ရပ်စောက်မြို့နယ်မှ ထွက်ရှိသော စိန်တလုံးသရက်သီးများအား ပြည်ပဈေးကွက်သို့စတင် တင်ပို့

ရပ်စောက်မြို့နယ်မှ ထွက်ရှိသော စိန်တလုံးသရက်သီးများအား ပြည်ပဈေးကွက်သို့စတင် တင်ပို့


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / June 04, 2020
image_latest


ရပ်စောက်  ဇွန်  ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်မှ ထွက်ရှိသော စိန်တလုံး သရက်သီးများကို ပြည်ပပို့ကုန်အဖြစ် ယမန်နေ့က ရပ်စောက်မြို့၊ မကျီးကုန်းကျေးရွာ  အုပ်စု၊ သပြေကုန်းကျေးရွာအနီး သရက်သီးပြုပြင်ထုပ်ပိုး စက်ရုံမှတစ်ဆင့် စင်္ကာပူနိုင်ငံသို့ စတင် တင်ပို့နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံမှ ရပ်စောက်မြို့နယ်ရှိ သရက်ဥယျာဉ်ခြံများမှ ထွက်ရှိသည့် စိန်တလုံး သရက်သီးများကို အမျိုးအစား (၄)မျိုး ခွဲခြားသတ်မှတ်ကာ ဂရမ် ၂၇ဝ မှ ဂရမ် ၃၅ဝ ရှိ အသီး တစ်တန်လျှင် မြန်မာကျပ်ငွေ ၈သိန်းခွဲဖြင့် လည်းကောင်း၊ ဂရမ် ၃၂ဝ မှ ဂရမ် ၃၈ဝ ရှိ အသီး တစ်တန်လျှင် မြန်မာကျပ်ငွေ ၁ဝ သိန်းဖြင့် လည်းကောင်း၊ ဂရမ် ၄ဝဝမှ ဂရမ် ၄၅ဝ ရှိ အသီး တစ်တန်လျှင် မြန်မာကျပ်ငွေ ၁၁သိန်းခွဲဖြင့် လည်းကောင်း၊ ဂရမ် ၄၅ဝအထက်ရှိ အသီး တစ်တန်လျှင် မြန်မာကျပ်ငွေ ၁၃သိန်းခွဲဖြင့် လည်းကောင်း တောင်သူများအနေဖြင့်  အသားတင်ရရှိမည်ဖြစ်ပြီး ကားခ၊ ခြင်းတောင်း၊ အိတ်၊ စက္ကူနှင့် အခြားသောကုန်ကျစရိတ်များ၊ အလုပ်သမားခများ မပါရှိဘဲ စက်ရုံသို့ပို့ပေးရန်သာ လိုအပ်ကြောင်း သိရသည်။

စက်ရုံသို့ ရောက်ရှိလာသော အသီးများကို ဆေးရည်စိမ်ခြင်း၊ အသီးအရွယ်အစား  ရွေးချယ်ခြင်း၊ အရွယ်အစားအလိုက် ထုပ်ပိုးခြင်း လုပ်ငန်းအဆင့်ဆင့်ကို စက်ရုံတွင် ဆက်လက်လုပ်ဆောင်ပြီး ပြည်ပသို့ တင်ပို့ခြင်းဖြစ်ကြောင်း၊ ရပ်စောက်မြို့နယ်တွင် စိန်တလုံး၊  ရင်ကွဲ၊ မြကျောက်၊ ရွှေဟင်္သာ၊ မချစ်စု အစရှိသည့် သရက်အမျိုးအစားများကို စိုက်ဧက တစ်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး  စိန်တလုံးသရက်ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မှတဆင့် တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဈေးကွက် ဖြန့်ကျက်နိုင်မှုအရ အခြားသော ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချနိုင်မှုများရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း စင်္ကာပူနိုင်ငံ၏  ဝယ်လိုအားဖြင့် ရပ်စောက်မြို့နယ်မှ စိန်တလုံးသရက်သီးများကို စတင်တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်း၊ သရက်သီးရာသီအတွင်း ဒေသခံများကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ကာ အပိုဝင်ငွေများလည်း ရရှိနိုင်မည်ဖြစ် ကြောင်း စက်ရုံမန်နေဂျာထံမှ သိရသည်။

ဇော်ဝင်း(ပြန်/ဆက်)

HOT NEWS
January 4,