ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့


Ministry of Information/ Naypyitaw / January 07, 2019


နေပြည်တော် ဇန်နဝါရီ ၆

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံတော် အကြီးအကဲ များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ကြသည်။

ယမန်နေ့မှအဆက်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာထံမှ ပေးပို့သည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ နိုင်ငံသားများကိုယ်စား လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက် ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အပေါ် အထူး အလေးထားပါသည်။ မိမိတို့နှစ်နိုင်ငံ တည်ရှိရာဒေသအား ငြိမ်းချမ်း လုံခြုံ တည်ငြိမ်မှုရှိပြီး ဖွံ့ဖြိုး တိုးတက်သော ပတ်ဝန်းကျင်ရှိသည့် သာယာဝပြော တိုးတက်သောဒေသအဖြစ် မြင်တွေ့လိုပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံပြည်သူများ တိုးတက်သော ရည်မှန်းချက်များနှင့် မျှော်မှန်းချက် များကို ရရှိခံစားနိုင်ရန် မြန်မာနိုင်ငံနှင့် အတူတကွ ဆောင်ရွက်သွားလိုကြောင်း သန္နိဋ္ဌာန် ပြုအပ်ပါသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ပေါ်တူဂီသမ္မတနိုင်ငံ၊ သမ္မတ မာဆယ်လို ဟယ်ဘယ်လို ဒီ ဆိုဆာထံမှ ပေးပို့သည့်(၇၁)နှစ်မြောက် လွတ်လပ်ရေး နေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းနှင့် အဆွေတော် ကျန်းမာပျော်ရွှင်၍ မြန်မာပြည်သူများ ဖွံ့ဖြိုးတိုးတက် သာယာဝပြောပါစေကြောင်း မိမိအနေဖြင့် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဆလိုဗက်သမ္မတနိုင်ငံ၊ သမ္မတ အန်းဒရစ် ကစ္စကာထံမှ ပေးပို့သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် ဆလိုဗက်သမ္မတနိုင်ငံ၊ ပြည်သူများ ကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မြန်မာပြည်သူပြည်သားများ တည်ငြိမ်အေးချမ်း၍ ကြွယ်ဝချမ်းသာပြီး ဒီမိုကရေစီ လူ့အဖွဲ့အစည်း ပိုမိုတောင့်တင်း ခိုင်မာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး တို့သည် အပြန်အလှန် အားရကျေနပ်မှုရှိစွာ ဆက်လက်ဖွံ့ဖြိုးတိုး တက်နေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

အဆွေတော်အား မိမိအနေဖြင့် ချစ်ကြည် အလေးထားလျက် ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ကျူးဘားသမ္မတနိုင်ငံ၊ သမ္မတ မဂဲလ် ဒီရယ်ကယ်နယ် ဘာရယ်မူဒဲလ်ထံမှ ပေးပို့သည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက်

ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယအတွက် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် ကျူးဘားနိုင်ငံအကြား နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာ စေရန် ဆန္ဒရှိပါကြောင်း ဖော်ပြအပ်ပါသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုပြည်သူ့ လွှတ်တော်၊ သဘာပတိအဖွဲ့၊ ဥက္ကဋ္ဌ ကင်ယုံနမ်ထံမှ ပေးပို့သည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်နှင့်တကွ မြန်မာပြည်သူပြည်သားများ အားလုံးထံသို့ နွေးထွေးလှိုက်လှဲစွာ ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဆုမွန်ကောင်း တောင်းအပ် ပါသည်။

မိမိအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးအတွက် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆန္ဒပြု ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာပါတိုင်းတဲ့ချို ဟွန်ဆင်ထံမှ ပေးပို့သည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း အဆွေတော်နှင့် မြန်မာ ပြည်သူများအား ပြောကြား လိုပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား သံတမန် ဆက်သွယ်မှု ထူထောင်ခဲ့သည့်ကာလမှ စတင်၍ တည်ရှိခဲ့ သည့် ကာလရှည်ကြာ ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးအပေါ် မိမိအနေဖြင့် နှစ်ထောင်းအားရဖြစ်မိပါသည်။ နှစ်နိုင်ငံ လက်တွဲကြိုးပမ်း အားထုတ်မှုများမှတစ်ဆင့် လာမည့်နှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုခိုင်မာကျယ်ပြန့်လာပြီး နှစ်နိုင်ငံ ပြည်သူများမှာလည်း ပိုမိုကြွယ်ဝချမ်းသာလာမည်ဟု ယုံကြည်လျက် ရှိပါသည်။

အဆွေတော် ကျန်းမာပျော်ရွှင်၍ လုပ်ငန်းဆောင်တာများတွင် ပိုမိုအောင်မြင်မှု ရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများလည်း ကြွယ်ဝချမ်းသာပါစေကြောင်း ဆုမွန် ကောင်းတောင်းအပ်ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်ထောင်လွန်း ဆီဆုလစ်ထံမှ ပေးပို့သည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံအစိုးရကိုယ်စား မိမိအနေ ဖြင့် အဆွေတော်နှင့် အဆွေတော်မှတစ်ဆင့် မြန်မာအစိုးရထံသို့ ဝမ်းမြောက်ဂုဏ်ယူ ကြောင်း ပြောကြားလိုပါသည်။

လာအိုနှင့် မြန်မာ နှစ်နိုင်ငံအကြားတွင်သာမက နိုင်ငံတကာနယ်ပယ်တွင် အစဉ်အလာအရ တည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်မည်ဟု မိမိအနေဖြင့် လေးနက်စွာ ယုံကြည်ပါသည်။ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ရန် အဆွေတော်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိပါသည်။ ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံ တကာနယ်ပယ်တွင် ငြိမ်းချမ်းရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်သွားရန်လည်း ဆန္ဒရှိပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် ငုယင်စွမ်းဖုထံမှ ပေးပို့သည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ဗီယက်နမ်အစိုးရနှင့် ပြည်သူများကိုယ်စား၊ အဆွေတော်၊ မြန်မာ အစိုးရနှင့် ပြည်သူများထံသို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားလိုပါသည်။ လွန်ခဲ့သော ဆယ်စုနှစ် (၇) ခုအတွင်း မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အောင်မြင် မှုများအတွက် ဂုဏ်ယူပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာအစိုးရ၏ အုပ်ချုပ်မှု အောက်တွင် နိုင်ငံတည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အောင်မြင်မှုများ ပိုမိုရရှိလိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်မိပါသည်။ ထို့အတူ ဒေသတွင်းနှင့် ကမ္ဘာ့အလယ်တွင်လည်း မြန်မာနိုင်ငံ၏ အနေအထားကို ဆက်လက်မြှင့်တင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

မကြာမီနှစ်များအတွင်းက ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အစဉ် အလာအရ တည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုတို့သည် အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုများရရှိခဲ့သဖြင့် မိမိအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။ အထူးသဖြင့် အဆင့်မြင့်ခေါင်းဆောင်များ၏ ချစ်ကြည်ရေး ခရီးစဉ်များ မကြာခဏ အပြန်အလှန်သွားလာနိုင်ခြင်းနှင့် တွေ့ဆုံဆွေးနွေးမှုများသည် အပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှုတို့ကို ပိုမိုခိုင်မာလာစေပြီး နှစ်နိုင်ငံအကြားနှင့် အပြည်ပြည် ဆိုင်ရာ မူဘောင်များအတွင်း ရှိရင်းစွဲ ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပို၍ ခိုင်မာလာစေ ခဲ့ပါသည်။ မိမိတို့နှစ်နိုင်ငံအစိုးရ၏ မဆုတ်မနစ် ကြိုးပမ်းအားထုတ် မှုများကြောင့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် လာမည့်နှစ်များအတွင်း ပိုမိုတိုးတက်ခိုင်မာလာမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)