နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သော (၂၇)ကြိမ်မြောက် အာဆီယံ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သော (၂၇)ကြိမ်မြောက် အာဆီယံ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / September 14, 2018


၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်သည် ၁၁-၉-၂ဝ၁၈ ရက်မှ ၁၃-၉- ၂ဝ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ပြုလုပ်ခဲ့သည့် (၂၇) ကြိမ်မြောက် အာဆီယံဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီးနောက်၊ ၁၃-၉-၂ဝ၁၈ ရက် (ကြာသပတေးနေ့)၊ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

၂။ ၁၂-၉-၂ဝ၁၈ ရက်၊ နံနက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် National Convention Center ၊ Plenary Hall ၌ ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားနှင့် ASEAN priorities in the age of the Fourth Industrial Revolution တို့သို့ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး မစ္စတာငုယင်ဖူးကျောင့် (Mr. Nguyen Phu Trong)၊ ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ/ အစိုးရအဖွဲ့ အကြီးအကဲများ၊ စီးပွားရေး ထိပ်တန်းအရာရှိကြီးများ၊ လုပ်ငန်းရှင်များနှင့်အတူ တက်ရောက်ခဲ့သည်။

၃။ ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာ့စီးပွားရေးဖိုရမ် တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Mr. Klaus Schwab မှ အဖွင့်အမှာစကားပြောကြားပြီး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres မှ ပေးပို့သောသဝဏ် လွှာအား လက်ထောက်အတွင်းရေးမှူးချုပ် Mr. Fabrizio Hochschild က ဖတ်ကြားသည်။ ထို့နောက် ဗီယက်နမ်ဝန်ကြီးချုပ် H.E. Mr. Nguyen Xuan Phuc ၊ အာဆီယံလက်ရှိဥက္ကဋ္ဌ စင်ကာပူဝန်ကြီးချုပ်H.E. Mr. Lee Hsien Loong၊ အထူးဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Hu Chunhua တို့မှ အသီးသီးအဖွင့်အမှာစကားများ ပြောကြားကြသည်။ ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အင်ဒိုနီးရှား သမ္မတ Mr. Joko Widodo၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် Mr. Samdech Techo Hun Sen၊ လာအို ဝန်ကြီးချုပ်H.E. Mr. Thongloun Sisoulith၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဒုတိယ ဝန်ကြီးချုပ် Mr. Prajin Juntong တို့က စတုတ္ထစက်မှုတော်လှန်ရေးအသွင် ကူးပြောင်းမှုကာလတွင် အာဆီယံ၏ ဦးစားပေးလုပ်ငန်းများနှင့်ပတ်သက်၍ မိန့်ခွန်းများ အသီးသီးပြောကြားခဲ့သည်။

၄။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် National Convention Center ၌ ကမ္ဘာ့စီးပွားရေးဖိုရမ် တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Klaus Schwab မှ တည်ခင်း ဧည့်ခံသော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်းလွဲပိုင်းတွင် ဒေဝူးဟိုတယ်၌ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Mr. Taro Kono အား လက်ခံတွေ့ဆုံ၍ မြန်မာ-ဂျပန်နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဂျပန်အစိုးရမှ အပြုသဘောဆောင်သည့် ကူညီထောက်ပံ့မှု များ ဆက်လက်ပေးအပ်ရေး၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးစသည့်ကိစ္စများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

၅။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်းလွဲပိုင်းတွင် National Convention Center ၌ ကျင်းပ ပြုလုပ်ခဲ့သည့် မဲခေါင်ဒေသအတွက် အမြင်သစ် ''A New Vision for Mekong Region'' ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲအစီအစဉ်သို့ အခြားမဲခေါင်အဖွဲ့ဝင် (၄) နိုင်ငံမှ အစိုးရအဖွဲ့အကြီးအကဲများနှင့်အတူ မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် အမြင်သစ်များခေါင်းစဉ်အောက်တွင် သဘောထားများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

၆။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ်ဝန်ကြီးချုပ်နှင့် ဇနီးမှ National Convention Center၏ Banquet Hall ၌ တည်ခင်း ဧည့်ခံကျင်းပသည့် ညစာစားပွဲနှင့် ယဉ်ကျေးမှုဖျော်ဖြေရေးအစီအစဉ်သို့ တက်ရောက်ခဲ့သည်။

၇။ ၁၃-၉-၂ဝ၁၈ ရက်၊ နံနက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် National Convention Center၊ Plenary Hall ၌ ''A Conversation with Daw Aung San Suu Kyi, State Counsellor of Myanmar'' ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေးဖိုရမ် ဥက္ကဋ္ဌ Mr. Borge Brende မှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေး၊ ရခိုင်ပြည်နယ်အခြေအနေ၊ မြန်မာနိုင်ငံ၌ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစသည့် ကဏ္ဍများနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ချက်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် National Convention Center (NCC) ရှိ ဖိုရမ်ဥက္ကဋ္ဌရုံးခန်း၌ ကမ္ဘာ့စီးပွားရေးဖိုရမ် တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Mr. Klaus Schwab နှင့် တွေ့ဆုံခဲ့ပါသည်။

၈။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ်သမ္မတ H.E. Tran Dai Quan အား နိုင်ငံတော်သမ္မတအိမ်တော်သို့ သွားရောက်တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာ၌ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ အကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ညီအစ်မမြို့တော်များ တိုးချဲ့တည်ထောင်ရေး၊ ပြည်သူအချင်းချင်း အပြန်အလှန် ဖလှယ်မှုနှင့် ချစ်ကြည်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကြိုးပမ်းဆောင်ရွက်မှုများအား ဗီယက်နမ်နိုင်ငံမှ ထောက်ခံအားပေးမှု၊ နှစ်နိုင်ငံခေါင်းဆောင်များ အကြား အပြန်အလှန် လည်ပတ်မှု ပိုမိုပြုလုပ်ရေးစသည့်ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

၉။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၃-၉-၂ဝ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့မှ နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီးနောက် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

HOT NEWS
January 4,