အမှုထမ်းအဆင့် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၂/ ၂၀၁၉) သင်တန်းဖွင့်ပွဲကျင်းပ

အမှုထမ်းအဆင့် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၂/ ၂၀၁၉) သင်တန်းဖွင့်ပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 21, 2019
image_latest


နေပြည်တော် မေ ၂၁

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်း၊ အမှုထမ်းအဆင့် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲတွင် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကျောင်းတွင် ဌာနအသီးသီးမှ အတွေ့အကြုံရှိသည့် သင်တန်းနည်းပြများသည် ဌာန၏ မျိုးဆက်သစ် လူငယ်များဖြစ်သည့် ဝန်ထမ်းငယ်များကို ဌာနနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သင်ကြား ပို့ချပေးကြမည်ဖြစ်သည့် အတွက် သင်တန်းသား ဝန်ထမ်းငယ်များကလည်း သင်ကြားပို့ချမှုများကို အထူးကြိုးစားလေ့လာ မှတ်သားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းက ပို့ချသည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြပြီး မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ အသုံးချ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ဌာန၏ လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ထမ်းများသည် လုပ်ချင်ကိုင်ချင်စိတ် အပြည့်နဲ့ စွမ်းဆောင်ရည် မြင့်မားရန်လည်း အရေးကြီးပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် IT နည်းပညာများ တတ်ကျွမ်းရန်နှင့် နိုင်ငံတကာသုံး အင်္ဂလိပ် ဘာသာစကားအပြင် အိမ်နီးချင်းနိုင်ငံများ၏ ဘာသာစကားများကိုလည်း တတ်ကျွမ်းရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် ဌာန၏ဘာသာရပ် ဆိုင်ရာ သင်ခန်းစာများအပြင် ဝန်ထမ်းများ သိသင့်သိအပ်သည့် ဗဟုသုတ အကြောင်းအရာ များစွာကိုပါ သင်ကြားပို့ချ ဆွေးနွေးသွားမည်ဖြစ်သည့်အတွက် ဂရုတစိုက် လေ့လာမှတ်သားကြရန် အထူးမှာကြား လိုပါကြောင်း။

သင်တန်းသူများအနေဖြင့် သင်တန်းက ချမှတ်ထားသည့် သင်တန်းစည်းကမ်းများနှင့် သင်တန်း အိပ်ဆောင်စည်းကမ်းများကိုလည်း စည်းကမ်းတကျ လိုက်နာကြရမည်ဖြစ်ပြီး အတွေ့အကြုံကောင်း များစွာရှိသည့် နည်းပြအရာရှိများ၏ သင်ကြားပို့ချမှုများကို ဂရုတစိုက်သင်ယူ မှတ်သားကြရမှာ ဖြစ်ပါကြောင်း၊ အစဉ်လေ့လာ သင်ယူလိုသော စိတ်ဓာတ်မွေးမြူပြီး ကျန်းမာကြံ့ခိုင်အောင် နေထိုင်ကြရန်နှင့် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည်နှင့်အညီ ပြည်သူက အားကိုးအားထား ပြုရသည့် ဝန်ထမ်းကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး သင်တန်း အိပ်ဆောင်နှင့် စားရိပ်သာတို့ကိုလည်းကောင်း၊ သင်တန်းတန်းစီကွင်း အခြေအနေတို့ကို လည်းကောင်း၊ လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ် လုပ်ငန်း လိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယခုသင်တန်းသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်းတွင် ဒုတိယအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးနှင့် နေပြည်တော်ရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အမျိုးသမီး ဝန်ထမ်း သင်တန်းသူ(၆၅)ဦး တက်ရောက်၍ သင်တန်းကာလမှာ ရက်သတ္တပတ် (၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

HOT NEWS
January 4,