၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ yangon / June 04, 2020
image_latest


 

ရန်ကုန်  ဇွန် ၄

၂၀၁၉ ခုနှစ်အတွက်  အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ  ဗဟို ပုံနှိပ်စက်ရုံ  အစည်းအဝေးခန်းမနှင့် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာအသံ နှင့် ရုပ်မြင် သံကြား တို့တွင် နေရာခွဲ၍ Video Conferencing   ဖြင့် ကျင်းပမှုအပြင် နေအိမ်မှ  Zoom Cloud  ဖြင့် ဝင်ရောက်ဆွေးနွေးမှုတို့ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က တက်ရောက် ဆွေးနွေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ကျင်းပသည့်  ၂၀၁၉ ခုနှစ် အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်း အဝေးကို   ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေအရ ယခုတစ်နေရာ တည်းတွင်သာ စုံညီ ကျင်းပခြင်း မျိုးမဟုတ်ဘဲ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌  နေရာခွဲခြား ကျင်းပမှုအပြင် ပညာရှင်အချို့လည်း နေအိမ်မှ ပါဝင်ဆွေးနွေးမှုဖြင့် စီစဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကော်မတီ၏ ပထမဆုံးအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေ အရ ယခင်နှစ်ကထက်  တစ်လခန့် နောက်ကျပြီးမှ ကျင်းပနိုင်သော်လည်း အမျိုးသား စာပေဆု ချီးမြှင့်သည့်(စာဆိုတော်နေ့) နတ်တော်လဆန်း (၁) ရက်နေ့တွင် ကျရောက်မည့် အမျိုးသားစာပေဆုချီး မြှင့်သည့် အခမ်းအနားမှာ လာမည့်  ဒီဇင်ဘာလ  (၁၅) ရက်မှ ဖြစ်သည့်အတွက် ( ၁၀ )ရက်ခန့်သာ နောက်ကျရာ ဆောင်ရွက်ချိန် (၆)လခန့် ရရှိသဖြင့်  အချိန် လုံလောက်စွာရ ရှိသည်ဟု မြင်ပါကြောင်း။

အမျိုးသားစာပေဆုသည် နိုင်ငံတော်က အသိအမှတ်ပြုချီးမြှင့်ခြင်းဖြစ်သည့် အတွက် တန်ဖိုးထား ဂုဏ်ယူရသကဲ့သို့ စာပေသမားများအပြင် ပရိသတ်များအနေဖြင့်လည်း တန်ဖိုး ထား လေးစားမှု ရှိပါကြောင်း ၊ နိုင်ငံတကာဆက်ဆံရေးတွင်လည်း ယင်းဆုရ ပုဂ္ဂိုလ်များကို အသိအမှတ်ပြုပြီး လေးစားမှုရှိပါကြောင်း၊ ထိုကဲ့သို့ တန်ဖိုးထားကြခြင်းမှာ စာပေဆု ရွေးချယ်ရေး ကော်မတီ၏ အမြော်အမြင်ရှိမှု၊ သမာသမတ်ကျမှုတို့ အပေါ်တွင်လည်း မူတည် ပါကြောင်း၊ မလိုလားအပ်သော အားနာမှု၊ လိုက်လျောမှုတို့ကြောင့် ဆုရရှိမှု အရည်အသွေး အပေါ် ဝေဖန်မှုများလာပါက ဂုဏ်သိက္ခာနှင့် တန်ဖိုးထိခိုက် အားနည်းနိုင်ပါကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များအနေဖြင့် ပါဝင်ဆောင်ရွက်ရချိန်တွင် အလေးအနက်ထား ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယင်းအချက်ကို ကော်မတီဝင်များ အနေဖြင့် သိရှိပြီး ဖြစ်သော်လည်း ပထမဆုံးအကြိမ် ဆုရွေးချယ်ရေး အစည်းအဝေးတွင် ပြောသင့် ပြောထိုက် သည်ဟု ခံယူပြီး  ပြောဆိုရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ စည်သူ ဒေါက်တာ သော်ကောင်းနှင့်  ၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁)  ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) တို့က Video Conferencing  ဖြင့်    အမှာစကား ပြောကြားကြသည်။

ယင်းနောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ်  ဦးကိုကိုနိုင်က   စာပေဆုဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းအုန်း (မောင်ဇေယျာ)က အမျိုးသားစာပေဆုအတွက် ရွေးချယ်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 

ထို့နောက် တက်ရောက်လာကြသူများက  ဆုရွေးချယ်ရေးကော်မတီ ဖွဲ့စည်းထားမှု အခြေ အနေ၊ ဆုရွေးချယ်ရေးဆိုင်ရာ စည်းမျဉ်:စည်းကမ်းများ၊ ဆုရစာအုပ် များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စာအုပ်အမျိုးအစား ခွဲခြားထားရှိမှု၊ ကလေးစာပေဆုအတွက် ပိုမိုပီပြင် ခေတ်မီသော ဆုစည်းကမ်းများ  ပြောင်းလဲသတ်မှတ်ရေး၊ ဆုရွေးချယ်မှုဆိုင်ရာ လုပ်ငန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ပြိုင်ပွဲဝင်စာအုပ်များ ပြည်စုံစွာ  လက်ခံရရှိမှု အခြေအနေနှင့် ဆုရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းများ စီစဉ်ထားရှိမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း  ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား  ပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို နိုင်ငံတော်အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန၏ ၂၀၂ဝ ပြည့် နှစ် မတ် (၄)ရက်  ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂-၆(၃)/  ၂၀၂ဝ ဖြင့် ကော်မတီဥက္ကဋ္ဌအဖြစ် စည်သူဒေါက်တာသော်ကောင်း၊ ဒုတိယ ဥက္ကဋ္ဌများအဖြစ် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း) တို့ အပါအဝင် အဖွဲ့ဝင်စုစုပေါင်း (၅၄) ဦးတို့ဖြင့် ဖွဲ့စည်းထားရှိကြောင်း၊ ပြန်ကြားရေး ဝန်ကြီး ဌာန၏ ပံ့ပိုးမှု၊ ပုဂ္ဂလိက စာအုပ်စုဆောင်းသူ၊ စာအုပ်တိုက်ကြီးများ၊ စာကြည့်တိုက်များ အကူ အညီဖြင့် စာအုပ်များကို စုစည်းပြီး ဘာသာရပ်အလိုက် အဖွဲ့ငယ်များ ထပ်မံဖွဲ့စည်းကာ အမျိုးသားစာပေစိစစ်ရွေးချယ်ရေး မူဝါဒများနှင့်အညီ စိစစ်ရွေးချယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ 

(သတင်းစဉ်)

HOT NEWS
January 4,