MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ စတင်ကျင်းပပြီး Galaxy အသင်းနှင့် မြဝတီအသင်းနိုင်ပွဲရ

MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ စတင်ကျင်းပပြီး Galaxy အသင်းနှင့် မြဝတီအသင်းနိုင်ပွဲရ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 24, 2026
image_latest


ရန်ကုန် မေ ၂၃

၂၀၂၆-၂၀၂၇ ရာသီ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁) ပထမနေ့ကို မေ ၂၃ ရက်က စတင်ကျင်းပရာ Galaxy အသင်းနှင့် မြဝတီအသင်းတို့ နိုင်ပွဲရခဲ့သည်။

သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် Galaxy အသင်းက ရတနာပုံအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ Galaxy အသင်းသည် မြန်မာ ယူ-၁၆ လူငယ်လက်ရွေးစင်အသင်းကို ပွဲအတွေ့အကြုံရစေရန် ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး ပွဲဦးထွက်ပွဲတွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဂျပန်နည်းပြကိုင်တွယ်နေသည့် Galaxy အသင်းသည် ပြင်ဆင်မှုများစွာ ပြုလုပ်ထားသည့် ရတနာပုံအသင်းကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ Galaxy အသင်းအတွက် ဂိုးများကို ၁၁ မိနစ်တွင် ကြည်သာ၊ ၇၃ မိနစ်တွင် ခွန်ဝေဖြိုးတို့က သွင်းယူပြီး ရတနာပုံအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၆၇ မိနစ်တွင် Sa Hunt Awar က သွင်းယူခဲ့သည်။

ဗဟန်းမြက်ခင်းတုကွင်း၌ကျင်းပသည့်ပွဲတွင် မြဝတီအသင်းက Chinland အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ နှစ်သင်းစလုံး ပထမပိုင်းတွင် ဂိုးမသွင်းနိုင်သော်လည်း ဒုတိယပိုင်းတွင် နှစ်သင်းပေါင်း ငါးဂိုးအထိ သွင်းယူခဲ့ခြင်းဖြစ်သည်။ Chinland အသင်းသည် နှစ်ဂိုးပြတ် ဦးဆောင်ပြီးမှ သုံးဂိုးပြန်ပေးခဲ့ရပြီး ဦးဆောင်ဂိုးများကို ၄၇ မိနစ်တွင် Jeremy Thawing Za Thang နှင့် ၆၉ မိနစ်တွင် Lun Yar Gin တို့က သွင်းယူခဲ့ပြီး မြဝတီအသင်းအတွက် ဘိုဟိန်းက ၇၀၊ ၈၂ မိနစ်တို့တွင် ချေပဂိုးများပြန်သွင်းကာ အနိုင်ဂိုးကို ၉၀+၃ မိနစ်တွင် ချစ်မင်းကိုကိုက သွင်းယူခဲ့သည်။

ပွဲစဉ် (၁) ဒုတိယနေ့ကို မေ ၂၄ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်ပြီး ဗဟန်းမြက်ခင်းတုကွင်း၌ ဧရာဝတီယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ တောင်ဒဂုံကွင်း၌ ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ သီဟဒီပကွင်း၌ Falcon အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ၊ ဓာတ်ပုံ-MNL