ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကျင်းပ


Ministry of Information/ ​နေပြည်တော် / September 18, 2019
image_latest


 

နေပြည်တော် စက်တင်ဘာ ၁၈

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစောစိန်ထွန်း ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း တိုးတက်လာစေရေးအတွက် အခွန်ဆိုင်ရာ ကောက်ခံနှုန်းထားများ ဖြေလျှော့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က ဒေသခံဟိုတယ် လုပ်ငန်းရှင်များအား သက်သာခွင့်များ မနှုတ်မီ အခွန်နှုန်းထားအရ ၃၀ ရာခိုင်နှုန်း စည်း ကြပ်ကောက်ခံ နေမှုများ ဆောင်ရွက်မှု အစီအစဉ်သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနက စည်းကြပ်  ကောက်ခံသည့် အခွန်အမျိုးအစားဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းအပါအဝင် ခရီးသွားလာရေးလုပ်ငန်းများ၏ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ခြင်း၊ လိုင်စင်ဒဏ်ကြေးများနှင့် ဝန်ဆောင်ကြေးများကိုသာ ကောက်ခံခဲ့ပါကြောင်း၊ ထိုသို့ ကောက်ခံမှုများကိုလည်း ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ ယခင်(၂)နှစ် တစ်ကြိမ် ပေးသွင်းရသော လိုင်စင်ကြေးများအားလုံး၏ ၅၀ ရာခိုင်နှုန်းကို ဖြေလျော့ထားပြီး ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ယခင်ကထက် တစ်ဝက် သက်သာ စေခဲ့ပါကြောင်း။

 

ယခု ၂၀၁၈ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေနှင့်အညီ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်မှစ၍ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေး၊ လိုင်စင်ဒဏ်ကြေးနှင့် ဝန်ဆောင်ကြေး များကို (၂)နှစ်တစ်ကြိမ်အစား (၃)နှစ်တစ်ကြိမ်သာ ပေးသွင်းရန် ပြောင်းလဲပြင်ဆင်သတ်မှတ် ဖြေလျှော့ပေးခဲ့သည့် အတွက် လုပ်ငန်းရှင်များအနေဖြင့် များစွာသက်သာခွင့်ရရှိပြီး ဖြစ်ပါကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ဥပဒေအရ ဝန်ကြီးချုပ်များ ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ ၂၀၁၉ခုနှစ် ဧပြီ ၁၂ ရက်မှ စတင်၍ အဆိုပါ လိုင်စင်ကြေး၊ ဝန်ဆောင်ကြေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်သာ ပေးသွင်းဆောင် ရွက်နိုင်ပါ ကြောင်း ဖြေကြားသည်။

 

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ ပြည်တွင်း ပြည်ပမှ ထုတ်လုပ်တင်သွင်း ရောင်းချဖြန့်ဖြူးနေသော လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ စစ်ဆေးခြင်းတို့ကို မည်ကဲ့သို့ စီမံဆောင် ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းက လျှပ်စစ်ဆိုင်ရာပစ္စည်း ကိရိယာများအပါအဝင် နယ်ပယ် ကဏ္ဍ အသီးသီးအတွက် မြန်မာစံချိန်စံညွှန်းများ အတည်ပြုသတ်မှတ်ခြင်းကို ပညာရေး ဝန်ကြီးဌာန၊ အမျိုးသား စံချိန်စံ ညွန်းကောင်စီက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည် တွင်း/ ပြည်ပမှ ထုတ်လုပ်/ တင်သွင်း ဖြန့်ဖြူးရောင်း ချလျက်ရှိသည့် လျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ စစ်ဆေးပေးပါရန် လျှောက်ထားလာပါက စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာနမှ အရည်အသွေးစစ်ဆေးပေးလျက်ရှိ ပါကြောင်း၊ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်၍ မဖြစ်မနေလိုက် နာဆောင်ရွက်ရမည့် စံချိန် စံညွှန်း များကို အမျိုးသားစံချိန်စံညွှန်းကောင်စီမှ သတ်မှတ် ပြီးပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ စားသုံးသူရေးရာဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာ များ၏ အရည်အသွေးများနှင့် စံချိန်စံညွှန်းဆိုင်ရာ စစ်ဆေးခြင်းများကို စီမံဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ရာသီဥတု ပြောင်းလဲခြင်းနှင့် သဘာ၀ဘေး အန္တရာယ်ကျရောက်ခြင်းများကို လျှော့ချနိုင်သည့် မြန်မာ့ရေတိမ်ဒေသများကို ရေရှည်တည်တံ့စေရေး မည်သို့ ထိန်းသိမ်းကာကွယ်ထား သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရေဝပ်ဒေသဂေဟစနစ် ရေရှည်တည်တံ့စေရေး အတွက် ထိန်းသိမ်းရေးလုပ်ငန်းများကို သစ်တောဦးစီးဌာန၊ အစိုးရဌာနများ၊ ဒေသခံပြည်သူများ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍ သဘာဝ ထိန်းသိမ်းရေး နယ်မြေများကို ဒေသခံများကိုယ်တိုင် မိရိုးဖလာနည်းဖြင့် ရေရှည်ထိန်းသိမ်းမှုများကို ပိုမို တိုးတက် စေရန် မြှင့်တင်ပေးခြင်းနှင့် ဒေသခံများပါဝင်စီမံအုပ်ချုပ်သည့် စနစ်ကို ဖော် ဆောင်သွားနိုင်ရေး ကြိုးပမ်းဆောင် ရွက်လျက် ရှိပါကြောင်းနှင့် ရေဝပ်ဒေသများသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသည့် သယံဇာတ များနှင့် ဂေဟစနစ်ဝန် ဆောင်မှုများကို ပံ့ပိုးပေးနေသည့်အတွက် ထုတ်ယူအသုံးပြုခြင်းနှင့် ထိန်းသိမ်းကာ ကွယ်ခြင်းတို့ကို ဟန်ချက်ညီညီဆောင်ရွက်လျက်ရှိပါကြောင်း  ဖြေကြားသည်။

 

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ ၏ မွန်ပြည်နယ်၊ ဘီးလင်း မြို့ရှိ စက်မှု(၁)မှ သိမ်းယူထားခဲ့ပြီး ပုဂ္ဂလိကကို ပေးထားသော ဘိုးလှကြီးရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာနှင့် ဘောလုံးကွင်းတို့ပါ ဝင်သည့် မြေနေရာအား ပြန်လည်စွန့်လွှတ်ပေး ရန်အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ  မင်းရဲပိုင်ဟိန်း က လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း (ကန်တုန်) ၏ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီးရှိ စကျင် တောင်ကြီးမှ Pacific Bold Paragon Co.,ltd မှ စကျင်ကျောက်များ ထုတ်ယူနေခြင်း အားရပ်ဆိုင်းပြီး နိုင်ငံတော်မှ ပြန်လည်ကွပ်ကဲထုတ်လုပ်နိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က လည်းကောင်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ စောယှားဖောင်အွာ ၏ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (သက္ကော) သံဖြူဇရပ် - ဘုရားသုံးဆူ လမ်းပေါ်ရှိ တံတား(၄)ခုအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် တည် ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ရှိ ချင်းတွင်းကျေးရွာနှင့် ဝက်ပုတ်ကျေးရွာသို့ဆက် သွယ်ထားသော မြေသားလမ်းအား (၁၈)ပေအကျယ် မြေသားလမ်းအဖြစ် မည်သည့် ဘဏ္ဍာရေးနှစ်တွင် လျာထား ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က လည်းကောင်း ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးကျော်ကျော်က ပြည်သူ့လွှတ်တော်က ပြင်ဆင် ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ ဆေးပညာရပ်များ ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော် မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်  အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံ မှန်အစည်းအဝေးမှ (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်က ကတိကဝတ်ကို အကောင်အထည်ဖော်ရာတွင် မေးခွန်းရှင် လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရ၊ သက်ဆိုင်ရာ ဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ များအနေဖြင့် ဒေသခံပြည်သူလူထု၏ တောင်းဆိုမှုကြောင့် လည်းကောင်း၊ နေရာဒေသ အခက်အခဲကြောင့်လည်းကောင်း၊ သဘာ၀ဘေးကြောင့်သော်လည်း ကောင်း ပြောင်းလဲဆောင် ရွက်ရမည့် ကိစ္စရပ်များ ရှိပါက မှန် ကန်စွာ သုံးသပ် ဆုံးဖြတ်၍ ကော်မတီသို့ သီးသန့်တင်ပြထားမည်ဆိုပါက မြေပြင်တွင် လက်တွေ့ ကွင်းဆင်း သည့်အခါတွင် မလိုလားအပ်သည့် ကိစ္စရပ်များကို လျှော့ချနိုင်မည် ဟု ယူဆမိ သည့်အတွက် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရနှင့်ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် မေးခွန်းရှင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်း ပူးပေါင်း၍ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ကော်မတီမှ တိုက်တွန်းပေး ပါရန် အကြံပြုအပ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

ယင်းအစီရင်ခံစာကို ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၅)မှ ဦးမောင် မောင်အုန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှေးရယ်ရှုမောင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ် (ခ) ဆလိုင်း မျိုးထိုက် နှင့် ရခိုင်ပြည် နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်တို့က ဆက်လက် ဆွေးနွေးကြသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက ကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးပေးခဲ့ကြပြီး အကြံပြုတင်ပြ ပေးခဲ့ကြသည့်လွှတ်တော်ကိုယ်စားလှယ် များကို ကော်မတီမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊ နောင်ပုံမှန် အစည်းအဝေးဖြစ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပသည့် ရက်များတွင် ကော်မတီဝင်များနှင့် ဆွေးနွေးခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိသည့် ဝန်ကြီး ဌာနများ၊ တာဝန်ရှိသူများကို ခေါ်ယူ ဆွေးနွေးညှိ နှိုင်းဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ် များကလည်း နောင်ပုံမှန်အစည်းအဝေးများတွင် ကော်မတီ၏ အစီရင်ခံစာကို အကြံပြု ဆွေးနွေးပေး ကြရန် ဖိတ်ခေါ်အပ်ပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ က ကော်မတီ၏ အစီရင်ခံ စာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင် သွင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကအဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် အမျိုးသား လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို စက်တင်ဘာ ၁၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်