မြဝတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ ဦး ပြန်လည်ဝင်ရောက်မှု


Ministry of Home Affairs/ နေပြည်တော် / October 09, 2018


ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအက်ဥပဒေ ပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေ နှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်ဂိတ် အသီးသီးမှ ပြန်လည်ဝင်ရောက်လျက်ရှိရာ  ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် မြဝတီမြို့ (၄) ရပ်ကွက် ရွှေ့ပြောင်းအလုပ်သမားရုံးသို့ ၁၇၂ ဦး(ကျား ၁၁၅၊မ ၅၇)၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ (၁)ရပ်ကွက်ရှိ သွပ်ပြားပေါက်(ဒေသအခေါ်)သို့ ၂၈ ဦး(ကျား ၂၀၊မ ၈)တို့ ပြန်လည် ဝင်ရောက်လာခဲ့ပါသည်။

          ၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်း မရှိဘဲ အစွန်းရောက်အကြမ်းဖက် သမားများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုပြုလုပ်သူများနှင့် ငွေစက္ကူ အတုများ ပါလာခြင်းမရှိစေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများပါဝင်သော ပူးပေါင်းအဖွဲ့များမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့် လိုအပ်သည့် ကူညီထောက်ပံ့ မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်း ရရှိပါသည်။