သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ ကျင်းပ

သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 06, 2018


နေပြည်တော် ဒီဇင်ဘာ ၅

 

သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို "မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

ညီလာခံသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေး ဝန်ကြီးဌာန၏ ပထမတာဝန်တစ်ခုဖြစ်သည့် အများပြည်သူကို သတင်း အချက်အလက် ပေးရေးအနေဖြင့် အစိုးရ၏ ပုံနှိပ်မီဒီယာနှင့် ရုပ်သံမီဒီယာများသည် အစိုးရနှင့် အများ ပြည်သူအကြား ဆက်သွယ်ပေါင်း ကူးပေးသည့်တာဝန်ကို အဓိကထမ်းဆောင်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီဖက် ဒရယ် ပြည်ထောင်စုတစ်ရပ် ထူထောင်ရန် ကြိုးပမ်းနေသည့်နိုင်ငံဖြစ်ပါကြောင်း၊ ယနေ့လွှတ်တော်သည် အဓိကအားဖြင့် ပြည်သူကရွေးကောက်ပြီး အစိုးရသည် လွှတ်တော်မှတစ်ဆင့် ပြည်သူ့အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်နှင့် အစိုးရအဖွဲ့ အနေဖြင့် ၎င်းကိုရွေးချယ် ခန့်အပ် လိုက်သည့် ပြည်သူကို မိမိတို့နိုင်ငံနှင့်ပြည်သူအတွက် မိမိတို့ ဘာတွေ ဆောင်ရွက်ပေးနေသည် ဆိုသည့်အကြောင်းကို အစီရင်ခံရန်တာဝန်ရှိပါကြောင်း။

ယင်းတာဝန်ကို ယနေ့အစိုးရပိုင်ဟု ပြောနေသည့် မီဒီယာများက ထမ်းဆောင် ပေးနေခြင်း ဖြစ်ပါကြောင်း၊ နောင်လာမည့် အစိုးရများသည်လည်း ပြည်သူနှင့် ဆက်သွယ်မည့် မီဒီယာများသည် ယခုပုံစံအတိုင်းဖြစ်စေ၊ နောင်ခေတ်ကာလများအလျှောက် ပြောင်းလဲလာမည့် ပုံသဏ္ဍာန်များအရဖြစ်စေ ရှိနေကြမည်ဟု မြင်ပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အစိုးရမီဒီယာအပြင် ပုဂ္ဂလိက မီဒီယာများ ဖြစ်ထွန်းပေါ် ပေါက်ရေးကိုလည်း ဆောင်ရွက်နေပါကြောင်း၊ ယခင်အစိုးရလက်ထက် တွင် အပတ်စဉ်ထုတ် သတင်းဂျာနယ်များ၊ နေ့စဉ်ထုတ် သတင်းစာများ စတင်ထုတ်ဝေ ခွင့် ပြုခဲ့ပါကြောင်း၊ ဒီဘက်ခေတ်တွင် ရုပ်သံလိုင်းသစ်များ တိုးချဲ့ထုတ်လွှင့်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ Community Radio တစ်ခု စမ်းသပ်ထုတ်လွှင့်နိုင် အောင် စီစဉ်ပေးထားပါကြောင်း၊ ယင်းတို့မှာ သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ စသည့် ခိုင်မာသည့် အခြေခံများ မပေါ်ပေါက်သေးမီ နောင်တိုးတက်ပြောင်းလဲလာမည့် အနေအထား များအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်နိုင်အောင် ဆောင်ရွက်ပေး ထားခြင်း များဖြစ်ပါကြောင်း။

တစ်ဖက်တွင်လည်း သတင်းသမားများ အဖန်တလဲလဲ ပြောဆိုနေသည့် Access to Information အတွက် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ ညှိနှိုင်းစီစဉ်ပေးခြင်းများများစွာ ရှိခဲ့ပါကြောင်း၊ လက်ရှိအနေအထားထက် တိုးတက်မှုရရန်အတွက် သတင်းမီဒီ ယာသမားများ၊ သတင်းမီဒီယာ အဖွဲ့အစည်းများဖက်ကလည်း အပြန် အလှန် ယုံကြည်မှု တိုးတက်အောင် တည်ဆောက်ပေးကြပါ၊ မိမိတို့ကလည်း ဆက်လက်ဆောင်ရွက်ပေးပါ မည်ဟု ဤနေရာတွင် ထပ်လောင်းပြောဆိုလိုပါကြောင်း။

ဆက်လက်ပြီး ယနေ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံတွင် ဆွေးနွေးကြမည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး မိမိကို အနည်းငယ်ဆွေးနွေးခွင့် ပြုစေလိုပါ ကြောင်း၊ အကြောင်းအရာခေါင်းစဉ်များသည် အင်မတန် စိတ်ဝင်စားစရာကောင်းပါ ကြောင်း၊ နားထောင်ချင်စရာ ၊ ကိုယ်တိုင်လည်း ပါဝင်ဆွေးနွေးချင် စရာများဖြစ်ပါ ကြောင်း၊ ယင်းတို့အထဲမှ အဓိကတစ်ချက်ကို ဆွေးနွေးလိုပါကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သို့မဟုတ် စာနယ်ဇင်း လွတ်လပ်ခွင့် (Freedom of Expression , Freedom of the Press ) ဆိုသည့်အကြောင်းအရာဖြစ်ပါကြောင်း၊ ယင်းသည် စာနယ်ဇင်းဖွံ့ဖြိုး တိုးတက်ရေးနှင့်လည်း တိုက်ရိုက်သက်ဆိုင်ပါကြောင်း၊ ထို့ကြောင့် အင်မတန်အရေးကြီးပါကြောင်း၊ မိမိတို့စိတ်ဝင်စားပါကြောင်း၊ ထို့အတွက်လည်း ဆောင်ရွက်ချင်သည့်ဆန္ဒ အမြဲရှိ ပါကြောင်း၊ ပြည်တွင်းမီဒီယာအဖွဲ့အစည်းများ ၊ နိုင်ငံ တကာ မီဒီယာဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံတိုင်းလည်း ပူးပေါင်းဆောင်ရွက်လို သည့် အကြောင်းကို မိမိတို့ပြောပါကြောင်း။

သို့သော် နှစ်နှစ်ကျော်ကာလအတွင်း ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခွင့် မရခဲ့ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့် ကင်းမဲ့နေသယောင် ၊ အခုနောက်ပိုင်း ပိုပြီးပြောဆိုလာ သည်မှာ ယခင်ကထက် ပိုမိုဆုတ်ယုတ်နေသယောင် ပြောဆိုနေခြင်းများ ကြားရပါကြောင်း။

ထိုသို့ပြောဆိုနေသူများကို မိမိအကြံပြုချင်ပါကြောင်း၊ အပြစ်တင်ရရင် ပြီးရော ဆိုသည့် သဘောဖြင့် သိမ်းကျုံးပြီး မပြောစေလိုပါကြောင်း၊ တိတိကျကျလေ့လာ သုံးသပ်ပြီး ပြောစေလိုပါကြောင်း၊ သို့မှသာ မိမိတို့အတွက်လည်း စဉ်းစားဆင်ခြင် စရာရှိတာကို စဉ်းစားဆင်ခြင်နိုင်မည်ဖြစ်ပါကြောင်း၊ ဥပမာ အရင်ကထက် ပိုဆိုးလာ သည်ဆိုခြင်းနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် စာပေစိစစ်ရေး စနစ် ရုပ်သိမ်းပြီး သုံးနှစ်တာကာလတွင် မြန်မာစာနယ်ဇင်းများမှာ အစိုးရအကြီးအကဲများ၊ ဌာနဆိုင် ရာများ၊ အစိုးရလုပ်ငန်းများနှင့် ပတ်သက်ပြီး ဘယ်အတိုင်းအတာအထိ လွတ်လွတ် ကျွတ်ကျွတ် ဝေဖန်ရေးသားခဲ့ကြတာ ရှိသလဲ၊ စာနယ်ဇင်းများတွင် ဘယ်လောက် များများပြားပြား ပါခဲ့သလဲ၊ ဒီဘက်ခေတ် နှစ်နှစ်ခွဲကာလတွင် ဘယ်လောက်အတိုင်း အတာအထိ၊ ဘယ်လောက်များများ စားစား ရေးနေကြသလဲ ဆိုသည်ကို နှိုင်းယှဉ်သုံး သပ်စေချင်ပါကြောင်း၊ အဲဒီလို သုတေသနလုပ်ဖို့ ဆိုရင်တော့ ဘက်မလိုက်ဘူး ဟု ယူဆရသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းငှားပြီး သုတေသနလုပ်ခိုင်းကြည့်ပါ၊ ထိုအခါတွင် မိမိတို့အားလုံး အခြေအနေမှန်ကို သိရလိမ့်မည်ဟု ပြောလိုပါကြောင်း။

ဘက်မလိုက်ဘူး ဟု ယူဆရသည့် ပုဂ္ဂိုလ်အဖွဲ့အစည်းဆိုတာ ပြောရခြင်း မှာလည်း အကြောင်းရှိ ပါကြောင်း၊ မိမိ ယခုစာအုပ်တစ်အုပ်ဖတ်ရပါကြောင်း၊ စာအုပ် သည် မီဒီယာလွတ်လပ်ခွင့် အကြောင်းဖြစ်ပါကြောင်း၊ မီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းများ Media Freedom Indices ဖြစ်၍ စိတ်ဝင်စားပါကြောင်း၊ ထုတ်ဝေသည်မှာ DW Akademie က ဖြစ်ပါကြောင်း၊ မိမိတို့နှင့် မီဒီယာဖွံ့ဖြိုး တိုးတက်ရေးများ ပူးပေါင်း ဆောင်ရွက်နေသည့်အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ စာအုပ်ပြုစုသူမှာ Laura Schneider ဟု ဖော်ပြထားပါကြောင်း။

မိမိအနေဖြင့် မိမိတို့တိုင်းပြည်၏ မီဒီယာလွတ်လပ်ခွင့်အဆင့်အတန်းကို ဘာတွေနဲ့ ချိန်ထိုး တိုင်းတာသလဲ ၊ ဘယ်လိုခွဲခြမ်းစိစစ်ပြီး အမှတ်ပေးသလဲဆိုတာကို သိချင်ပါကြောင်း၊ ယင်းသို့ သိမှသာ မိမိတို့အဆင့် တိုးတက်အောင် ဘာတွေဘယ် လိုလုပ်ရမလဲ၊ ဘယ်နေရာတွေမှာ ပြုပြင်ပြောင်းလဲရမလဲ တိတိကျကျသိပြီး မိမိတို့ တကယ် လက်တွေ့လုပ်နိုင်မည်ဟု မြင်၍ဖြစ်ပါ ကြောင်း၊ စာအုပ်ခေါင်းစဉ်အောက်တွင် ဒုတိယခေါင်းစဉ် သို့မဟုတ် Subtitle ပါပါကြောင်း၊ ယင်းမှာ What They Tell Us – And What They Don’t . ဖြစ်ပါကြောင်း၊ အညွှန်းကိန်း ကောက်သူများ ဘာတွေပြောပြီး ဘာတွေချန်ထားသလဲ ဟု သဘောပေါက်ပါကြောင်း၊ အဲဒီမှာ ပို၍ စိတ်ဝင်စားသွားပါ ကြောင်း။

ယင်းစာအုပ်ပြုစုသူက နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကောက်သည့်အဖွဲ့ ငါးဖွဲ့၏ အချက်အလက်ကောက်ယူပုံ ၊ ကောက်ယူနည်းနှင့် ယင်းအပေါ် ခွဲခြမ်းစိစစ်သုံးသပ်ပုံများအကြောင်း သုတေသနပြုထားခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာမှာ ထင်ရှားသည့်အဖွဲ့ကြီး ငါးဖွဲ့ဖြစ်ပါကြောင်း၊ စာအုပ်ထဲတွင် တစ်ဖွဲ့ချင်း၏ ဆောင် ရွက်ချက်များနှင့် ပတ်သက်ပြီး သုံးသပ်ထားသည်များကို ဖတ်ကြည့်သည့်အခါ မိမိမျှော် လင့်မထားသည့် စကားလုံးတစ်လုံး နေရာအနှံ့အပြားတွင် တွေ့ရပါ ကြောင်း၊ ယင်း စကားလုံးမှာ b – i – a – s - bias ဖြစ်ပြီး မြန်မာလို ရိုးရိုးပြောရလျှင် “ဘက်လိုက်မှု” ဟူ၍ဖြစ်ပါ ကြောင်း။

ထိုစာအုပ်၏ နိဒါန်းတွင် စာရေးသူက မီဒီယာအညွှန်းကိန်းများ စစ်တမ်းကောက် ယူသူများ၏ နောက်တွင် ဘယ်အဖွဲ့အစည်းတွေရှိသလဲ၊ သူတို့ကို ဘယ်လိုငွေကြေး ထောက်ပံ့သလဲ၊ ဘာရည်ရွယ်ချက်နဲ့ ဒါတွေလုပ်သလဲ ဆိုပြီး မေးခွန်းထုတ်ထားပါ ကြောင်း၊ ပြီးတော့မှ ဒီအတွက် ပြန်ပြီးတော့အဖြေပေးထားတာ ရှိပါ ကြောင်း။

သုတေသနပြုသည့်အဖွဲ့အစည်းများသည် နိုင်ငံတကာမီဒီယာများကို လေ့လာ သုံးသပ်အကဲဖြတ်ပြီး အဆင့်အမှတ်သတ်မှတ်ပေးနေသူများဖြစ်ပါကြောင်း၊ မီဒီယာများ ၏ အထက်ကရှိနေသူများ၊ အဖွဲ့အစည်း များဖြစ်ပါကြောင်း၊ သို့သော် သူတို့ကိုယ်တိုင် သူတို့ကို ထောက်ပံ့သည့် ငွေရှင်ကြေးရှင်အဖွဲ့အစည်းများ၏ ဩဇာမှ မလွတ်ကင်းနိုင် ဘူး ဆိုလျှင် အောက်အဆင့်များတွင်ရှိသော မီဒီယာတစ်ခုချင်းသည်ကော ဘယ်လိုရှိ မလဲ စဉ်းစားစရာရှိကြောင်း။

မိမိတို့က Editorial Independence ဟု ပြောပါကြောင်း၊ သို့သော် အယ်ဒီတာ က ဘယ်လောက် လွတ်လပ်ခွင့်ရှိပါသလဲ၊ အယ်ဒီတာသည် ထုတ်လုပ်သူ၏ သဘောကို လွန်ဆန်နိုင်သလား၊ ထုတ်လုပ်သူကရော ငွေကြေးပံ့ပိုးသည့် ကြော်ငြာရှင်ကို လွန် ဆန်နိုင်သလား၊ Editorial Policy သည် ဘယ်သူ့လက်ထဲတွင် ရှိသလဲ၊ အဲဒီအခါ Freedom of the Press , Freedom of Expression ဆိုတာ ဘယ်သူ့မှာ ရှိသွား သလဲ။

Joe Liebling ဆိုသည့် အမေရိကန်မှ ထင်ရှားသည့်သတင်းစာ ဆရာကြီးတစ်ဦး ကတော့ Freedom of the press is guaranteed only to those who own one. “သတင်းစာတိုက်ပိုင်သည့်လူပဲ စာနယ်ဇင်းလွတ်လပ်ခွင့် (လွတ်လပ်စွာရေးသားခွင့်) ရဖို့ အာမခံနိုင်တာပါ” ဆိုသည့်သဘော ပြောဖူးပါကြောင်း။

မိမိတို့က လွတ်လပ်စွာ ရေးသားခွင့်ဆိုပြီးပြောသည့်အခါ အစိုးရများ၏ အချုပ်အချယ်က ကင်းလွတ်ရန်ဆိုတာကို အာရုံထားပြီးပြောကြပါကြောင်း၊ ဒါလည်း အရေး ကြီးပါကြောင်း၊ သို့သော် စာနယ်ဇင်းသမားများအနေဖြင့် မိမိတို့ကို ငွေကြေးအရ လွှမ်းမိုးသူများ၏ ဩဇာအောက်က လွတ်မြောက်ရန်ကိုလည်း အားထုတ်ရမည်ဖြစ်ပါ ကြောင်း။

ထို့အပြင် မိမိတို့ Media Literacy ဟု ပြောသည့်အခါ အများပြည်သူကို သို့မဟုတ် ကိုယ့် ထက်အတွေ့အကြုံ နုနယ်သေး၊ ငယ်ရွယ်သေးသည့်သူများကို မီဒီယာအကြောင်း နားလည်ပါးလည်ရှိဖို့၊ မအဖို့ ပြောသည့်အခါ ထိုအကြောင်းအရာရေးသားသည့် ၊ ဖော်ပြသည့် မီဒီယာ တစ်ခုသည် ဘယ်ပုဂ္ဂိုလ် ၊ ဘယ်အဖွဲ့အစည်းက ပိုင်ဆိုင်ထား သလဲ ၊ ထောက်ပံ့ထားသလဲ၊ ဩဇာလွှမ်းမိုး ထားသလဲ ၊ သူတို့သဘောထား၊ သူတို့ရပ် တည်ချက်က ဘာလဲဆိုတာတွေပါ ဖော်ထုတ်ပြောဆိုသင့်သည်ဟု ထင်ပါကြောင်း။

UNESCO ၏ Media Development Indicators များထဲတွင်လည်း Transparency of Ownership ဘယ်သူပိုင်သလဲဆိုတာသိဖို့ အရေးကြီး ကြောင်း၊ အဲဒီနေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့လိုကြောင်း အလေးအနက်ပြုဖော်ပြ ထား သည်ကို တွေ့ရပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ပုဂ္ဂိုလ်နှစ်ဦး၏ စကားကို ကိုးကားလိုပါကြောင်း၊ ပထမတစ် ခုမှာ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်နိုင်( ဆရာထက်မြက်) ၏ စကား ဖြစ်ပါကြောင်း၊ မကြာမီက အင်တာဗျူးတစ်ခုတွင် ဆရာထက်မြက်က “သတင်းသမား တွေအနေနဲ့ ဘာရှိသင့်သလဲဆိုတော့ နိုင်ငံအပေါ်၊ နိုင်ငံရဲ့အရေးအပေါ် လေးနက်မှုရှိဖို့ လ်ိုတယ်၊ နိုင်ငံကိုချစ်တဲ့စိတ်နဲ့ အမျိုးသားရေးစိတ်လည်း ရှိဖို့လိုလိမ့်မယ်” ဟု ပြောကြားခဲ့ပါကြောင်း၊ မိမိနှင့် သဘောထားချင်းတူပါကြောင်း။

ဂျာနယ်လစ်တစ်ဦးသည် အများပြည်သူကို မှန်ကန်သော သတင်းအချက် အလက်ပေးရန် တာဝန်ရှိပါကြောင်း၊ ယင်းမှာ သတင်းသမားတစ်ဦးအနေဖြင့် သူ၏ အရေးကြီးသော တာဝန်ဖြစ်ပါ ကြောင်း၊ တစ်ချိန်တည်းတွင် သူသည်နိုင်ငံသားတစ်ဦး ဖြစ်ပါကြောင်း၊ နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံချစ်စိတ်၊ နိုင်ငံကို ကာကွယ်စောင့် ရှောက်လိုသည့် စိတ်များလည်း သူ့မှာရှိရန် လိုအပ်သည်ဟု ပြောလိုပါကြောင်း။

ဒုတိယနှင့် နောက်ဆုံးကိုးကားခြင်းဖြစ်သော်လည်း အရေးကြီးဆုံး ကိုးကားလို သည့် စကားမှာ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားခဲ့သည့်စကားဖြစ်ပါကြောင်း၊ မိန့်ခွန်း နိဂုံးတွင် သမ္မတကြီးက သတင်းမီဒီယာသမားများ အတွက် အချက်ငါးချက် ဆန္ဒပြုပြောဆိုခဲ့ပါ ကြောင်း၊ ထိုငါးချက်ထဲမှ ပထမလေးချက်သည် သတင်းမီဒီယာသမား၏ ရပိုင်ခွင့်၊ တာဝန်တို့နှင့် သက်ဆိုင်ပါကြောင်း၊ ပဉ္စမအချက် သည် သတင်းမီဒီယာသမားအနေဖြင့် နိုင်ငံသားတစ်ဦးအဖြစ် ဆောင်ရွက်ပေးစေလိုသည့် ဆန္ဒကို ဖော်ပြခြင်းဖြစ်ပါကြောင်း၊ သမ္မတကြီးက “ နိုင်ငံတကာအသိုင်းအဝိုင်းအလယ်မှာ ကျွန်တော်တို့အား မွေးဖွားပေး လိုက်တဲ့ အမိနိုင်ငံတော်ရဲ့ ပုံရိပ် မြင့်မား လာအောင် ၊ ကျွန်တော်တို့နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာ ပိုမိုမြင့်တက်လာအောင် သတင်းမီဒီယာရဲ့ စွမ်းအားနဲ့ ပုံဖော်ပေးနိုင်ကြပါစေ” ဟု အလေးအနက် ပြောဆိုခဲ့သည်ကို မိမိအနေဖြင့် ထပ်လောင်းကိုးကား ဖော်ပြအပ်ပါကြောင်း ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) မှ ဌာနေကိုယ်စားလှယ် Ms. Min Jeong Kim နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကြီး H.E. Mr. Staffan Herrstrom တို့က အမှာစကား ပြောကြားကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရာ ဥပဒေပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေးမှ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ရေးသားခွင့်နှင့် သတင်း အချက်အလက်များ လွတ်လပ်စွာ ရယူခွင့်သို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ ၏ ရုပ်/သံလွှင့်မီဒီယာများ၊ ဥပဒေ၊ နည်းဥပဒေနှင့် အကောင်အထည် ဖော်ဆောင် ရွက်မှုများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မီဒီယာနှင့် သတင်းသမားများ ၏ လုံခြုံရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒီဂျီတယ်ကူးပြောင်းသည့် အခင်းအကျင်းတွင် ပြည်တွင်း မီဒီယာများ ရှင်သန်ရပ်တည်ရေးနှင့် ရေရှည်တည်တံ့ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြသည်။

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံများကို ၆ ကြိမ် ကျင်းပပြီးစီးခဲ့ပြီး ပထမအကြိမ် အဖြစ် ၂၀၁၂ ခုနှစ် မတ် ၁၉ ရက်မှ ၂၀ ရက်အထိလည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၁၃ ခုနှစ် မေ ၂၀ မှ ၂၁ ရက်အထိလည်းကောင်း၊ တတိယအကြိမ်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၈ မှ ၁၉ ရက်အထိ လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၁ ရက် အထိလည်းကောင်း၊ ပဉ္စမ အကြိမ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၇ မှ ၈ ရက် အထိလည်းကောင်း၊ ဆဋ္ဌမအကြိမ်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ မှ ၈ ရက် အထိလည်းကောင်း ကျင်းပခဲ့ကြောင်း သိရှိရသည်။

ညပိုင်းတွင် ညီလာခံ တက်ရောက်ကြသူများကို UK Embassy မှ ညစာဖြင့် တည်ခင်းဧည့်ခံသည်။

(သတင်းစဉ်)

 

 

HOT NEWS
January 4,