မီးလောင်မှုလျော့နည်းကျဆင်းရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး ကဏ္ဍသုံးခုနဲ့အညီ ဆက်လက်ဆောင်ရွက် သွားမှာပါ

မီးလောင်မှုလျော့နည်းကျဆင်းရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး ကဏ္ဍသုံးခုနဲ့အညီ ဆက်လက်ဆောင်ရွက် သွားမှာပါ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 20, 2021
image_latest


 
တွေ့ဆုံမေးမြန်း- တင်ဝင်းလေး (ကြည့်မြင်တိုင်)၊ ဓာတ်ပုံ- MFSD
 
ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများအား မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခင်နှစ် ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းမှစ၍ မီးသတ်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး (ဦးစီး) ဦးသိန်းထွန်းဦးအား တွေ့ဆုံမေးမြန်းထားပါသည်-
မေး ။ ။ ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံ
တစ်ဝန်းမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင် မှုနဲ့ ဆုံးရှုံးမှုအခြေအနေကို ပြောပြပေးစေ လိုပါတယ်ခင်ဗျ။
ဖြေ ။ ။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်
နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ နိုင်ငံတစ်ဝန်း မီးလောင်မှု ၂၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၆၆၄၀ ဒသမ ၇၄ သန်း (ကျပ်ခြောက်ထောင် ခြောက်ရာ လေးဆယ် ဒသမ ခုနစ်ဆယ့် လေးသန်း) ခန့်ဆုံးရှုံးခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှု အမျိုးအစားအလိုက် ရာခိုင်နှုန်းအားဖြင့် ပြောရရင် ပေါ့ဆမီးက ၃၄ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး လျှပ်စစ်မီးက ၂၅ ရာခိုင်နှုန်း နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ တတိယ အများဆုံးကတော့ မီးဖိုမီး ၁၇ ရာခိုင်နှုန်း၊ မသမာသူရှို့မီး ၁၄ ရာခိုင်နှုန်း၊ တောမီး ၈ ရာခိုင်နှုန်း၊ အခြားမီးလောင်မှုများကတော့ ၂ ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။
မေး ။ ။ ဘယ်တိုင်းဒေသကြီး/ ပြည်နယ်
တွေမှာ မီးလောင်မှုအကြိမ် အရေအတွက်နဲ့ ဆုံးရှုံးမှုတန်ဖိုးအများဆုံး ဖြစ်ပွားခဲ့ပါသလဲ။
ဖြေ ။ ။ ၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်မှု
တွေမှာ မန္တလေးတိုင်းဒေသကြီးက တစ်နှစ်ပတ်လုံး ၂၉၈ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံးအနေနဲ့ ရန်ကုန် တိုင်းဒေသကြီးက ၂၃၃ ကြိမ် ဖြစ်ပွားခဲ့ပါ တယ်။ တတိယအများဆုံးအနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၂၆ ကြိမ် ဖြစ်ပွား ခဲ့ပါတယ်။ ဆုံးရှုံးမှုအနေနဲ့ကတော့ ရန်ကုန် တိုင်းဒေသကြီးမှာ ကျပ်သန်းပေါင်း ၂၉၀၆ ဒသမ ၃၂၃ သန်းနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှာ ကျပ်သန်းပေါင်း ၁၃၁၃ ဒသမ ၄၂၅ သန်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးမှာ ကျပ်သန်းပေါင်း ၇၅၅ ဒသမ ၄၉၈ သန်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
မေး ။ ။ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ မီး
လောင်မှုအကြိမ် အရေအတွက် နည်းပြီး ဆုံးရှုံးမှုတန်ဖိုးများရတဲ့ အကြောင်း ရင်းကို သိလိုပါတယ်။
ဖြေ ။ ။ ရန်ကုန်တိုင်းဒေသကြီးဟာ လူဦး
ရေ ထူထပ်များပြားသလို လူနေ အိမ်အဆောက်အအုံတွေ၊ အထပ်မြင့် အဆောက်အအုံတွေ၊ စက်မှုလက်မှုလုပ်ငန်း တွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ စက်မှုဇုန်လုပ်ငန်းနဲ့ စက်ရုံအလုပ်ရုံတွေ၊ ဟိုတယ်/ မိုတယ်တွေ၊ ဈေးတွေလည်း များပြားပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း မီးလောင်မှုတွေ ဖြစ်ပွားတဲ့ အခါမှာ ဆုံးရှုံးမှုတန်ဖိုး များပြားရတာ ဖြစ်ပါ တယ်။
မေး ။ ။ ၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်မှု
အကြိမ်ရေအများဆုံးဖြစ်ပွားခဲ့တဲ့လတွေကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ ၂၀၂၀ ပြည့်နှစ် မတ်လကတော့
၃၆၁ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလမှာ ၃၀၃ ကြိမ်နဲ့ ဒုတိယအများ ဆုံး၊ ဧပြီလမှာ ၂၇၃ ကြိမ်နဲ့ တတိယအများဆုံး ဖြစ်ပွားခဲ့ပါတယ်။
မေး ။ ။ မြို့ပြမီးလောင်မှုနဲ့ ကျေးလက်
မီးလောင်မှုအကြိမ်ရေ ဘယ်ဟာ က ပိုများပါသလဲ။
ဖြေ ။ ။ ကျေးလက်မီးလောင်မှုဟာ မြို့ပြ
ထက် နှစ်စဉ်ပိုမိုများပြားပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု အကြိမ်ရေရဲ့ ၅၂ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသမှာ ဖြစ်ပွားခဲ့ပြီး မြို့ပြမှာ တော့ ၄၈ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ပါတယ်။ မေး ။ ။ ကျေးလက်ဒေသ မီးလောင်မှုတွေ
နှစ်စဉ်များပြားရတဲ့အကြောင်းရင်း ကို သိချင်ပါတယ်။
ဖြေ ။ ။ ကျေးလက်ဒေသတွေမှာ သစ်၊
ဝါးဓနိ နေအိမ်နဲ့ နေထိုင်တာ များပြားခြင်း၊ ထင်း/ မီးသွေး စတဲ့လောင်စာ တွေကို အသုံးပြုချက်ပြုတ်ခြင်း၊ တောင်ယာနဲ့ တောမီးလောင်မှုများကနေတစ်ဆင့် ကူးစက် လောင်ကျွမ်းခြင်း၊ လမ်းပန်းနဲ့ သတင်း ဆက်သွယ်ရေးခက်ခဲမှုအချို့ ရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ကျေးလက်ဒေသတွေမှာ ဖြစ်ပွား တဲ့မီးလောင်မှုတွေဟာ အကြိမ်ရေ များပြား ပေမယ့် ဆုံးရှုံးမှု နည်းပါးပါတယ်။
မေး ။ ။ ကျေးလက်ဒေသတွေမှာ မီးလောင်
မှုတွေ နည်းပါးစေဖို့ မီးသတ် တပ်ဖွဲ့အနေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် များကို သိရှိလိုပါတယ်။
ဖြေ ။ ။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ကျေးလက်
ဒေသတွေဟာ မြို့ပြမှာရှိတဲ့ မြို့နယ် မီးသတ်စခန်းများနဲ့ အလှမ်းဝေးတဲ့ အတွက် မီးသတ်တပ်ဖွဲ့အနေနဲ့ ကျေးလက်ဒေသ မီးလောင်မှု လျော့နည်းစေဖို့ ကျေးရွာ/ အုပ်စုအဆင့်တိုင်အောင် နယ်မြေမီးသတ် စခန်းများ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေခြင်း၊ ကျေးရွာ/အုပ်စုအဆင့် မီးဘေးလုံခြုံရေး အဖွဲ့များ ဖွဲ့စည်းခြင်း၊ ကျေးရွာ/ အုပ်စုအလိုက် အရန်မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းခြင်း၊ ကျေးလက်နေပြည်သူများက မီးဘေး သတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သိရှိလိုက်နာဆောင်ရွက်စေ ရန် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။
မေး ။ ။ ၂၀၂၀ ပြည့်နှစ်အတွင်း မီးဘေး
အန္တရာယ်ကြောင့် လူ့အသက်ဆုံးရှုံး မှု၊ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ အိုးအိမ်ပစ္စည်းများ ဆုံးရှုံးခဲ့ရမှုအခြေအနေကို သိလိုပါတယ်။
ဖြေ ။ ။ ၂၀၂၀ ပြည့်နှစ်အတွင်း မီးဘေး
အန္တရာယ်ကြောင့် လူသေဆုံးမှု ၇၅ ဦး၊ ဒဏ်ရာရရှိသူ ၂၂၀ နဲ့ မီးဘေးဒုက္ခသည် ၅၄၄၃ ဦး၊ အိမ်ခြေအဆောက်အအုံပေါင်း ၃၁၆၃ လုံးနဲ့ စက်ရုံ/ အလုပ် ရုံ၊ ဂိုဒေါင်စုစုပေါင်း ၈၃ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
မေး ။ ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကာလအတွင်း
မီးလောင်မှု အခြေအနေလေးကို သုံးသပ်ပေးစေလိုပါတယ်။
ဖြေ ။ ။ တစ်နိုင်ငံလုံးအတိုင်းအတာ အနေ
နဲ့ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ အထိ နှစ် အလိုက် ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေကို သုံးသပ်ရာမှာ ၂၀၁၁ ခုနှစ်မှာ ၉၂၃ ကြိမ်နဲ့ အနည်းဆုံးဖြစ်ပွားခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ၁၂၁၉ ကြိမ်၊ ၂၀၁၃ ခုနှစ်မှာ ၁၆၇၃ ကြိမ်၊ ၂၀၁၄ ခုနှစ်မှာ ၁၆၂၉ ကြိမ် စသဖြင့် နှစ်အလိုက် များပြားလာပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ၂၁၅၅ ကြိမ်နဲ့ အကြိမ်ရေ အများဆုံးဖြစ်ပွား ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ၂၁၃၉ ကြိမ်နဲ့ မီးလောင်မှုအကြိမ်ရေ အနည်းငယ်လျော့ကျ ခဲ့ပြီး ဒီလိုလျော့ကျခဲ့တာကတော့ COVID-19 ရောဂါဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေဟာ Stay Home အစီအစဉ်ကြောင့် မိမိတို့နေအိမ် များမှာ နေထိုင်နေကြတဲ့ အတွက်ကြောင့်လို့ သုံးသပ်ယူဆပါတယ်။ မီးလောင်ဆုံးရှုံးမှုအနေ နဲ့ကတော့ ၂၀၁၇ ခုနှစ်မှာ ကျပ်သန်းပေါင်း ၄၇၀၀၀ ကျော်နဲ့ အများဆုံး ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ကျပ်သန်းပေါင်း ၄၁၀၀၀ ကျော်နဲ့ ဒုတိယအများဆုံး ဖြစ်ပွားခဲ့ပါတယ်။ လူသေဆုံးမှုအနေနဲ့ကတော့ ၂၀၁၂ ခုနှစ်မှာ လူဦးရေ ၁၈၄ ယောက်နဲ့ အများဆုံးဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ လူဦးရေ ၁၀၄ ယောက်နဲ့ ဒုတိယအများဆုံးသေဆုံးခဲ့တာကို တွေ့ရှိရပါ တယ်။
မေး ။ ။ ဒီလို နှစ်အလိုက် မီးလောင်မှုတွေ
မြင့်တက်လာရတဲ့ အကြောင်းရင်း ကို သိရှိလိုပါတယ်။
ဖြေ ။ ။ ကျွန်တော်တို့ နိုင်ငံမှာ နှစ်စဉ်
မီးလောင်မှုကြောင့် ကျပ်သန်း ပေါင်းများစွာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့သလို မီးလောင်သေဆုံးမှုဟာလည်း နှစ်စဉ်လူဦးရေ ပျမ်းမျှ ၁၀၀ ခန့် ရှိနေပါတယ်။ နှစ်အလိုက် မီးလောင်မှုတွေ များပြားတာကတော့ နိုင်ငံ တော်အတွင်း လူဦးရေ/ အိမ်ခြေ တိုးတက် များပြားလာခြင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနဲ့ အတူ စက်ရုံ/ အလုပ်ရုံတွေ များပြားလာခြင်း၊ လျှပ်စစ်နဲ့ လောင်စာဆီသုံးစွဲမှုများ မြင့်တက် လာခြင်း စတဲ့အကြောင်းရင်းများကြောင့် ဖြစ်ပါတယ်။
မေး ။ ။ နှစ်အလိုက် မီးလောင်မှုတွေ
မြင့်တက်လာတာနဲ့ ပတ်သက်ပြီး တော့ ၂၀၂၁ ခုနှစ်အတွင်းမှာ မီးသတ်တပ်ဖွဲ့ အနေနဲ့ မီးလောင်မှုတွေ လျော့နည်းကျဆင်း စေရေး ဘယ်လိုစီမံဆောင်ရွက်သွားမယ် ဆိုတာကို သိရှိလိုပါတယ်။
ဖြေ ။ ။ မီးသတ်တပ်ဖွဲ့အနေနဲ့ မီးလောင်မှု
တွေ လျော့နည်းကျဆင်းစေရေး အတွက် မီးသတိမူရေး နှိုးဆော်အသိပညာပေး ရေးကဏ္ဍ၊ မီးဘေးကြိုတင်ကာကွယ်တားဆီး ရေးကဏ္ဍ၊ မီးငြှိမ်းသတ်ရေးကဏ္ဍဆိုတဲ့
ကဏ္ဍသုံးခုနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မီးသတိမူရေး နှိုးဆော်အသိ ပညာပေးရေးကဏ္ဍအနေနဲ့ကတော့ ပြည်သူ လူထုအတွင်း မီးသတိမူရေးလုပ်ငန်းများ စိမ့်ဝင်ပျံ့နှံ့စေရေးနဲ့ မီးဘေးအန္တရာယ်ရဲ့ အနိဋ္ဌာရုံဆိုးကျိုးများ သိရှိနိုင်ရေးအတွက် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့ကနေ လှုံ့ဆော်ပညာပေးမှု အစီ အစဉ်များ ထုတ်လွှင့်ခြင်း၊ ကျောင်းတွေ၊ စျေးတွေ၊ ကျေးရွာ/ ရပ်ကွက်၊ မြို့နယ်တွေ၊ စက်ရုံ/ အလုပ်ရုံတွေမှာ Community Based Fire Safety Education Programme အစီအစဉ်နဲ့ မီးဘေးသတိမူရေးအတွက် အသိ ပညာပေးဟောပြောခြင်း စတာတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မီးဘေး ကြိုတင်ကာကွယ်တားဆီးရေး ကဏ္ဍအနေနဲ့ကတော့ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာ မီးဘေးလုံခြုံရေး အတွက် သက်ဆိုင်ရာဒေသမှာရှိတဲ့ စီမံခန့်ခွဲ မှုကော်မတီရဲ့ကြီးကြပ်မှု၊ အထောက်အကူ ပြုကော်မတီနဲ့ စည်ပင်သာယာရေး ကော်မတီတွေရဲ့ ပေါင်းစပ်ညှိနှိုင်းမှုနဲ့ အထပ် မြင့် အဆောက်အဦတွေ၊ ဆေးရုံ၊ ဈေး၊ ကျောင်း၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဟိုတယ်၊ မိုတယ်၊ စက်ရုံ/အလုပ်ရုံတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းတွေ၊ ဆီသိုလှောင်ကန်နဲ့ မီးလောင်လွယ်တဲ့ပစ္စည်းတွေ၊ သိုလှောင်ရုံ တွေရဲ့ မီးဘေးလုံခြုံရေး ကိစ္စရပ်တွေကို စစ်ဆေးအကြံပြု ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
ဒါ့အပြင် နိုင်ငံအတွင်း တိုးတက် တည်ဆောက်လာမယ့် လူမှု/ စီးပွား အဆောက်အအုံတွေရဲ့ မီးဘေးလုံခြုံရေး အတွက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းတွေကို ၃၀-၁၂-၂၀၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ မီးဘေးလုံခြုံရေးဆိုင်ရာ စံချိန် စံညွှန်း သတ်မှတ်ချက်များ (Myanmar Fire Safety Code-2020) နဲ့အညီ ၁-၁-၂၀၂၁ ရက်နေ့ ကစပြီး ပြည်သူလူထုက စနစ်တကျ လိုက်နာ ဆောင်ရွက်စေရေး ဆောင်ရွက် လျက်ရှိပါတယ်။ ဒါ့အပြင် မြို့ပြနဲ့ ကျေးလက် ဒေသတွေမှာရှိတဲ့ လူနေအိမ်တွေ၊ စက်ရုံ/ အလုပ်ရုံ၊ ဈေးနဲ့ စက်သုံးဆီဆိုင်တွေမှာ မီးလောင်မှု မဖြစ်ပွားစေရေးအတွက် မီးဘေး ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း၊ အကြံပြု ဟောပြောခြင်းနဲ့ ဇာတ်တိုက် လေ့ကျင့်ခြင်း တွေကို ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ညှိနှိုင်း ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။
မီးငြှိမ်းသတ်ရေး ကဏ္ဍအနေနဲ့ကတော့ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် တပ်ဖွဲ့ဝင်၊ ယာဉ်/ စက်အင်အားတို့အပေါ် မူတည်ပြီး မီးငြှိမ်းသတ်ရေးအစီအမံတွေကို Level အလိုက် သတ်မှတ်စီမံရေးဆွဲခြင်း၊ မီးလောင်မှုများ ဖြစ်ပွားပါက ဖြစ်ပွားလျှင် ဖြစ်ပွားချင်း သိရှိနိုင်ရေး မီးသတ်တပ်ဖွဲ့ရဲ့ အရေးပေါ်ဖုန်း နံပါတ် - ၁၉၁ (Hot Line Number-191) ကို ပြည်သူလူထု အလွယ် တကူသိရှိနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
မေး ။ ။ ဆရာ့အနေနဲ့ အခြားဖြည့်စွက်
ပြောကြားလိုတာရှိရင် ပြောပြ ပေးပါခင်ဗျ။
ဖြေ ။ ။ မီးသတ်လုပ်ငန်းဆိုတာ မီးသတ်
တပ်ဖွဲ့တစ်ခုတည်း သီးခြား ဆောင်ရွက်လို့ မရပါဘူး။ နိုင်ငံအတွင်းမှာ ရှိတဲ့ ပြည်သူလူထုအပါအဝင် ပရဟိတစိတ် ထားရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်စွာ ဆောင်ရွက်နိုင်မယ့်လုပ်ငန်း ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်အတွင်းမှာ ကျွန်တော် တို့ နိုင်ငံအတွင်း မီးလောင်မှု မဖြစ်ပွားစေဖို့ နဲ့ ဖြစ်ပွားခဲ့ရင်လည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မီးဘေး ကြောင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပြည်သူတွေအနေနဲ့ မီးဘေးလုံခြုံရေး သတိ၊ မီးဘေးလုံခြုံရေး အသိများဖြင့် ဆက်လက်ပြီးတော့ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြပါလို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်။ ။

HOT NEWS
January 4,