ရေလှောင်တမံ ဝန်းကျင်ဒေသ၏ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံပြုစု

ရေလှောင်တမံ ဝန်းကျင်ဒေသ၏ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံပြုစု


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 26, 2020
image_latest


နေပြည်တော်  မတ်လ  ၂၆

ရေလှောင်တမံဝန်းကျင်ဒေသ၏ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံ ပြုစုတင်ပြခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီးဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က HEC-RAS Model နှင့် GIS နည်းပညာများ အသုံးပြု၍ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံ ပြုစုမှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြောင်းလဲလာလျက်ရှိနေသည့် ရာသီဥတု၏ သက်ရောက်မှုဒဏ်ကို ကမ္ဘာ့ဒေသအသီးသီးတွင် ခံစားရလျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စားနပ်ရိက္ခာဖူလုံ ပိုလျှံရေးသာမက အစားအစာ ဘေးကင်းလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများ အနည်းဆုံးအဆင့်ဖြစ်စေရေး ကြိုတင်အစီအမံများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေ သောက်သုံးရေ ရရှိရေးနှင့် ဒေသစိမ်းလန်း စိုပြည်ရေး တို့အတွက် တည်ဆောက်ထားရှိသော ဆည်တမံကြီးများ၏ ဘေးကင်းလုံခြုံရေး လုပ်ငန်းများကို ပြည်တွင်း ပြည်ပ ပညာရှင်များ၏ ပူးပေါင်းမှုတို့ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မမျှော်မှန်းနိုင်သော သဘာဝဘေး အန္တရာယ်များကြောင့် တမံကြီးများ ထိခိုက်မှုဖြစ်ပေါ်ခဲ့ပါက ဒေသနေပြည်သူများ ဘေးကင်းလုံခြုံမှုရှိရာသို့ အမြန်ဆုံး ရှောင်တိမ်းနိုင်မည့် အနီးဆုံးခိုလုံရာ နေရာများ ရှာဖွေဖော်ထုတ်ပေးခြင်း၊ ရေလမ်းကြောင်း အခြေအနေ၊ ရေလွှမ်းနိုင်မည့် ဧရိယာများကို ဒေသနေပြည်သူများအား အသိပေးလမ်းညွှန်နိုင်မည့် ဘေးကင်း လုံခြုံမှု တည်နေရာပြမြေပုံ ဖော်ထုတ်ရေးဆွဲခြင်းကို ယခုဆောင်ရွက်မည့် တောင်နဝင်းဆည်ကဲ့သို့ နိုင်ငံတဝန်းရှိ အခြားဆည်များကိုလည်း ဦးစားပေးအလိုက် စနစ်တကျရေးဆွဲဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ရေလှောင်တမံများ ဘေးကင်းလုံခြုံမှုလုပ်ငန်းစဉ်များကို ယခင်ကထက် ပို၍အလေးထား ဆောင်ရွက်လျက်ရှိရာတွင် ဘေးအန္တရာယ်ကြိုတင် ပြင်ဆင်ရေး စီမံချက် (Emergency Preparedness Plan) ကို ရေးဆွဲပြီး လိုက်နာအကောင်အထည်ဖော်လျက်ရှိသည်။ EPP ရေးဆွဲဆောင်ရွက်ရာတွင် အဓိကကျသည့် ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံပြုစုခြင်းကို ကနဦးစီမံချက် အနေဖြင့် တောင်နဝင်းရေလှောင်တမံကို ရွေးချယ်၍ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် World Bank, USACE နှင့် KRC တို့၏ နည်းပညာ အကူအညီများဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရေလှောင်တမံအောက်ဘက် ဒေသများတွင် နေထိုင်လျက်ရှိကြသည့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်မှုမရှိစေရန် တမံများကြံ့ခိုင်မှုနှင့် လုံခြုံရေး အစီအမံများ စနစ်တကျရေးဆွဲ ချမှတ် ဆောင်ရွက် လျက်ရှိသော်လည်း၊ မမျှော်လင့်သော သဘာဝဘေးများကြောင့် ရေလှောင်တမံ ကျိုးပေါက်မှု ဖြစ်ပေါ်လာပါက ဒေသနေပြည်သူများအတွက် ဘေးကင်းလုံခြုံသည့် ကုန်းမြင့်တည်နေရာများ သိရှိရှောင်တိမ်း နိုင်ကြစေရန် ဒေသ၏လက်ရှိ  မြေမျက်နှာအသွင်ပြင်အရ ရေလမ်းကြောင်း၊ ရေစီးနှုန်းကြာမြင့်ချိန်၊ ဖြစ်ပေါ်လာနိုင်သည့် ရေပြင် အတိမ်အနက်၊ ရေလွတ်ကုန်းမြေ တို့ပါဝင်သည့် ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံကို ဒေသခံပြည်သူများအား ကြိုတင်ချပြပေးခြင်းဖြင့် ဘေးလွတ်ရာသို့ အန္တရာယ်ကင်းရှင်းစွာ ရောက်ရှိစေမည် ဖြစ်သည်။

အဆိုပါလုပ်ငန်း၏ ကနဦးစီမံချက်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်ရှိ တောင်နဝင်း ရေလှောင်တမံ ဧရိယာတွင်  စတင်ဆောင်ရွက်ခြင်းဖြစ်ကာ  ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလ မတိုင်မီ ဒေသနေပြည်သူများအား ချပြရှင်းလင်းခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး ကျန်ရှိသောရေလှောင်တမံများကိုလည်း ဦးစားပေးအလိုက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,