ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေး တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဝမ်းမြောက်ဂုဏ်ယူစွာကြိုဆို

ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေး တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဝမ်းမြောက်ဂုဏ်ယူစွာကြိုဆို


ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / July 12, 2019
image_latest


နေပြည်တော် ဇူလိုင် ၁၂

(၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေး တက်ရောက်ပြီး ပြန်လည် ရောက်ရှိလာသည့် မြန်မာကိုယ်စားလှယ် အဖွဲ့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နှလုံးသားထဲကပုဂံ ဓာတ်ပုံ အဖွဲ့ဝင်များ၊ ဒေသခံပုဂံချစ်သူများနှင့် ပုဂံဒေသကို ချစ်မြတ်နိုးသူများက ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အပြည် ပြည်ဆိုင်ရာ လေဆိပ်၌ ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုကြသည်။
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၊ ဘာကူကွန်ဗင်းရှင်းစင်တာ၌ ဇွန် ၃၀ ရက်မှ ဇူလိုင် ၁ဝရက်အထိ ကျင်းပခဲ့သည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံ အစည်းအဝေးတွင် ပုဂံယဉ် ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ဇူလိုင် ၆ ရက်က သတ်မှတ် ကြေညာ ခဲ့သည်။
ပျူမြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်းများကို ၂၀၁၄ခုနှစ် ဇွန် ၂၂ ရက်က ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရပြီး ယခုပုဂံဒေသသည် မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။
ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ အစည်းအဝေးသို့ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်) ဦးကျော်ဇေယျ က ဦးဆောင်ပြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ နှလုံးသားထဲက ပုဂံ ဓာတ်ပုံအဖွဲ့ဝင်များနှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေး အတွက် စိတ်ပါဝင်စားသူများ ပူးပေါင်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ညီလာခံအတွင်း မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် (၂၁)နိုင်ငံမှ ကော်မတီဝင်များနှင့် ညီလာခံတက်ရောက် လာသည့် ကိုယ်စားလှယ် များအား ပုဂံဒေသအကြောင်း၊ သမိုင်းတန်ဖိုးများ အကြောင်းကို ရှင်းလင်းတင်ပြခြင်း၊ မြစေတီ ကျောက်စာ ပုံတူ၊ VCD အခွေများ ဝေငှခြင်းနှင့် မြန်မာ့ရိုးရာ အစား အစာများဖြင့် တည်ခင်းဧည့်ခံခြင်းတို့ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာနိုင်ငံအကြောင်း ကမ္ဘာသိအောင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,