မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြားရှိ “ရွှေလွယ်အင်း” ကုမ္ပဏီ(ငွေအပ်နှံ/ထုတ်ပေးဌာန) မှ လုယက်ခံရမှုမှ ကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြားရှိ “ရွှေလွယ်အင်း” ကုမ္ပဏီ(ငွေအပ်နှံ/ထုတ်ပေးဌာန) မှ လုယက်ခံရမှုမှ ကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 15, 2022
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် ညနေပိုင်းတွင် ချမ်းမြသာစည်မြို့နယ်ရှိ ရွှေလွယ်အင်းကုမ္ပဏီ လုယက်ခံရမှု မှတ်တမ်းဓါတ်ပုံ


၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြား၊ မင်္ဂလာ မန္တလေးအိမ်ရာဝင်း၊ တိုက်(၃)၊ အခန်း(၃)မြေညီထပ်ရှိ ရွှေလွယ်အင်း (ငွေအပ်နှံ/ထုတ်ပေး) ကုမ္ပဏီသို့ Mask တပ်ဆင်လျှက် လက်နက်ကိုင်ဆောင်ထားသည့် လူလေးဦးမှ ဝင်ရောက်လာကာ ဝန်ထမ်း များအားခြိမ်းခြောက်၍ ကုမ္ပဏီရှိ ငွေကျပ်သိန်း ၃၀၀၀ ခန့်အား လုယူကာ MDY/xxxx နံပါတ်ပါ ESTIMA အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အထက်ပါဖြစ်စဉ်မှ လုယက်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက အချိန်နှင့်တစ်ပြေးညီ စုံစမ်းပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ ညပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ (၁၁၁)လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျုးလမ်းအတွင်းရှိ ကန္တာရခြုံများကြား၌ ပြစ်မှုကျုးလွန်သူများရပ်ထားခဲ့သော MDY/xxxx နံပါတ်ပါ ESTIMA အမျိုးအစား အဖြူရောင်ယာဉ်နှင့် ၎င်းယာဉ်ပေါ်၌ ငွေကျပ်သိန်း ၃၀၀ ထည့်ထားသော ဆာလာအိတ်ဖြူ တစ်အိတ်၊ သေနတ်အတု အရှည်သုံးလက်၊ အတိုနှစ်လက်၊ ပြောက်ကြား အနက်ရောင်ကျည်ကာအင်္ကျီ ငါးထည်၊ နိုင်ငံတော်တံဆိပ်တပ်ဆင်ထားသော ဦးထုပ်လေးလုံး တို့အား သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိသော မော်တော်ယာဉ်အားစိစစ်ခဲ့ရာ လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး အဆိုပါ ယာဉ်အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နေ သက်ပိုင်စိုးဆိုသူ ပိုင်ဆိုင်ကြောင်း စုံစမ်းသိရှိရ သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် သက်ပိုင်စိုး (၂၈)နှစ်အား ငွေကျပ်သိန်း ၇၆၀ ၊ မော်တော်ယာဉ် နှစ်စီး၊ မော်တော်ဆိုင်ကယ် တစ်စီးတို့နှင့်အတူ ကျောက်ပန်းတောင်းမြို့နယ်၊ တက်မရေနံမှော်လုပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်။

တရားခံသက်ပိုင်စိုး၏ ထွက်ဆိုချက်အရ “ရွှေလွယ်အင်း” ကုမ္ပဏီ(ငွေအပ်နှံ/ ထုတ်ပေး ဌာန)အား လုယက်မှုကို ၎င်းမှဦးဆောင်၍ သန့်ဇင်၊ မျိုးကိုကိုဝင်း(ခ)ကုလား၊ သန်းဇော်ထွန်း (ခ) လင်းလင်းကိုနှင့် ဇင်မျိုးဦး(ခ)သားကြီးတို့အပါအဝင် ငါးဦးက ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် တရားခံများ တိမ်းရှောင် လျက်ရှိသည့် ဒေသအသီးသီးမှ လုံခြုံရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၁၁ ရက်နေ့  နံနက်ပိုင်းတွင် သန့်ဇင် (၂၈)နှစ်(ဘ)ဦးခင်ဇော်အား မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်၊ ရွှေဒုံးရပ်ရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ မျိုးကိုကိုဝင်း(ခ)ကုလား (၁၉)နှစ်(ဘ)ဦးဝင်းမြင့်အား ငွေကျပ် ၄၅ သိန်း ဖြင့် ဝယ်ယူထားသော မြေကွက် ၂ ကွက်၊ ဆိုင်ကယ် တစ်စီးတို့နှင့်အတူ စစ်ကိုင်းမြို့၊ အထက်တကောင်းရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ဇန်နဝါရီလ ၁၂ ရက်တွင် သန်းဇော်ထွန်း(ခ)လင်းလင်းကို (၃၂)နှစ်(ဘ)ဦးဘိုဖြူ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ၊ ကျောင်းစုရပ်နေသူအား ငွေကျပ်သိန်း ၁၀၀ နှင့်အတူ မွန်ပြည်နယ်၊ သထုံမြို့၌လည်းကောင်း၊ ဇင်မျိုးဦး(၃၂)နှစ်(ဘ)ဦးမြင့်တင် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ မရမ်းခုံကျေးရွာနေသူအား ငွေကျပ် ၁၄ သိန်း၊ မော်တော်ယာဉ်တစ်စီး၊ ပြစ်မှု ကျူးလွန်ရာတွင်အသုံးပြုသည့် မော်တော်ဆိုင်ကယ် တစ်စီးတို့နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ စဉ့််ကူးမြို့နယ်၊ ပျဉ်းပင်ကျေးရွာ၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ငါးဦးနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ (၁၁၁)လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျုးလမ်းအတွင်း၌ ရပ်ထားခဲ့သည့်ယာဉ်ပေါ်မှ တွေ့ရှိငွေကျပ်သိန်း ၃၀၀၊ တရားခံများထံမှ ပြန်လည်သိမ်းဆည်းရမိငွေကျပ် ၈၇၄ သိန်း၊ ပြစ်မှုကျူးလွန်ရာမှ ရရှိသည့်ငွေများဖြင့် ဝယ်ယူထားသည့် မော်တော်ယာဉ်သုံးစီး ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅၄၀ ခန့်၊ ဆိုင်ကယ်နှစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၇ သိန်းခန့်နှင့် ၎င်းတို့ဝယ်ယူထားသည့် မြေနှင့်အခြား ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၆၀ ခန့် စုစုပေါင်းငွေကျပ် ၁,၇၈၁ သိန်းခန့်အား ပြန်လည် သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ လုယက်မှုကျူးလွန်ရန်အတွက် သက်ပိုင်စိုး(ခ) စည်သူမှ ဦးဆောင်ကာ ဇင်မျိုးဦး(ခ)သားကြီး၊ သန်းဇော်ထွန်း(ခ)လင်းလင်းကို၊ သန့်ဇင်နှင့် မျိုးကိုကိုဝင်း (ခ)ကုလားတို့သည် စစ်ကိုင်းမြို့၊ မန္တလေးမြို့တို့၌တွေ့ဆုံ၍ လုယက်ရာ၌အသုံးပြုမည့် လိုင်စင်မဲ့ မော်တော်ယာဉ်ဝယ်ယူခြင်း၊ လုံခြုံရေးတပ်ဖွဲ့သုံးပစ္စည်းများနှင့် သေနတ်အတုတို့အား ဝယ်ယူခြင်း၊ လုယက်မည့်  “ရွှေလွယ်အင်း” ကုမ္ပဏီအနီးနေရာပတ်ဝန်းကျင်အား လေ့လာ စောင့်ကြည့်ခြင်းတို့ကို ကြိုတင်ပြင်ဆင်ခဲ့ပြီးမှသာ လုယက်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်သည်ကို ဖော်ထုတ် သိရှိရသည်။ 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် MDY/xxxx ESTIMA အမျိုးအစား အဖြူရောင်ယာဉ်အား သန်းဇော်ထွန်း မောင်းနှင်၍ သက်ပိုင်စိုး (ခ)စည်သူ၊ သန့်ဇင်၊ မျိုးကိုကိုဝင်း(ခ)ကုလားနှင့် ဇင်မျိုးဦး(ခ)သားကြီးတို့ လေးဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအသွင်ဝတ်ဆင်၍ စီးနင်းလိုက်ပါလာခဲ့ကြောင်း၊ လုယက်မည့်နေရာ ရောက်ရှိ ချိန်၌ သက်ပိုင်စိုး(ခ) စည်သူ၊ ဇင်မျိုးဦး(ခ)သားကြီး၊ မျိုးကိုကိုဝင်း(ခ)ကုလားနှင့် သန့်ဇင်တို့ လေးဦး သည် ကုမ္ပဏီအတွင်း ဝင်ရောက်လုယက်ခဲ့ကြပြီးရရှိလာသည့်ငွေများအား ဆာလာအိတ်များအတွင်း ထည့်သွင်း၍ မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်ကာမောင်းနှင်ခဲ့ကြကြောင်းနှင့် ချမ်းမြသာစည် မြို့နယ်၊ (၁၁၁) လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျုးလမ်းအတွင်းရှိ ကန္တာရခြုံများ ကြားအရောက်တွင် ကားအား ရပ်တန့်ထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံများအနေဖြင့် ပြည်သူလူထု၏ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ အကြမ်းဖက်ဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများကြောင့် ဖြစ်ပေါ် နေသော စိုးရိမ်ထိတ်လန့်မှုအပေါ် အခွင့်အရေးအဖြစ်အသုံးချကာ ၎င်းတို့၏ကိုယ်ရေးကိုယ်တာနှင့် ငွေကြေးလိုအပ်ချက်များအရ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ လုယက်မှုကျူးလွန်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝတ်ဆင်အသုံးပြုသည့် ကျည်ကာအင်္ကျီ၊ ဦးထုတ်၊ နံပါတ်တုတ်၊ သေနတ် အတုနှင့် စကားပြောစက်အတုများ ကိုင်ဆောင်အသုံးပြု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန် အသွင်ယူကာ လုယက်မှုအား ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းချိတ်ဆက် ဖော်ထုတ်မှုနှင့် ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများ၏ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်မှုများကြောင့် “ရွှေလွယ်အင်း” ကုမ္ပဏီ လုယက်မှုကျူးလွန်ခဲ့သူများအား ကျူးလွန်ရာတွင်အသုံးပြုခဲ့သော သက်သေခံ ပစ္စည်းများ၊ ကျူးလွန်ရာမှရရှိသည့်ငွေကြေးများ၊ ဝယ်ယူထားသည့်ယာဉ်၊ မြေ၊ အခြားပစ္စည်း များနှင့်အတူဖော်ထုတ် ဖမ်းဆီးရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ (၁၁၁)လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျူးလမ်းအတွင်း၌ ပြစ်မှုကျူးလွန်သူများရပ်ထားခဲ့သော ESTIMA လိုင်စင်မဲ့ယာဉ်အတွင်းမှ သိမ်းဆည်းရမိသည့် ငွေနှင့် လုံခြုံရေးအသုံးအဆောင်ပစ္စည်းများ

တရားခံ သက်ပိုင်စိုးထံမှ သိမ်းဆည်းရမိသည့် ငွေစက္ကူနှင့် မော်တော်ယာဉ်များ၏ မှတ်တမ်းဓါတ်ပုံ

 

HOT NEWS
January 4,