အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန( NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) င်ြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံဆွေးနွေး

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန( NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) င်ြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံဆွေးနွေး


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 11, 2019
image_latest


နေပြည်တော် ဇူလိုင် ၁၁
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး ဦးဆောင်သည့် အဖွဲ့တို့၏ ဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ( NRPC)၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင်အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ်(NCA)မှအစပြုလိုက်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်သည့်နေရာ၌ အခက်အခဲများ ကြုံတွေ့လာရချိန်တွင် မိမိတို့အားလုံး၏ စိတ်ရင်းအမှန်၊ ခံယူချက်အမှန်များ အထင်အရှား ထွက်ပေါ် လာခဲ့ပါကြောင်း၊ ဝမ်းမြောက်ဖွယ်ရာ ကောင်းသည်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မပျက်ပြားစေရန် စိုးရိမ်ပူပန်စိတ်ကြောင့် မိမိတို့အကြားနား လည်မှုများရရှိပြီး ပိုမို ညီညွတ် လာခဲ့ကြပါကြောင်း၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲ များကြောင့် မိမိတို့အားလုံး နိုင်ငံရေးရင့်ကျက်မှု ရရှိလာခဲ့ပါကြောင်း။
မိမိတို့ ဘုံပိုင်ဆိုင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လမ်းကြောင်းမှန်မှ သွေဖီသွား စေရန်၊ ပျက်ပြားသွားစေရန်၊ ကြန့်ကြာစေရန်လုပ်ဆောင်နေသူများလည်း ရှိနေမည်ဖြစ်ပါ ကြောင်း၊ သို့သော် မိမိတို့အချင်းချင်းအကြားတွင် ယုံကြည်မှုများ ပိုမိုခိုင်မာအောင် တည် ဆောက်နိုင်ပြီဖြစ်သည့်အတွက် အောင်မြင်မည်ဆိုသည်ကို အခိုင်အမာ ယုံကြည်ပါကြောင်း၊ မည်သည့် လုပ်ငန်းစဉ်မဆို အခက်အခဲ၊ အတားအဆီးများ ရှိမြဲဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ထိုအခက်အခဲများကြောင့် ပို၍ ကျောချင်းကပ် လာခဲ့ကြပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် တန်ဖိုး ထားမှုများကြောင့် စိတ်ရှည်သည်းခံမှုနှင့် စာနာနားလည်မှုများ ဖြစ်ပေါ် လာခဲ့ ပါကြောင်း၊ တွေ့ကြုံခဲ့ရသည့် အခက်အခဲများကြောင့် ယုံကြည်မှု တည်ဆောက်ရေးကို တိုး၍ ခိုင်မာလာစေပြီး စိန်ခေါ်မှုများကြားမှ အခွင့်အလမ်းများ ရယူနိုင်သည့် အတွေ့အကြုံ တစ်ရပ် လည်းရရှိလာပါကြောင်း။
ယနေ့ ဆွေးနွေးပွဲသည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးနောက်ပိုင်း (၈)ကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်ပါကြောင်း၊ ၈ လတာကာလ အတွင်း ၈ ကြိမ်မြောက် တွေ့ဆုံခဲ့ခြင်းမှာ အနည်းဆုံး ၁ လ ၁ ကြိမ် တွေ့ဆုံမှုရှိနေသည်ဟု ပြောနိုင်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် နှစ်ဖက်အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရာတွင် မည်သို့ဆက်၍ ဆောင်ရွက်ကြမည်ဆိုသည်ကို အလေးပေး ဆွေးနွေး ကြမည်ဖြစ်ပါကြောင်း။
ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်တွင်ပြုလုပ်ခဲ့သည့် UPDJC အတွင်းရေးမှူးများ အလွတ် သဘော အစည်းအဝေးတွင် အစိုးရဘက်မှ ကမ်းလှမ်းထားသည့် တစ်ချိန်တည်း တစ်ပြိုင် တည်း လျှောက်လှမ်းရမည့် လမ်းကြောင်းလေးခု အပေါ်တွင်လည်း RCSS ၏သဘော ထားများထည့်သွင်း ဆွေးနွေးပေးရန် မျှော်လင့် ပါကြောင်း၊ ထို့အတူ RCSSနှင့် အစိုးရအကြား နှစ်ဖက်ပူးတွဲ လုပ်ကိုင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံးနှင့် ပတ်သက်သည့် ကိစ္စများအပြင် တစ်ဖွဲ့ချင်းဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်နေသည့်အတွက် ယနေ့ဆွေးနွေးပွဲသည် အရေးကြီး ပါကြောင်း။
ယခုဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်၊ အခက်အခဲများရှိပါက ဝိုင်းဝန်း အဖြေရှာပေးကြရန်၊ တစ်ဖွဲ့ချင်း ကိစ္စရပ်များအပြင် အဖွဲ့အားလုံးအတွက် အကြံပြု ထားသည့်နည်းလမ်းများကိုလည်း ဆွေးနွေးပေးကြရန် ပြောကြားလိုပါကြောင်း၊ အစိုးရဘက်က ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက ပွင့်ပွင့်လင်းလင်း ပြောကြား စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် စဝ်ဘောင်ခေး က ယနေ့ဆွေးနွေးပွဲသည် မတ် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် NRPC-RCSS ဆွေးနွေးပွဲ၏ အဆက်ဖြစ်ပြီးယခင်အစည်း အဝေး၏ သဘောထားစုစည်းချက်များအပေါ်တွင် မည်မျှအထိ အကောင်အထည်ဖော် ဆောင်ရွက် နိုင်သည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် မတ် ၁၁ ရက်တွင် ကျင်းပသည့် အစည်းအဝေး သဘောထားမှတ်ချက်အတိုင်း ဖမ်းဆီးခံထားရသည့် RCSS အဖွဲ့ဝင် (၃၀)ကို ပြန်လည်လွှတ် ပေးခဲ့သည့်အတွက် နိုင်ငံတော်အစိုးရအားအထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍အားလုံးအတွက် အဆင်ပြေအောင် ပြီးခဲ့သည့်(၅)လတာ ကာလအတွင်း နှစ်ဦးနှစ်ဖက် ကြိုးပမ်းဆောင်ရွက် နေခြင်းမှာကောင်းမွန်သည့် ချဉ်းကပ်မှုဖြစ်ပါကြောင်း။
ယနေ့အစည်းအဝေးတွင် (၂၁)-ရာစုပင်လုံ ညီလာခံ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများ တရားဝင် ကျင်းပနိုင်ရေး ကိစ္စရပ်များကို အပြန်အလှန် အကျေအလည်ဆွေးနွေးပြီး ငြိမ်းချမ်းရေးရှေ့ခရီးအတွက် ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးသဘော တူညီချက်မရသေးခင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေသော ကြားကာလတွင် သက်ဆိုင်သည့်အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူလူထုအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ညှိနှိုင်း ဆောင်ရွက်သွားကြ ရမည်ဖြစ်သည့်အတွက် ယနေ့အစည်းအဝေးတွင် ဆွေးနွေးသွားကြရမည်ဖြစ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ်မတိုင်မီနှင့် ၂၀၂၀ ပြည့်နှစ်အလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်းနှင့် ဖက်ဒရယ် တည်ဆောက်ရေး လမ်းစဉ်များကို တိကျသည့် အစီအစဉ် အချိန်ဇယား ချမှတ်ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သွားနိုင်မည် ဖြစ်ပါကြောင်း ပြော ကြားသည်။
ယင်းနောက် တာဝန်ရှိသူများက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန၏ ငြိမ်းချမ်းရေး ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၏ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုရှင်းလင်းကြသည်။
ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်သည့် အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေးကိစ္စ၊ တရားဝင်ဆွေးနွေးပွဲ များကျင်းပနိုင်ရေးကိစ္စ၊ ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံစတုတ္ထ အစည်းအဝေး ကျင်းပနိုင်ရေး ကိစ္စတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒေသ ဖွံ့ဖြိုးရေးကိစ္စများဖြစ်သည့် မုံးထဒေသနှင့် နမ့်ပန်ခွန်ဒေသ မြောက်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်း များကိစ္စ၊ စာသင်ကျောင်းများနှင့် ကျေးလက် ဆေးပေးခန်းများ ဆောက်လုပ်ရေး လုပ်ငန်း ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ကိစ္စနှင့် အကျဉ်းကျနေသည့် RCSS တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးကြသည်။
ဆက်လက်၍ နှစ်ဖက် သဘောထားစုစည်းချက်များ ရယူခြင်းကို ဆောင်ရွက်ကြသည်။
ထို့နောက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဆွေး နွေးရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး က ယနေ့အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးနိုင်ခဲ့ပြီး နှစ်ဦးနှစ်ဖက်ကြား တွင် နားလည်မှု၊ ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် တန်းတူညီမှုများ ပိုမိုရရှိခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်းစတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် သဘောထားချမှတ်နိုင်ခဲ့ပါကြောင်း။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် အစိုးရ၏ အဆိုပြုချက်(၄) ရပ်ကို ဆွေးနွေး၍ ရှေ့ခရီးတွင် မည်သည့်အရာများကို လုပ်ဆောင်သင့်သည်ကို ညှိနှိုင်းနိုင် ခဲ့ပြီး ထိုအဆိုပြုချက်(၄)ချက်ကို EAO အစုအဖွဲ့အတွင်း ဆက်လက် ဆွေးနွေးသွားရန် ရှိပါ ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ျ ပည်ထောင်စု တည်ဆောက်ရေးအတွက် အပြုသဘော ဆောင်သော ထိုက်သင့်သည့် ရလာဒ်များကို ရရှိခဲ့ပါကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ယနေ့ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် (၈)ချက် ရရှိပါကြောင်း၊ အဆိုပါ (၈)ချက်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်သည့် အချက်များ၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုကိစ္စများကို အခြေခံရရှိလာသည့် အသီးအပွင့်များဖြစ်ပြီး မိမိတို့ပြည်သူများ အားလုံးခံစားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ ဆွေးနွေးချက်များသည် တိုင်းရင်းသား ပြည်သူများနှင့် သက်ဆိုင်ရာ ဒေသ ရှိ ပြည်သူများ၏ အကျိုးစီးပွားကိုဖော်ဆောင်နိုင်သည့်အတွက် များစွာပီတိဖြစ်ရပါ ကြောင်း၊ ထို့ကြောင့် မိမိတို့နှစ်ဖက်အနေဖြင့် ယခုဆွေးနွေးပွဲကို နမူနာယူ၍ ရှေ့ဆက်ပြီးတစ်ဦးနှင့် တစ်ဦး ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ် ဆွေးနွေးကြမည် ဖြစ်ပါကြောင်းပြောကြားသည်။
ဆွေးနွေးပွဲအပြီးတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဦးစိုင်းငင်းတို့က ယနေ့ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများအား ရှင်းလင်းပြောကြားကြသည်။
သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ယနေ့ NRPC နှင့် RCSS ဆွေးနွေးပွဲမှာ အလွတ်သဘော ဆွေးနွေးပွဲများ အပါအဝင် ၈ လအတွင်း ၈ ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ယခု ၈ ကြိမ်မြောက် အစည်းအဝေး တွင် အဓိကအားဖြင့် သဘောထားစုစည်းချက် ၈ ချက် ရရှိပါကြောင်း၊ မိမိတို့ ဆွေးနွေးခြင်းများတွင် အဓိက အားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာကိစ္စရပ်များ အပိုင်း(၁)ကို ဆွေးနွေးပါကြောင်း၊ အဓိက အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများ ကျင်းပနိုင်ရေးကိစ္စကို ဆွေးနွေးပါ ကြောင်း၊ တရားဝင်ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ရန် ဆွေးနွေးပါကြောင်း၊ ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ စတုတ္ထ အကြိမ်အစည်းအဝေး ကျင်းပနိုင်ရေးကိစ္စအပေါ် သဘောထားများကို ဆွေးနွေးပါကြောင်း၊ ဒုတိယပိုင်းအနေဖြင့် ဒေသဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေးပါကြောင်း၊ အထူးသဖြင့် မုန်းထော်ဒေသဖွံ့ဖြိုးရေးကိစ္စ၊ နမ့်ပန်ခွန်(မြောက်ခြမ်း) ဖွံ့ဖြိုးရေးကိစ္စ၊ စာသင်ခန်းနှင့် ကျေးလက်ဆေးပေးခန်းများ ဆောက်လုပ်ရေးကိစ္စများကို ဆွေးနွေးပါကြောင်း၊ တတိယ ပိုင်းအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်ရန် ဆွေးနွေးပါကြောင်း၊ အကျဉ်း ကျခံနေရသည့် RCSS တပ်ဖွဲ့ဝင်များ ပြန်လည် လွတ်မြောက်ရန် ကိစ္စနှင့်စပ်လျဉ်း၍ ယနေ့ ထပ်မံတင်ပြလာသည့် အပေါ်တွင်လည်း ဆွေးနွေးပါကြောင်း၊ ဆွေးနွေးချက်များအပေါ်တွင် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေး ခဲ့ပါကြောင်း၊ ပြဿနာပြေလည်ရေးကို အားလုံးက အပြုသဘောဆောင်၍ ဆွေးနွေးကြ သည့်အတွက် ယနေ့ဆွေးနွေးပွဲသည် အောင်မြင်သည်ဟု ပြောရမည်ဖြစ်ပါကြောင်း။
အထူးသဖြင့် Time Line မှအစ အကြမ်းဖျဉ်းလျာထားချက်များ ကို ဆွေးနွေးပါ ကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ရလာဒ်သည် RCSS နှင့် NRPC အကြားမှ စုစည်းချက်များ ဖြစ်ပါကြောင်း၊ ယင်းအပေါ်တွင် RCSS မှလည်း EAO များနှင့် ဆက်၍ ဆွေးနွေးရမည် ဖြစ်ပါကြောင်း၊
NCA အကောင်အထည်ဖော်မှုများနှင့် ပတ်သက်ပြီး မိမိတို့နားလည်မှုများနှင့် ပြေလည်မှုများရအောင် အကြောင်းအရာ များစွာ ပါရှိပါကြောင်း၊ Federal Principle များအား ညီလာခံတွင် မည်သည့် Federal Principle များရအောင်လုပ်မည်ဆိုသည်ကို ၂၀၂၀ ပြည့်နှစ် မတိုင်ခင်ဖြစ်စေ၊ နှစ်ဆန်းပိုင်းတွင် ဖြစ်စေ မိမိတို့ လုပ်ဆောင်မည်ဟု ရည်မှန်းပါကြောင်း၊ သို့သော်လည်း ယင်းကို ပြန်လည်အတည်ပြုမည်ဖြစ်ပါကြောင်း၊ ညီလာခံတွင် ဒီမိုကရေစီဖက်ဒရယ် အခြေခံမူများ မည်သည့်အရာများ ရအောင်ဆောင်ရွက် မည်ဆိုသည်ကို လုပ်ဆောင်သွား မည်ဖြစ်ပါကြောင်း၊ နောက်တစ်ချက်မှာ ၂၀၂၀ ပြည့်နှစ် မတိုင်ခင်နှင့် ၂၀၂၀ ပြည့်နှစ် အလွန်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အဆင့်လိုက်သွားရ မည့်ကိစ္စရပ်များကို မိမိတို့ဘက်မှ အဆိုပြု သဘောတူထားပါကြောင်း၊ နောက်ဆုံးအချက် မှာ ဖွံ့ဖြိုးရေးဖြစ်ပါကြောင်း။
အထူးသဖြင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးရရှိသွားသည့် နယ်မြေဒေသများမှာ သိသိ သာသာဖွံ့ဖြိုးရေးကို လိုပါကြောင်း၊ ဒေသခံပြည်သူများ ငြိမ်းချမ်းရေးအကျိုးတရား ရရှိခံစား စေရေးကို မိမိတို့ အဓိကထားဆွေးနွေးကြခြင်းဖြစ်ပါကြောင်း၊ ယင်းကိုလည်း EAOs (၁၀) ဖွဲ့လုံးနှင့် အဆိုပြုထားမည်ဖြစ်ပြီး ဆောင်ရွက်ရန် လမ်းကြောင်း ၄ ခုရှိ ပါကြောင်း၊ တစ်ခုပြီး တစ်ခုမဟုတ်ဘဲ တစ်ချိန်တည်းတစ်ပြိုင်တည်း ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်းပြော ကြားသည်။
အလားတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဦးစိုင်းငင်း က“ နံပါတ် ၁ အချက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေတာကို ရှေ့ ခရီးမှာ ဘယ်လိုလုပ်ကြမယ်။ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံကိစ္စရယ်။ နောက်ပြီး တရား ဝင် ဆွေးနွေးပွဲကိစ္စကို ဘယ်လိုလုပ်ကြမလဲ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိစ္စ တွေကို ဆွေးနွေးပါတယ်။ ကျွန်တော်တို့ နယ်မြေမှာ ရှိနေတဲ့ လူထုတွေအတွက် ဒေသ ဖွံ့ဖြိုးရေး ကိစ္စတွေ၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ ကျွန်တော်တို့ဘက်က လက် ကျန် အကျဉ်းသား ကိစ္စတွေကို ကျွန်တော်တို့ သဘောတူညီချက် ရခဲ့ပါတယ်။
“ ဒီအစည်းအဝေးကတော့ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်ကြားမှာ နားလည်မှုတွေ၊ ယုံကြည်မှုတွေ၊ အသိအမှတ်ပြုမှု တွေ၊ တန်းတူညီမှုတွေကို ပိုမိုတည်ဆောက်နိုင်ခဲ့ တယ်။ ကောင်းမွန်တာတွေ ရတယ်လို့ပဲ ကျွန်တော်တို့ ပြောချင်ပါတယ်။ ၂၁ ပင်လုံကတော့ ဒီနှစ်အတွင်းမှာ ဒီဇင်ဘာလား (ဒါမှမဟုတ်)နှစ်ဆန်း ဇန်နဝါရီ လပိုင်းလောက်မှာတော့ ကျင်းပလိုတဲ့ အနေအထားရှိပါတယ်။
“ကျွန်တော်တို့က အမျိုးသားအဆင့်ဆွေးနွေးပွဲ လုပ်တယ်ဆိုတဲ့နေရာမှာ သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ SOP တွေရှိပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့က ဆက်လက် သွားဖို့ရှိပါတယ်။ တစ်ချို့ နားလည်မှု လွဲနေတာတွေကို ပြန်ညှိရမယ့် အပိုင်းလေးရှိပါတယ်။ ဆက်လက်ကျင်းပဖို့ လမ်းပွင့်သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။” ဟုပြောကြားသည်။
ဆက်လက်၍ ဦးဇော်ဌေးက အနှစ်ချုပ် ပြောရမည်ဆိုပါက ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်က ရန်ကုန်မြို့တွင် KNU နှင့် အလွတ်သဘော တွေ့ခဲ့သလို ကျန်သည့် NCA လက်မှတ်ထိုးထားသည့် အဖွဲ့က ခေါင်းဆောင် များနှင့်လည်း မိမိတို့တွေ့ဆုံခဲ့ပါကြောင်း၊ ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးပြီးသည့် နောက် ၈ လခန့်အထိ အစည်းအဝေးများ မစတင်နိုင် ပါကြောင်း၊ ၎င်းမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ဖြစ်လေ့ဖြစ်ထရှိပြီး အတက်အကျ ရှိပါကြောင်း၊ ယင်းမှာ နှစ်ဖက်စိတ်ရှည်သည်းခံပြီး ဆောင်ရွက်ရသည့် ကိစ္စများဖြစ်ပါကြောင်း၊ မကြာခင် မှာလည်း မိမိတို့ တရားဝင်နိုင်ငံရေးအစည်းအဝေးများ အမြန်ဆုံးစတင်နိုင်ရန် အားလုံးက ကြိုးစားနေကြသည့်အတွက် အားရပါကြောင်း၊ နိုင်ငံရေးအရဖြေရှင်းကြသည့် နိုင်ငံရေး ဆွေးနွေးပွဲများမှာ များစွာအခက်အခဲရှိပြီး ကျော်ဖြတ်ရမည့် ကိစ္စများရှိပါကြောင်း၊ နှစ်ပေါင်း ၇၀ ကျော်ကာလ အတွင်း ယခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုး တစ်ခါမျှမရှိခဲ့ပါကြောင်း၊ နိုင်ငံရေးပြဿနာ များကို ယခုလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်း စားပွဲဝိုင်းတွင် စတင်ဖြေရှင်းသည့် ယဉ်ကျေးမှုမှာ ယခုရောက် နေပြီဖြစ်ပါကြောင်း၊ တွေ့ကြုံလာသည့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းသည့် အခါ ယုံကြည်မှုများ ပိုမိုတည်ဆောက် နိုင်ပါကြောင်း၊ အထူးသဖြင့် RCSS နှင့်ကျန်သည့်ကြားကာ လတွင် အလွတ်သဘော တွေ့ဆုံခဲ့သည့် အဖွဲ့များသည် များစွာနား လည်မှုနှင့် ယုံကြည်မှုရှိလာပါကြောင်း၊ တစ်ချိန်တည်းမှာ ရပ်ဆိုင်းနေသည့် အစည်းအဝေးများ စတင်နိုင်ရန် အလားအလာများစွာ ကောင်းသည်ဟု နိဂုံးချုပ်ပြော ကြားလိုကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲသို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ် ကြီးရာပြည့်နှင့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူ၊ ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး၊ ဦးစိုင်းငင်း၊ ဦးအောင်မြ၊ ဦးဆောင်းဟန်၊ ဦးစိုင်းဟန်၊ ဦးစိုင်းဦး၊ ဦးဒေဝိန်၊ ဦးစင်းသျှဲန်မိုင်တို့ တက်ရောက်ကြသည်။
မျိုးမြင့်၊ မျိုးသူဟိန်း(သတင်းစဉ်)

HOT NEWS
January 4,