ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက်များ ချမှတ်ပေးရန် လျှောက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / January 23, 2020


 

အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက မှတ်သားထားရှိ
ရခိုင်ပြည်နယ်၌ လူမျိုးပြုန်းတီးစေရန် ဆောင်ရွက်မှုမရှိ

 

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက်များ ချမှတ်ပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ လျှောက်ထားချက်နှင့်ပတ်သက်၍ ယနေ့ အပြည်ပြည်ဆိုင်ရာ တရားရုံးက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ အစိုးရအနေဖြင့် မှတ်သားထားရှိသည်။

 

၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် လူမျိုးပြုန်းတီးစေမှုများ ဖြစ်ပွားခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်ဖြင့် တရားရုံးသို့ တင်ပြထားသည့် အမှုကိစ္စနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးမှ တရားသူကြီးများအနေဖြင့် မှန်ကန်သည့်အချက်အလက်များ ရရှိနိုင်ရေးကို အထောက်အကူပြုစေရန်အတွက် အပြည်ပြည်ဆိုင်ရာတရားရုံး ရှေ့မှောက်တွင် မြန်မာနိုင်ငံမှ တက်ရောက် ရှင်းလင်းခဲ့ပြီးဖြစ်သည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry - ICOE)၏ အစီရင်ခံစာတွင် ကောက်ချက်ချထားသကဲ့သို့ ရခိုင်ပြည်နယ်၌ လူမျိုးပြုန်းတီးစေရန် မည်သည့် ကျူးလွန်လုပ်ဆောင်ချက်မျိုးမျှ ဖြစ်ပွားခြင်း မရှိခဲ့ပါ။ စစ်မက်ပဋိပက္ခဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှုများရှိသည်ဟု ကော်မရှင်က တွေ့ရှိခဲ့ပြီး ယင်းရာဇဝတ်မှုများကို မြန်မာနိုင်ငံ၏ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုစနစ်အရ စုံစမ်းစစ်ဆေး အရေးယူလျက်ရှိသည်။

 

ယခုအမှုကိစ္စတွင် မူလလျှောက်ထားချက်၏ ခိုင်လုံမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးအနေဖြင့် အချက်အလက်မှန်များကို အခြေခံကာ မှန်ကန်သည့် စီရင်ဆုံးဖြတ်ချက် ချမှတ်သွားရေးမှာ မြန်မာနိုင်ငံအတွက် အရေးကြီးသည်။ လူ့အခွင့်အရေးလှုပ်ရှားသူအချို့က တင်သွင်းခဲ့ကြသည့် အထောက်အထား ခိုင်လုံမှုမရှိသည့် စွပ်စွဲမှုများ၊ ရှုတ်ချမှုများကြောင့် ရခိုင်ပြည်နယ်၏ အခြေအနေကို လိုရာဆွဲ၍ လွဲမှားစွာပုံဖော်လျက်ရှိနေသည့်အတွက် မြန်မာနိုင်ငံနှင့် အခြားသောနိုင်ငံများ၏ ဆက်ဆံရေးအပေါ် ထိခိုက်မှုများ ဖြစ်စေခဲ့သည်။ ယင်းသို့သော အခြေအနေများသည် ရခိုင်ပြည်နယ် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းများ ချမှတ်ရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် အဟန့်အတား ဖြစ်စေခဲ့သည်။

အပြည်ပြည်ဆိုင်ရာ တရားရုံးအနေဖြင့် အမှုကိစ္စကို စတင်ကိုင်တွယ် ဆောင်ရွက်ချိန်တွင် အကာအကွယ်ပေးရေး အစီအမံများချမှတ်ရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံရနိုင်သည့် အလားအလာများမှ ကာကွယ်နိုင်ရန် ကြားဖြတ် စီမံဆောင်ရွက်ချက်များကို ချမှတ်ခဲ့လေ့ရှိသော အစဉ်အလာရှိသည်ကိုလည်း မိမိတို့အားလုံးအနေဖြင့် သိရှိထားသင့်သည်။ “တရားရုံး၏ ယနေ့ ဆုံးဖြတ်ချက်သည် ယင်းအမှု၏ ဆီလျော်ခိုင်မာမှု (merits) အား တရားရုံးက စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိ-မရှိ အပေါ် တွင်လည်းကောင်း၊ လျှောက်ထားသည့်အမှုကို လက်ခံ ကြားနာခွင့် ရှိ-မရှိနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အမှု၏ ဆီလျော်ခိုင်မာမှု (merits) နှင့်ပတ်သက်၍ လည်းကောင်း၊ ကြိုတင်ဆုံးဖြတ်သည့်သဘော လုံးဝ သက်ရောက်စေမည် မဟုတ်ကြောင်း” အပြည်ပြည်ဆိုင်ရာ တရားရုံးက အတည် ပြု ပြောကြားခဲ့သည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်