အချိန်အခါမရွေး ကျန်းမာရေးအသိရှိရမည်

အချိန်အခါမရွေး ကျန်းမာရေးအသိရှိရမည်


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 21, 2020


ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ ကျန်းမာမှသာ အရာရာကို ဆောင်ကြဉ်းနိုင်မည် ဖြစ်သည်။ လောကီရေးဘက်တွင်သာမက လောကုတ္တရာဘက်တွင်ပါ ကျန်းမာပါမှ အလိုရှိရာကို အားထုတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နေ့စဉ်နှင့်အမျှ မိမိတို့၏ကျန်းမာရေးကို အထူးဂရုစိုက်ကြရမည် ဖြစ်သည်။ ကျန်းမာပါမှ မိမိတို့၏ဘဝ ရည်မှန်းရာပန်းတိုင်များသို့ ကိုယ်စီကိုယ်စီ တက်လှမ်းနိုင်မည် ဖြစ်သည်။

လောကလူသားတို့သည် ဤကမ္ဘာလောကကြီးတွင် ကျင်လည်နေသမျှ ကာလပတ်လုံး ပျက်စီးခြင်း ဟူသော ကပ်သုံးပါးနှင့်ရင်ဆိုင်ကြရသည်။ ဒုဗြိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါးခြင်းကြောင့် ပျက်စီးခြင်း၊ သတ္တန္တရကပ် - လက်နက်ဘေးကြောင့် ပျက်စီးခြင်း၊ ရောဂန္တရကပ် - ရောဂါဘေးကြောင့် ပျက်စီးခြင်း တို့နှင့် ကြုံတွေ့ကြရသည်ဖြစ်ရာ ယခုအခါ ရောဂါဘေးကြောင့် ပျက်စီးခြင်းကို ကမ္ဘာ့လူသားများ ကြုံတွေ့နေကြရသည်။

ထိုကပ်ဘေးသုံးမျိုးသည်ကမ္ဘာတည်သရွေ့ ကြုံတွေ့နေရဦးမည်ဖြစ်၍ သတ္တဝါတို့ လောဘတရား ကြီးမားလွှမ်းမိုးလာသောအခါ ကြုံတွေ့ရသည့် ငတ်မွတ်ဘေး၊ ဒေါသတရား ကြီးမားလွှမ်းမိုးလာသော အခါကြုံတွေ့ရသည့် လက်နက်ဘေး၊ မောဟတရား ကြီးမားလွှမ်းမိုးလာသောအခါ ကြုံတွေ့ ရသည့် ရောဂါဘေးတို့ လျော့ပါးမကြုံတွေ့ရစေရေးအတွက် လောဘ၊ ဒေါသ၊ မောဟတရားများ ပါးလျားမတိုးပွားအောင် အားထုတ်ကြရမည် ဖြစ်သည်။

ထိုကပ်သုံးပါးတွင် ရောဂန္တရကပ်ဘေးသည် လက်ရှိတွင် ကြုံတွေ့နေရဆဲဖြစ်ပြီး ရှေ့အဖို့တွင်လည်း ကြုံတွေ့ကြရဦးမည်ဖြစ်၍ ရောဂါဘေးအမျိုးမျိုးတို့မှ ကင်းဝေးရေးအတွက် လောကအလိုအားဖြင့် ကျန်းမာရေးနှင့် ညီညွတ်အောင်နေထိုင်စားသောက်တတ်ဖို့ အလေ့အကျင့်ပြုကြရမည် ဖြစ်သည်။ ယနေ့ကြုံတွေ့နေရသော ကိုဗစ်-၁၉ ကူးစက်ရောဂါသည် လွယ်လွယ်နှင့်ပျောက်ကွယ်သွားမည် မဟုတ်ကြောင်းနှင့် ကာကွယ်ဆေးမှာလည်း မြန်မြန်ဆန်ဆန် ပေါ်ထွက်လာမည်မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆေးသိပ္ပံပညာရှင်က အသိပေးထားသည်။

အချိန်ကာလအားဖြင့် ငါးလခန့်ကြာမြင့်လာပြီဖြစ်သည့် အဆိုပါ ကူးစက်ရောဂါကပ်ဘေးကြောင့် ပြည်သူများသည် နေအိမ်များတွင်သာ နေထိုင်သွားရမည်မှာ ရေရှည်တွင်မဖြစ်နိုင်၊ လူ့ဘဝရှင်သန် ရပ်တည်နေ ထိုင်နိုင်ရေးအတွက် ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အရေးကိစ္စများကို မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်ကြရဦးမည် ဖြစ်သည်။ မိမိတို့ကို အန္တရာယ် ပေးနေသောရန်သူကို အနိုင်မတိုက်နိုင်သေးလျှင် ထိုရန်သူ ဒုက္ခမပေးနိုင်အောင် ကာကွယ်ပေးကြရမည်ဖြစ်သည်။ ။

ကိုဗစ်-၁၉ ရောဂါဘေးသည် ယခုမှကြုံတွေ့ရသည့် အသစ်အဆန်း ရောဂါဘေး ဖြစ်သည်။ ပြည်သူများ အနေဖြင့် ရောဂါဘေးအမျိုးမျိုးတို့ကို ကြုံတွေ့ခဲ့ကြရပြီးဖြစ်သည်။ အမြစ်ပြတ်ချေမှုန်းခဲ့သော ရောဂါဘေးများ ရှိသလို အမြစ်မပြတ်ဘဲ လူအများနှင့် အတူနေရောဂါများလည်း ရှိသည်။ ယင်းရောဂါများတွင် ကြောက်မက်ဖွယ် ကူးစက်ရောဂါ HIV/AIDS သည် ကမ္ဘာ့လူသားများ၏ အသက်သန်းပေါင်းများစွာကို ခြွေခဲ့ပြီးဖြစ်သည်။ သို့သော် ထိုရောဂါသည် လူသားများကြားတွင် ရှိနေသော်လည်း ကူးစက်မှု နည်းအောင်၊ ကူးစက်ခြင်းမခံရအောင် သူတို့ ပြုမူနေထိုင်ခဲ့ကြသည်။

ဤသဘောတရားကဲ့သို့ပင် လူတို့ကြားတွင် ရေရှည်ဖြစ်ပေါ်လာနိုင်သည့် ကိုဗစ်-၁၉ ရောဂါကို အနိုင်ယူမတိုက်နိုင်မီ ရောဂါကူးစက်မှု လျော့ကျလာအောင်၊ ကူးစက်ခြင်းမခံရအောင် သူတို့ နေ့စဉ်နှင့်အမျှ ရောဂါ ကာကွယ်ရေးအလေ့အထဖြင့် ပြုမူနေထိုင်ကြရမည်ဖြစ်သည်။ နေအိမ်မှ အပြင်ထွက်လျှင် မျက်နှာ၊ နှာခေါင်း၊ ပါးစပ်အကာအကွယ်များ ဝတ်ဆင်ရန်၊ လူစု လူဝေးများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန်၊ နှာချေ၊ ချောင်းဆိုးလျှင် လက်ဖမိုး၊ တံတောင်တို့ အသုံးပြုရန်၊ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန်၊ ကိုယ်ခံအားကောင်းအောင် ကျင့်ကြံနေထိုင်မွေးမြူရန်၊ သားစိမ်း၊ ငါးစိမ်း များကို ရှောင်ရှား၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို စားသောက်ရန်ဟူသော အချက်များကို လူတိုင်းလူတိုင်း လိုက်နာဆောင်ရွက် ကြလျှင် ရောဂါဘေးမှ ကင်းဝေးမည်ဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာ့လူသားများသည် ကမ္ဘာတည်သရွေ့ ကပ်သုံးပါးနှင့် မလွတ်ကင်းနိုင်ကြသည်ဖြစ်ရာ ယခု လက်ရှိနှင့် နောင်အခါကာလ လူသားများအား အလွယ်တကူရန်မူလာနိုင်သော ရောဂါကပ်ဘေး ကင်းဝေးရေး အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထကောင်းများကို နေ့စဉ်မပျက်မကွက် ဆောင်ကြဉ်းကြဖို့ တိုက်တွန်းလိုပါသည်။ ။

HOT NEWS
January 4,