ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 19, 2021
image_latest


နေပြည်တော်  ဇန်နဝါရီ ၁၉

ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ လယ်ယာမြေအခြားနည်း အသုံးပြုခွင့် လျှောက်ထား လာမှုများ နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်များ၏ စိစစ်ဆောင်ရွက်ပေးမှုလုပ်ငန်းစဉ်များတွင် အချို့သော ကိစ္စရပ်များ ၌ ဥပဒေ၊ နည်း ဥပဒေပါ ကာလအပိုင်းအခြားကို ကျော်လွန်၍ ကြာမြင့်နေခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါ သဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကများ၊ အဖွဲ့အစည်းများအတွက် အခက်အခဲ အဟန့်အတား မဖြစ်စေရေးအတွက် သတ်မှတ်ကာလ အတွင်း ပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်ပေး ရန်လိုကြောင်း၊ အခြားတစ်ဖက် တွင်လည်း သဘောထားမှတ်ချက် ပြန်ကြားပေးကြရမည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် လည်း အချိန်မီ ပြန်ကြားပေးရန် လိုအပ်ပါကြောင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး / ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အသီးသီးမှ ပြည့်စုံစွာ ဖြင့်တင်ပြလာသော အခြားနည်း သုံးစွဲခွင့် ကိစ္စရပ်များ ကိုလည်း မူဝါဒသတ်မှတ်ချက်များဖြင့် ညီညွတ်ပါက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ခွင့်ပြုမိန့်များ ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ ခွင့်ပြုထားရှိမှုအပေါ် လယ်ယာ မြေဥပဒေပါ သတ်မှတ်ချက် ကာလဖြစ်သည့် (၆)လအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်စေရန်နှင့် သတ်မှတ် ကာလ အတွင်း လုပ်ငန်းပြီး မြောက်စေရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း။

 ထိုသို့ ဥပဒေပါသတ်မှတ်ချက် (၆)လတာကာလအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိခြင်းနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးမြောက်မှုမရှိသည့် လုပ်ငန်းများကို လည်း စိစစ်ဖော်ထုတ်၍ ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ အရေးယူဆောင်ရွက်သွားနိုင်ရေးအတွက် သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့များမှ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆောလျင်စွာ တင်ပြသွားကြရန်လိုအပ်ပါကြောင်း၊ လယ်ယာ မြေနှင့်ပတ်သက်၍ ပြဋ္ဌာန်းထား သော ဥပဒေပါ စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်စေခြင်း သည် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းရပ် တစ်ခုလည်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းထား သောဥပဒေပါ စည်းကမ်း ချက်များကို ဖောက်ဖျက် ကျူးလွန်သူသည် ဥပဒေအား ဖောက်ဖျက်ကျူး လွန်သူသာ ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအား ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ ပြီးဖြစ်သဖြင့် အဆိုပါ ဥပဒေနှင့် လိုက်လျောညီထွေသည့် နည်းဥပဒေအား ပြင်ဆင်ရေးဆွဲလျက်ရှိ ကြောင်း၊ အဆိုပါ နည်းဥပဒေ ပြဋ္ဌာန်းနိုင်မည်ဖြစ်ပါက တည်ဆဲလယ်ယာ မြေဥပဒေ၊ နည်းဥပဒေနှင့် အညီ လယ်ယာမြေအပေါ် ခွင့်ပြုမိန့်မရရှိမီ အခြားနည်းသုံးစွဲခွင့်လုပ်ငန်းများ တာဆီးအရေးယူခြင်း ကိစ္စရပ်ကို ထိရောက် လျင် မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မကြာမီ ကာလအတွင်း ပြည်ထောင်စုအစိုးရအဖွဲ့အသစ် တာဝန်ယူကြတော့မည်ဖြစ်သည့်အတွက် အဆိုပါ အစိုးရအဖွဲ့ အသစ်အတွက် လုပ်ငန်းဆိုင်ရာများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုတင် ပြင်ဆင် ထားကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် အတွင်းရေးမှူး ဦးသက်နိုင်ဦး က ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများအား ဖတ်ကြားတင်ပြရာ အဖွဲ့ ဥက္ကဋ္ဌ နှင့် အစည်းအဝေး တက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်းအလိုက် ဆွေးနွေး ဆောင်ရွက်ကြသည်။

ယနေ့အစည်းအဝေးတွင် နစ်နာကြေး၊ လျော်ကြေး ပေးချေရန်ကိစ္စ၊ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအရ ပြန်လည်တင်ပြ လာသည့် လုပ်ငန်းစာတွဲ အခြေအနေများနှင့် လယ်ယာမြေအခြားနည်း အသုံးပြုခွင့် ခွင့်ပြုချက် မရရှိမီ ကြိုတင်အသုံးပြုထားသည့် အတွက် လယ်ယာမြေဥပဒေပုဒ်မ-၁၉ ပါ ပြဋ္ဌာန်းချက် နှင့်အညီ ဒဏ်ကြေးငွေ အဆိုပြုချက် တင်ပြလာသော လုပ်ငန်းစာတွဲများကိစ္စ၊ ဌာနဆိုင်ရာမြေအဖြစ် လျှောက်ထားသောအမှုတွဲကိစ္စ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးနှင့် မသက်ဆိုင်သည့် အမှုတွဲကိစ္စ၊ ယခင်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံ ခန့်ခွဲရေးဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာ မြေအဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅၊ ၃၆ တို့အရ လျှောက်ထားလာသည့် အမှုတွဲကိစ္စ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ ဖြေရှင်း ဆောင်ရွက် လျက်ရှိသော လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုကိစ္စရပ်များအား ဆွေးနွေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)

 

 

HOT NEWS
January 4,