ဇူလိုင်လတွင် စာသင်ကျောင်းများ ပြန်ဖွင့်မည့်အပေါ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / May 30, 2020


ဇူလိုင်လတွင် စာသင်ကျောင်းများ ပြန်ဖွင့်မည့်အပေါ်

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်အမှတ်(၅/၂၀၂၀)

၁။ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသည့် ပထမဆုံးလူနာကို စတင်တွေ့ရှိခဲ့ချိန်မှစ၍ Coronarvirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့သည် ကိုရိုနာဗိုင်းရပ်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်လမ်းညွှန်မှုအပေါ် ပြည်သူလူထု၏ ယုံကြည်မှုအပြည့်အဝရှိခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်သည့် လက်တွေ့ကျသည့် အမိန့်နှင့်ညွှန်ကြားချက်များကြောင့် ပြည်သူလူထုအနေဖြင့် အဆိုပါအမိန့်၊ ညွှန်ကြားချက်များကို တိတိကျကျ လေးစားလိုက်နာမှုရှိခဲ့ပါသည်။ သို့ဖြစ်၍ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ အနေဖြင့် အကန့်အသတ်များစွာ ရှိသော်လည်း ကူးစက်မြန်ကပ်ရောဂါပျံ့နှံ့ မှုကို ထိန်းချုပ်ရာတွင် ယခုအချိန်အထိ ကျေနပ်အားရဖွယ်ရာ အောင်မြင် ဖြစ်ထွန်းမှုများစွာကို ရရှိစေခဲ့ပါသည်။ ဤသို့သော အောင်မြင်ဖြစ်ထွန်းမှု များက ပြည်သူလူထု ပြည့်ပြည့်ဝဝပူးပေါင်းပါဝင်ခြင်းအားဖြင့် အားကောင်းခိုင်မာလာသော ထူးခြားပြောင်မြောက်လှသည့် ခေါင်းဆောင်မှုဆိုင်ရာ အောင်မြင်မှုဖြစ်စဉ်တစ်ရပ်ကို ဖော်ပြနေပေသည်။

၂။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၆ တွင် “လူတိုင်းတွင် ပညာသင်ယူခွင့်ရှိသည်”ဟု ဖော်ပြထားပါသည်။ COVID-19 ကြောင့် ကမ္ဘာ့တစ်ဝှမ်းလုံးရှိ ကလေးငယ် ၁ ဒသမ ၅ ဘီလီယံကျော်၏ ပညာသင်ယူခွင့် ဆုံးရှုံးလျက်ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန် ချက်များအရ သိရှိရပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်း ကျောင်းများ ကာလတာရှည်ပိတ်ထားသည့်အပေါ် ကော်မရှင်အနေဖြင့် များစွာစိုးရိမ်ပူပန် မိပါသည်။ မျှော်မှန်းထားသည်ထက် ပိုမိုကြာရှည်စွာ ကျောင်းများကို ပိတ်ထားမည်ဆိုပါက ပညာသင်ယူခွင့် အခွင့်အရေးကိုသာမက ကလေးငယ် များ၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကိုပါ ထိခိုက်လာနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် ကလေးငယ်များကို နေအိမ်တွင်း၌ ကာလတာရှည်စွာ ကန့်သတ်ထားရှိခြင်းဖြင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှုနှင့် နှိပ်စက် ညှဉ်းပန်းမှုများကဲ့သို့သော အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ပါသည်။

၃။ အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး နောက်ထပ် သီတင်းနှစ်ပတ်အကြာတွင် အခြေခံပညာအလယ်တန်းနှင့် မူလတန်းကျောင်းများကို ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မေလ ၂၇ ရက်နေ့က ကြားသိရသည့်အတွက် ကော်မရှင် အနေဖြင့် ကျေနပ်အားရမိပါသည်။ အဆိုပါအစီအမံများကို တိုင်းပြည်၏ ရောဂါတိုက်ဖျက်ရေး၌ အဆိုးဆုံးကြုံတွေ့နေရသည့် အခြေအနေတွင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယင်းအစီအမံများအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းကို အထူးသဖြင့် ကျောင်းသားမိဘများက ကျိုးကြောင်းတကျ ထုတ်ဖော်ပြောဆိုမှုများရှိနေပြီး ဆရာ၊ ဆရာမများကပင် စိုးရိမ်ပူပန်မှုများ ရှိကြောင်း ပြောဆိုခဲ့ကြပါသည်။ ယင်းသို့သော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ် စေသည့် အကြောင်းရင်းများမှာ မျိုးစုံဖြစ်နေပါသည်။ အကြောင်းရင်းတစ်ရပ်မှာ အရွယ်ရောက်ပြီးသူများနှင့် နှိုင်းစာပါက ကလေးများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စာသင်ကျောင်းများတွင် တစ်ချိန်လုံး ပြုမူနေထိုင်ရန်ဆိုသည်မှာ ကလေးများ၏သဘာဝအရ မျှော်လင့်၍ ရနိုင်မည် မဟုတ်ပေ။ အခြားအကြောင်းရင်းတစ်ရပ်မှာ စာသင်ခန်းအကျယ်အဝန်းများသည် နေရာ အကန့်အသတ်နှင့်သာ ရှိနေသည်ဖြစ်ရာ ကလေးငယ်များအကြား ခပ်ခွာခွာနေထိုင်ရေးအတွက် စီစဉ်ရာတွင် နောက်ထပ်အခက်အခဲတစ်ရပ်ရှိနေခြင်းဖြစ်သည်။ ထို့ပြင် စာသင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူ အရေအတွက် များပြားလှသောကြောင့် ရောဂါကူးစက်မှုတစ်ခု ဖြစ်ပွားချိန် တွင် ရောဂါပျံ့နှံ့မှုကို တားဆီးရန်အတွက် ကိုင်တွယ်ရခက်ခဲစေမည့် အချက် ဖြစ်သည်။ ပို၍ နိုင်နိုင်နင်းနင်းရှိသော ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အခက်အခဲများ ရှိကြောင်း ကြားသိနေရခြင်းမှာလည်း အရေးပါသည့် အကြောင်းရင်းတစ်ချက်ဖြစ်သည်။ ၎င်းအပြင် ကျောင်းနေ ကလေးငယ်များတွင် တစ်ဦးနှင့်တစ်ဦး တုပ်ကွေးရောဂါကူးစက်မှုများ နှစ်စဉ် ဖြစ်ပွားလျက် ရှိသည်။

၄။ ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ပြီးနောက်ပိုင်းမှသာ ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် မိဘများက ဆန္ဒရှိကြပါသည်။ သို့ရာတွင် အဆိုပါအခြေ အနေသို့ ရောက်ရှိရေးမှာ မျှော်မှန်းရခက်ခဲနေဦးမည်ဖြစ်ပြီး မည်သို့မျှ ကြိုတင်မှန်းဆ၍ မရနိုင်သည့် အခြေအနေတစ်ခုသို့ရောက်မှ ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်ကို ဆုပ်ကိုင်ထားခြင်းက ကျောင်းသား ကျောင်းသူများကို ရေရှည်အကျိုးဖြစ်စေမည် မဟုတ်ပေ။ သို့ဖြစ်၍ စည်းမျဉ်း စည်းကမ်းများ၊ လမ်းညွှန်ချက်များနှင့် အစီအစဉ်များကို စေ့စပ်သေချာစွာ အသေးစိတ် စဉ်းစားသုံးသပ်ကာ ချမှတ်ဖော်ဆောင်ပြီးနောက် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန်သာ ဆောင်ရွက်ရတော့မည် ဖြစ်ပါသည်။ အစိုးရအနေဖြင့် ရှေ့ဆက်ဆောင်ရွက် ရန်စီစဉ်ထားသည်များကို အသိပေးခြင်းဖြင့် မိဘများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ စိုးရိမ် ပူပန်မှုများကို လျော့နည်းစေနိုင်မည် ဖြစ်ပါသည်။ ကျောင်း ကြို/ပို့ ယာဉ် ကိုယ်ပိုင်မရှိသော ကလေးငယ်များ၊ မသန်စွမ်းကလေးငယ်များ၊ တိုင်းရင်းသား လူမျိုးစုနယ်မြေများနှင့် သွားရေးလာရေး ခက်ခဲသော ဒေသများရှိ နုနယ်သော ကျောင်းသား ကလေးငယ်များ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်အတွက် ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်မှုများက ကျယ်ကျယ်ပြန့်ပြန့်နှင့် လုံလောက်မှု ရှိလိမ့်မည်ဟု ကော်မရှင်အနေဖြင့် မျှော်လင့်ပါသည်။

၅။ နှာခေါင်းစည်း မျက်နှာဖုံးတပ်ခြင်း၊ သတ်မှတ်အကွာအဝေးတွင် ထိုင်စေ ခြင်း၊ လက်ဆေးခြင်းနှင့် ကိုယ်ပူချိန်တိုင်းတာခြင်းတို့ကို ဆရာ၊ ဆရာမများ နှင့် ကျောင်းတာဝန်ရှိသူများက သေချာစွာ ဆောင်ရွက်လိမ့်မည်ဟု ကော်မရှင် အနေဖြင့် ယုံကြည်စိတ်ချသော်လည်း ရောဂါကူးစက်ခံရမှုကို အစောဆုံး သိရှိရေးမှာလည်း အရေးကြီးသည်ဟု မှတ်ယူပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အောက်ပါအတိုင်း အကြံပြုတိုက်တွန်း အပ်ပါသည်-

“ပြန်လည်ဖွင့်လှစ်မည့် ကျောင်းတိုင်းတွင် သင့်တော်သည့် ရာထူးအဆင့်ရှိသည့် ကျန်းမာရေးဝန်ထမ်းများကို လက်တွေ့လိုအပ်သည့် အရေအတွက်အထိ တရားဝင် တာဝန်ပေးခန့်အပ်ရေးကို ချမှတ်ရန် ရည်ရွယ်ထားသည့် စည်းမျဉ်းစည်းကမ်းများတွင် ထည့်သွင်းပြဋ္ဌာန်းပေးရန်။ အဆိုပါဝန်ထမ်းများအတွက် အောက်ဖော်ပြပါ အဓိကတာဝန်ဝတ္တရားများ ထည့်သွင်းပြဋ္ဌာန်းပေးရန်-

(က) စာသင်ခန်းများအတွင်းရှိ ကျောင်းသား ကျောင်းသူများ၏ အခြေအနေကို ကျောင်းတာဝန်ရှိသူများနှင့်အတူ စောင့်ကြည့် လေ့လာရန်၊

(ခ) ကျောင်းသား ကျောင်းသူများတွင် COVID-19 ရောဂါလက္ခဏာ များ စစ်ဆေးတွေ့ရှိပါက အဆိုပါ သံသယလူနာကလေးကို အခြားကလေးများနှင့် သီးခြားခွဲထားကာ မိဘများထံ အကြောင်း ကြားရန် ချက်ချင်းဆောင်ရွက်ပြီး ယင်းကလေးငယ်ကို အသွား အလာကန့်သတ်ထားရှိ၍ စောင့်ကြည့်ရေးအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ရန်၊

(ဂ) ရောဂါကူးစက်ခံရသည့် ကလေးငယ်၊ သက်ဆိုင်သည့်မိသားစုနှင့် အခြားကလေးငယ်များအတွက် နှစ်သိမ့်ဆွေးနွေး ပညာပေးမှုများပြုလုပ်ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ထားရန်၊

(ဃ) အခြားလိုအပ်ချက်များကို ထပ်မံဆောင်ရွက်နိုင်ရေးအတွက် စာသင်ခန်းအတွင်းရှိ အခြားကလေးများနှင့် သံသယရှိသည့် ကလေးငယ်တို့ကြား ထိတွေ့မှုကို ခြေရာခံနိုင်ရေးဆောင်ရွက် ရန်၊

(င) ရောဂါထပ်ဆင့်ပြန့်ပွားမှု မရှိစေရေးအတွက် ကျောင်းတာဝန် ရှိသူများ၏ အကူအညီကိုရယူလျက် သံသယလူနာ ကလေးငယ်၏ မိသားစုနှင့် ညှိနှိုင်းဆောင်ရွက်ရန်။”

၆။ လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝန်နှင့် အားမမျှသည့် လူ့စွမ်းအား အရင်းအမြစ်အခြေအနေကို ကော်မရှင်အနေဖြင့် သတိပြုမိသော်လည်း COVID-19လက္ခဏာများကို ဆောလျင်စွာ စစ်ဆေး သိရှိပြီး လိုအပ်သည်များကို လျင်မြန်စွာဆောင်ရွက်နိုင်ရန် သင့်တော်သည့် ရာထူးအဆင့်ရှိသော ကျန်းမာရေးဝန်ထမ်းများကို ကျောင်းများတွင် တရားဝင် ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် ကျောင်းပြန်ဖွင့်ချိန်တွင် ကျင့်သုံး ဆောင်ရွက်မည့် စည်းမျဉ်းများထဲ၌ ထည့်သွင်းချမှတ်သွားမည်ဟု ကော်မရှင်အနေဖြင့် မျှော်လင့်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၉ ရက်