယခင်က ပြည်ထောင်စုနေ့ကို ပြည်ထောင်စု ပွဲတော်အဖြစ် ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်းတွင် ဆိုင်ခန်း၊ ပြခန်းများ ဖွင့်လှစ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ပြည်ထောင်စုပွဲတော်အား မကျင်းပနိုင်တော့သည်မှာ နှစ်ပေါင်း (၃၀) ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စု ထာဝရငြိမ်းချမ်းရေး နှင့် တိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေးသည် ဆက်နွယ်အကျိုး ပြုနေပါကြောင်း၊ ယခုအခါ တိုင်းရင်းသား လုပ်ငန်းရှင်များ စုပေါင်းကာ ယခုပွဲတော်ကို တိုင်းရင်းသားဒေသများ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ရည်ရွယ်၍ Virtual စနစ်ဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြေပြင်တွင် မကျင်းပနိုင်သော အခြေအနေတွင် တိုင်းရင်းသား အားလုံး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး  ညီညီညွတ်ညွတ် အားလုံးစုပေါင်း၍ ကြိုးစားကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၅၀၀)ကို ပေးအပ်ရာ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က လက်ခံရယူသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းအနေဖြင့် ပွဲတော်ဖြစ်မြောက်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော် ကျင်းပခြင်းဖြင့် တိုင်းရင်းသားများ၏ စည်းလုံး ညီညွှတ်မှုနှင့် ရင်းနှီးချစ်ကြည်မှုကို ရရှိစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော် ကျင်းပရေးစီမံချက်၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားနှင့် တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (NRC) တို့တွင် ပြသမည့် အစီအစဉ်များ ကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်က “သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၁” ပွဲတော် နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း/ ဒေသဦးစီး အဖွဲ့မှတာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက အထွေထွေ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

(သတင်းစဉ်)

HOT NEWS
January 4,