မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ


အလုပ်သမားဝန်ကြီးဌာန/ ရုံးအမှတ် ၅၁ ၊ နေပြည်တော် / December 23, 2021


မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံကလေးအလုပ်သမား စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အဖွဲ့ဝင်များမှ Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမား စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက မြန်မာ နိုင်ငံအနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက် အမှတ် ၁၈၂ ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်ခံအတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရ အဖွဲ့မှအမိန့်ကြော်ငြာစာ ထုတ်ပြန်ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မြန်မာနိုင်ငံ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၂-၁၁-၂၀၂၁ ရက်နေ့တွင် ခေတ်ကာလနှင့်အညီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၃၃ (၁၅) နှစ် စီမံကိန်း ကာလ ပထမ(၅)နှစ် စီမံကိန်း ၂၀၁၉-၂၀၂၃ ကို အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းကော်မတီ(၈)ခုနှင့် နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကော်မတီများကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း။

လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ ခုနှစ်၊ ပထမ (၅) နှစ်စီမံချက်ပါ ရည်မှန်းချက် ၆ ရပ်ကို စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍများတွင် စီမံချက် ဦးစားပေး တိုင်းဒေသကြီး ၃ ခု ဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၂ ခုဖြစ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ အသက် ၁၄ နှစ်အောက် ကလေး အလုပ်သမားများနှင့် အသက် ၁၄ နှစ်မှ ၁၈ နှစ်အကြား ကလေးအလုပ်သမားများကို အုပ်စု ၂ ခုခွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

၂၀၂၀ ပြည့်နှစ်၊ နှစ်စဉ်လုပ်သားအင်အားစစ်တမ်း ပထမအကြိမ် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ကလေးဦးရေ ၁၂ သန်းကျော်ရှိရာ အလုပ်လုပ်ကိုင်နေသည့်ကလေး ၀.၃၇ သန်းခန့်ရှိပြီး ကလေးလုပ်သား ၀.၂၉ သန်းကျော်ရှိ၍ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် ကလေးဦးရေ ၀.၂၅ သန်းခန့် ရှိ၍ အဆိုပါ လုပ်ငန်းခွင်မှ ကလေးများကို ကာကွယ်‌စောင့်ရှောက်ပေးရန် အမျိုးသားအဆင့် ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းစီမံချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း။

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ် စိစစ်ရေး လုပ်ငန်းကော်မတီကို ၃၁-၅-၂၀၂၁ ရက်နေ့တွင် ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များ အောင်မြင်စေရေး အဖွဲ့ဝင်အားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း။

လုပ်ငန်းကော်မတီအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်းစီမံချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တိုးတက်ဖြစ်ထွန်းမှုများ၊ စိန်ခေါ်မှုများကို စောင့်ကြည့်လေ့လာအကဲဖြတ်နိုင်ရေး၊ ပေါင်းစပ်ညှိနှိုင်းအကောင် အထည်ဖော်ရေးအတွက် စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ၊ အသိပညာပေးနှင့် အသက်မွေးဝမ်း ကျောင်းပညာ လုပ်ငန်းကော်မတီ၊ ဥပဒေရေးရာလုပ်ငန်း ကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသော ကလေးအလုပ်သမားများ ဖယ်ရှားခြင်းနှင့် ပြန်လည် ကုစားရေး လုပ်ငန်းကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးလုပ်ငန်း ကော်မတီ၊ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီတို့နဲ့ ပေါင်းစပ် ဆောင်ရွက်ဖို့လိုကြောင်း။

ကော်မတီဝင်များအနေဖြင့်     မြန်မာနိုင်ငံ  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ   အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ ကို ကောင်းစွာနားလည်သဘောပေါက်ပြီး    အကောင်အထည်ဖော် ဆောင်ရွက်ဖို့နှင့်     စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းမူ ဘောင် နှင့် စပ်လျဉ်းပြီးညွှန်းကိန်း၊    အချိန်ကာလ၊ တာဝန်ယူမည့်အဖွဲ့ အစည်းများ၏     အကောင်အထည်ဖော်ဆောင်ရွက်မှုကို     စီမံကိန်းရည်မှန်းချက် အောင်မြင်စေရေး အမျိုးသားရေးတာဝန်အဖြစ် ခံယူပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှု မိတ်ဖက် အဖွဲ့အစည်းများ၊ INGO၊ NGOs များနှင့် စဉ်ဆက်မပြတ် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်စေလို ကြောင်းဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့်ကော်မတီ၏ စောင့်ကြည့်အကဲဖြတ် စိစစ်ရေး လုပ်ငန်း ကော်မတီ အတွင်းရေးမှူးနှင့် တက်ရောက်လာသူများက ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

HOT NEWS
January 4,