ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အတွင်း ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အတွင်း ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ ကယား / June 05, 2020
image_latest


လွိုင်ကော် ဇွန် ၅

ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးအတွက် အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုသည် ယမန်နေ့ နံနက်ပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်(၃)ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဖရူဆိုမြို့နယ်နှင့် ဘောလခဲ မြို့နယ် အတွင်း ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖရူဆိုမြို့နယ် တောင်ငူ-မော်ချီး−ဒီးမော့ဆိုလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးရေနုတ်မြောင်းများနှင့် လမ်းပခုံးများ စနစ်တကျ ဖြစ်စေရေး ဌာနတာဝန်ရှိသူများက အလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဖရူဆိုမြို့နယ် ပလဲလယ်မှ ပလိုဒေးခို-ပရယ်ဆော်ခူ မြေသားလမ်းဖောက်လုပ်ခြင်းနှင့် Box Culvert တည်ဆောက်ခြင်း လုပ်ငန်းများ၊ ပလိုဒေးခို-ပရယ်ဆော်ခူ-တော်ခူ-ခေါပရာလမ်း Box Culvert တည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်း၊ ဘောလခဲမြို့နယ် ဘူးခူကျေးရွာ အမက(ဘူးခူ) ကျောင်းဝင်းအတွင်း၌ လူထုဗဟိုပြုစီမံကိန်း CDD ဖြင့် ဆောင်ရွက် သည့် ကျောင်းဆောင်သစ်အား ကြည့်ရှုစစ်ဆေးပြီး ကျောင်းဆောင် တံစက်မြိတ်မှ ရေများ မကျရှိရေးအတွက် ရေသွယ်လျှောက်တပ်ဆင်၍ ရေကာမြောင်း ဖောက်လုပ်ဆောင်ရွက်သွားရန် ကျေးရွာကော်မတီများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ကျောင်းဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အ.မ.က(ဘူးခူ)တန်ဖိုးနည်း ဝန်ထမ်း အိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ပြည့်မီစွာဖြင့် ဆောင်ရွက်ပေးသွား ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နန်းဖဲကျေးလက်ကျန်းမာရေးဌာန ဆေးပေးခန်း၊ (၂)ခန်းတွဲ RC (၁)ထပ် ဝန်ထမ်း အိမ်ရာနှင့် (၃)ခန်းတွဲ(၁)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု အား ကြည့်ရှု စစ်ဆေးခဲ့ပြီး ဆေးပေးခန်းရှိ မွေးခန်းအတွင်း လိုအပ်လျက်ရှိသော လေအေး ပေးစက် တပ်ဆင်နိုင်ရေးဌာနမှ သက်ဆိုင်ရာကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်နှင့် ဆေးပေးခန်း အနီးရှိ ဓာတ်အားလိုင်း 33 KV လိုင်းအား ကာဗာကြိုးဖြင့် အစားထိုးလဲလှယ်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ချောင်းရေတင်စနစ်ဖြင့် ဆောင်ရွက်သည့် နန်းဖဲကျေးရွာ ရေရရှိရေးလုပ်ငန်း ၃ လက်မ ပိုက် (၃၆၀၀)ပေ သွယ်တန်းခြင်း၊ ၂ လက်မပိုက် (၁၄၂၁၀)ပေ သွယ်တန်းခြင်းနှင့် ဂါလန် (၁၀၀၀၀) ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေပေးဝေရေး လုပ်ငန်းများ စနစ်တကျဖြစ်စေရေး၊ ရေပိုက်လမ်းကြောင်းတစ်လျှောက် ပြုပြင် ထိန်းသိမ်းရန် လိုအပ်သည့် ရေပိုက်များ စနစ်တကျ ပြုပြင်ထိန်းသိမ်းရေးနှင့် ရေပေးဝေရေးအား ရေရှည် အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် စနစ်တကျ ထိန်းသိမ်းနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)

HOT NEWS
January 4,