နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / July 08, 2020


နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၏ အလေးထားကြိုးပမ်းဆောင်ရွက်ချက်များအား ထင်ဟပ်မှုမရှိ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုအစီရင်ခံစာ၌ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက် များကို ပြည့်မီရန် ထိရောက်စွာဆောင်ရွက်မှုမရှိသည့် အဆင့် (၃) (Tier 3) နိုင်ငံများစာရင်း၌ မြန်မာနိုင်ငံကို ဆက်လက်ထားရှိခဲ့ခြင်းမှာ စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ မြန်မာနိုင်ငံကို Tier 3 ၌ ယင်းသို့ ဆက်လက် သတ်မှတ်ထားရှိခြင်းမှာ ပြီးခဲ့သည့်နှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရ၏ သိသာထင်ရှားသည့် ကြိုးပမ်းဆောင် ရွက်ခဲ့မှုများကို ထင်ဟပ်မှု မရှိကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံမှ ထိလွယ်ခိုက်လွယ်အရှိဆုံး အသိုက်အဝန်းမှ ပြည်သူများသည် ဆင်းရဲနွမ်းပါးမှု ပြဿနာကြောင့် လူကုန်ကူးသူများ၏ သားကောင်များဖြစ်နေကြရသည်။ သို့ဖြစ်ရာ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန်ကာ လူကုန်ကူးသူများအား ထိရောက်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရေး၊ လူကုန်ကူးမှုတားဆီးရေးဆိုင်ရာ အသိပညာပေးရေးနှင့် အခြားနိုင်ငံများထံမှ နည်းပညာ၊ အတွေ့အကြုံကောင်းများကို ရယူရေးတို့အပါအဝင် လူကုန်ကူးမှုတားဆီးရေး၊ ကျူးလွန်ခံရသူများကို အကာအကွယ်ပေးရေးနှင့် ကျူးလွန်သူများကို အရေးယူရေးတို့နှင့်စပ်လျဉ်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ကြရန်အတွက် သက်ဆိုင်ရာအစိုးရ ဝန်ကြီးဌာနများကို ညွှန်ကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း လူကုန်ကူးမှုကာကွယ် တားဆီးရေး၊ ကျူးလွန်သူများကို အရေးယူရေးနှင့် လူကုန်ကူးခံရသူများကို စောင့်ရှောက်ရေးတို့နှင့်ပတ်သက်၍ သိသာထင်ရှားသည့် တိုးတက်မှုများရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေသည် ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများကို ပြစ်မှုအဖြစ် သတ်မှတ်နိုင်သည့် ခိုင်မာသည့် ဥပဒေမူဘောင်တစ်ရပ်အဖြစ် ချမှတ်ပေးခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲအခြေပြစာချုပ် နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက် သတ်မှတ်ချက် ပြဋ္ဌာန်းချက်အမှတ်-၁၃၈ တို့ကို မြန်မာနိုင်ငံက အတည်ပြုပါဝင်ခဲ့ခြင်းသည် ကလေးစစ်သည်များ စုဆောင်းခြင်းနှင့် ကလေးအလုပ်သမားပြဿနာတို့ကို တားဆီး၊ ဖြေရှင်းနိုင်ရန် ခိုင်မာသည့် သန္နိဋ္ဌာန်ကို ပြသခြင်းပင်ဖြစ်သည်။

ကလေးအလုပ်သမားပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ဒုတိယသမ္မတ ဦးဆောင်သည့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့သည်။ အဓမ္မခိုင်းစေမှု ပပျောက်စေရန်အတွက်လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နှင့်ပူးပေါင်း၍ အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ၂၀၀၅ ခုနှစ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေကိုလည်း မြန်မာနိုင်ငံမှ လက်ခံထားသည့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖြစ်စေရေးအတွက် ပြင်ဆင်ရေးဆွဲလျက်ရှိသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် လူကုန်ကူးခံရသူများ ပြန်လည် ထူထောင်နိုင်ရေး၊ ၎င်းတို့၏ အသိုက်အဝန်းများသို့ ပြန်လည်ဝင်ရောက်နိုင်ရေးတို့အတွက် အကူအညီပေးလျက်ရှိသကဲ့သို့ လူကုန်ကူးသူများကိုလည်း ထိရောက်စွာ အပြစ်ပေးအရေးယူလျက်ရှိသည်။ ထို့ပြင် မြန်မာရွှေ့ပြောင်း လုပ်သားများကို အကာအကွယ်ပေးနိုင်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်ကို လျှော့ချနိုင်ရေးတို့အတွက် အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာ အကျုံးဝင်သည့်ကာလအတွင်း မြန်မာနိုင်ငံကို ကြားခံနိုင်ငံအဖြစ် ဖြတ်သန်း၍ ကျူးလွန်သည့် လူကုန်ကူးမှုများသည် ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသာစွာ လျော့ကျလာခဲ့သည်။ ပဋိပက္ခများကြောင့် ပြည်တွင်းရွှေ့ပြောင်းသွားလာသူ အရေအတွက် တိုးမြင့်လာသော်လည်း ပြည်တွင်းရွှေ့ပြောင်းသွားလာသူများအား လူကုန်ကူးခံရခြင်းမှ ပိုမိုတားဆီးနိုင်ခဲ့သည်။ မကြာသေးမီက လူကုန်ကူးခံရသည့် လှေစီးဒုက္ခသည် ဖြစ်စဉ် အများစုသည် မြန်မာနိုင်ငံမှ စတင်ထွက်ခွာခဲ့မှုများ မဟုတ်ကြောင်း စိစစ်တွေ့ရှိရသည်။

အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးအတွက် ကြိုးပမ်းမှုတွင် တိုးတက်မှုများအား အသိအမှတ်ပြုသည့်အနေဖြင့် ကုလသမဂ္ဂက မြန်မာ့တပ်မတော်အား ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းမှုနှင့် အသုံးပြုမှု ကျူးလွန်သည့် အဖွဲ့အစည်းများစာရင်းမှ မကြာမီက ပယ်ဖျက်ပေးခဲ့ သည်။

ဖော်ပြပါတိုးတက်မှုများရှိနေသော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုအစီရင်ခံစာသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို လုံလောက်စွာ အသိအမှတ်ပြုထားခြင်း မရှိသည်ကို စိတ်ပျက်ဖွယ် တွေ့ရှိရသည်။ နောင်ထုတ်ပြန်မည့် အစီရင်ခံစာများသည် တိကျမှန်ကန်မှု၊ ဘက်လိုက်မှု ကင်းရှင်းမှုနှင့် သီးခြားလွတ်လပ်မှုတို့ကို ပိုမို၍ အလေးထားအခြေခံလိမ့်မည်ဟု မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်သည်။ မြန်မာနိုင်ငံသည် ထိခိုက်လွယ်သည့် အသိုက်အဝန်းမှ ပြည်သူများအား လူမဆန်သည့် လူကုန်ကူးခံရမှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ ကမ္ဘာ့စိုးရိမ်ဖွယ်အရေးကိစ္စဖြစ်သော အလွန်ဆိုးရွားသည့် လူကုန်ကူးမှုပြဿနာကို ဖြေရှင်းရာတွင် အမေရိကန်နိုင်ငံအပါအဝင် မိတ်ဖက်နိုင်ငံများအားလုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်။