ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် မြန်မာကျပ်ကျပ်ငွေ ၁၈၈၀၀ ဒသမ ၁၆ သန်း တန်ဖိုးရှိ ကျောက်စိမ်းအရိုင်းအတွဲ ၁၀၃၈ တွဲ ရောင်းချခဲ့ရ

ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် မြန်မာကျပ်ကျပ်ငွေ ၁၈၈၀၀ ဒသမ ၁၆ သန်း တန်ဖိုးရှိ ကျောက်စိမ်းအရိုင်းအတွဲ ၁၀၃၈ တွဲ ရောင်းချခဲ့ရ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / June 12, 2019
image_latest


နေပြည်တော် ဇွန် ၁၁

မြန်မာကျပ်ငွေဖြင့် ပြသရောင်းချသည့် ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ဆက်လက်ကျင်းပသည်။

ပြပွဲကျင်းပသည့် နံနက်ပိုင်းမှစတင်၍ ကျောက်စိမ်းအရိုင်း ဝယ်ယူခွင့်ရရှိသူများ စာရင်းထုတ်ပြန် ကြေညာလျက်ရှိသည့် ကျောက်စိမ်းခန်းမအတွင်းနှင့် ကျောက်စိမ်းခန်းမ အပြင်ဘက်ရှိ ကျောက်စိမ်းအရိုင်းပြကွက်များတွင် ပြည်တွင်း ကျောက်မျက်ရတနာ ကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက် ၁၀ နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် တာဝန်ရှိသူများနှင့်အတူ သတ်မှတ် ဇုန်များအလိုက် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းပြကွက်များအား လေ့လာကြည့်ရှုပြီး ဈေးနှုန်းအဆိုပြုလွှာများတင်သွင်းရန် လေ့လာနေကြသည့် ကျောက်မျက်ရတနာကုန်သည်များအား ကြည့်ရှုအားပေးသည်။

ယနေ့ ဇွန်လ ၁၁ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၁ မှ ၁၀၅၀ တွဲထိပြသခဲ့ရာ မြန်မာကျပ်ငွေ ၁၈၈၀၀ ဒသမ ၁၆ သန်း တန်ဖိုးရှိ ကျောက်စိမ်းအရိုင်းအတွဲ ၁၀၃၈ တွဲ ရောင်းချခဲ့ရ ပြီး ဇွန်လ ၁၂ ရက်တွင် ကျောက်စိမ်းအရိုင်းအတွဲအမှတ် ၁၀၅၀ မှ ၂၁၀၀ ထိကို လည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် အတွဲအမှတ် ၂၁၀၀ မှ ၃၁၀၈ တွဲထိကိုလည်းကောင်း ဆက်လက် ရောင်းချသွားမည်ကြောင်း သိရသည်။

`` ကျောက်မျက်ရတနာတွေ ပြသရောင်းချတဲ့နေရာမှာ ပွဲမှာနိုင်ငံခြားငွေနဲ့ ရောင်းချတဲ့ပြပွဲနဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ပြပွဲဆိုပြီး ပြပွဲအမျိုး အစားနှစ်မျိုး ရှိပါတယ်၊ နိုင်ငံခြားငွေနဲ့ရောင်းချတဲ့ပြပွဲကတော့ နိုင်ငံခြားသားကျောက်မျက် ရတနာကုန်သည်တွေရဲ့ ဝယ်လိုအားကိုကြည့်ပြီး နိုင်ငံခြားငွေ ရရှိစေဖို့ကျင်းပ တာဖြစ်ပြီး မြန်မာကျပ်ငွေနဲ့ရောင်းချ တဲ့ပြပွဲကိုတော့ ပြည်တွင်းမှာရှိတဲ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်အငယ်တွေ ကျောက်ကုန်ကြမ်းရရှိစေဖို့ဖြစ်ပြီး ရောင်းချတဲ့ ကုန်သည်တွေအတွက်လည်း မြန်မာကျပ်ငွေနဲ့ ပြသရောင်းချတဲ့ နေရာအခွင့်အလမ်းရရှိစေဖို့နဲ့ ငွေကြေး လည်ပတ်စေနိုင် ဖို့ဖြစ်ပါတယ်၊ ဒီလို ရည်ရွယ်ချက်တွေနဲ့ မြန်မာကျပ်ငွေနဲ့ ပြသရောင်းချပွဲတွေ ကျင်းပရခြင်းဖြစ်ပါတယ်´´ ဟု မြန်မာ ကျပ်ငွေဖြင့် ပြသရောင်းချပွဲဖြစ်ပေါ်လာပုံကို ကျောက်မျက် ရတနာပြပွဲ ကျင်းပရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းဇော်ဦးက ပြောပြသည်။

`` ပြပွဲမှာ ကျောက်စိမ်းအရိုင်းတွေနဲ့ ကျောက်မျက်ရတနာ အရိုင်းတွေ ပါဝင်ပါတယ်၊ ကျောက်မျက်ရတနာအရိုင်းတွေကို မိုးကုတ်မြို့က အများအားဖြင့် လာရောက်ဝယ် ယူကြပြီး ကျောက်စိမ်းအရိုင်းတွေကိုတော့ မန္တလေးမြို့မှာနေတဲ့ ကုန်သည် တွေ လာရောက်ဝယ်ယူကြတာ များပါတယ်၊ ပြပွဲစာရင်းအရ ကျောက်မျက်ရတနာကုန်သည် နှစ်ထောင်ခန့်တက်ရောက် နေပါတယ်၊ ရောင်းသူရော ဝယ်သူကိုပါ ရတနာကုန်သည်လို့ သတ်မှတ်ပြီး လက်ရှိ ဝယ်ယူသူ ၄၀၀ ခန့်ရှိပါတယ်၊ အာမခံ စပေါ်ငွေသွင်းသူတွေကို အမှန်တကယ် ဝယ်ယူမယ့် ရတနာ ကုန်သည် လို့သတ်မှတ်ပြီး ကျန်သူတွေကပြသရောင်းချပွဲကို အထောက်အကူဖြစ်စေတဲ့ သူတွေဖြစ်ပါတယ်´´ ဟု ၎င်းကဆိုသည်။

`` ဒီနေ့ကတော့ ကျောက်စိမ်းတွဲရောင်းချတဲ့ ပထမနေ့ဖြစ်ပါတယ်၊ ဝယ်ယူခွင့်ရရှိသူတွေကို သေချာစွာ စိစစ်ထုတ်ပြန် ပေးလျက် ရှိပါတယ်၊ အိတ်ဖွင့်တင်ဒါစနစ်နဲ့ရောင်းချပေးခြင်းဖြစ် ပါတယ်၊ သတ်မှတ်ထားတဲ့ဇုန်တွေမှာ အနီးစပ်ဆုံး ပုံသဏ္ဍာန်တူ အမျိုးအစားတူ ကျောက်တွေကို အတွဲလိုက် ခင်းကျင်းပြသထားပါ တယ်၊ ကျောက်စိမ်းအရိုင်းအတွဲ ၃၁၀၈ တွဲ ပြသထားပါတယ်။ ကျောက်တွဲတစ်တွဲခြင်းစီတိုင်းမှာ ကျောက်ရဲ့တွဲအမှတ် ၊ အလေးချိန်၊ အတုံးအရေအတွက် တွေကိုလည်း ဖော်ပြထားပါတယ်၊ အဲဒါကို ကြည့်ပြီးအမြင့်ဆုံး ပေးနိုင်တဲ့ဈေးနှုန်း အဆိုပြုလွှာတွေကို တင်သွင်းရမှာ ဖြစ်ပါတယ်၊ လုံလောက်တဲ့ အာမခံစပေါ်ငွေသွင်း ထားပြီး ဈေးနှုန်းအများဆုံးပေးတဲ့သူကို ဝယ်ယူခွင့် ထုတ်ပြန်ကြေညာ ပေးပါတယ်၊ ကျောက်စိမ်းရဲ့ အခြေခံဈေးကို ၁၀ သိန်းသတ်မှတ်ထားပါတယ်၊ အာမခံစပေါ်ငွေရဲ့ ၁၀ ဆ ဝယ်ယူခွင့်ပြု ထားပါတယ်´´ ဟု အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးကပြောသည်။

အခွန်ကောက်ခံရရှိမှုများနှင့် ပတ်သက်၍လည်း ၎င်းက ဆက်လက်ရှင်းပြသည်။

`` ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ကျောက်စိမ်း အရိုင်းတွေအပေါ်မှာ ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းတွေ အပေါ် ၁၀ ရာခိုင်နှုန်းပြဋ္ဌာန်းထားပါတယ်၊ ကျောက်မျက်ရတနာဥပဒေအရ ဝန်ဆောင်ခအနေနဲ့ ကျောက်စိမ်းအရိုင်း ထည်တွေအပေါ် ၃ ရာခိုင်နှုန်းနဲ့ အချောထည်အပေါ် ၁ ရာခိုင်နှုန်းကောက်ယူပါတယ်´´ ဟု ပြောသည်။

ဈေးနှုန်းအဆိုပြုလွှာတင်သွင်းရန် လေ့လာကြည့်ရှုလျက်ရှိသည့် ကျောက်မျက် ရတနာကုန်သည် ကိုအောင်သာထူးက `` မန္တလေးကနေ လာရောက်ရခြင်းဖြစ်ပါတယ်၊ မြန်မာကျပ်ငွေနဲ့ ပြသရောင်းချပေးတဲ့အတွက် အလွှာမျိုးစုံက လူတန်းစားမျိုးစုံ လာရောက် လေ့လာဝယ်ယူနိုင်တာပေါ့ဗျာ၊ ကြမ်းခင်းဈေးကလည်း ၁၀ သိန်းသတ်မှတ်ထားတယ် ဆိုတော့ သူနိုင်တဲ့အတန်းနဲ့ သူဝယ်ယူကြတယ်၊ မြန်မာကျပ်ငွေနဲ့ဆိုတော့ လူတန်းစားမျိုးစုံ အဆင်ပြေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်၊ ကျောက်မျက်ရတနာ ဆိုတာ ဈေးကွက်အပေါ် မူတည်ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်၊ အကျိုးတူ ရောင်းဝယ်တဲ့နေရာမှာ ဝယ်ယူပြီးရင် အောင်နိုင်မယ်လို့ ယူဆရတဲ့ ကျောက်တွေကို တော်တော်များများ တွေ့ရပါတယ်၊ ကျောက်အရောင်းအဝယ်ဆိုတာကတော့ တစ်ဦးနဲ့တစ်ဦး အယူအဆမတူနိုင်ပါဘူး၊ ကျောက်မျက်ရတနာကုန်သည်တွေ အားလုံးကို အဆင်ပြေချောမွေ့စေချင်ပါတယ်၊ မြန်မာ့ ကျောက်မျက်ဈေးကွက် ပိုပြီးဦးမော့ လာနိုင်စေချင်တယ်၊ နိုင်ငံကို အခွန်မဆောင်ဘဲ ပြည်ပကို ခိုးထွက်နေ တဲ့လမ်းကြောင်းတွေကို တင်းတင်းကြပ်ကြပ် တားမြစ်စေချင်တယ်၊ မန္တလေးမှာ ကျောက်မျက်ရတနာတွေ ရောင်းဝယ်တဲ့အခါ တရားဥပဒေနဲ့အညီ အာမခံပေး တဲ့အဖွဲ့အစည်းတစ်ခု အခိုင်အမာ ရှိစေချင်တယ်၊ ဒါမှလည်း မြန်မာ့ကျောက်မျက် ရတနာတွေဟာ ပိုပြီးတန်ဖိုးရှိ လာမယ်၊ နိုင်ငံတော်လည်း အခွန်ငွေတွေ များများရမယ်၊ လူထု လူတန်းစားမျိုးစုံလည်း ပိုမိုအဆင်ပြေလာမှာဖြစ်ပါတယ်´´ ဟု ၎င်းဆိုသည်။

မင်းမင်းဇော် (ကလေး၀)

HOT NEWS
January 4,