နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား


Ministry of Information/ Naypyitaw / July 04, 2022
image_latest


နေပြည်တော် ဇူလိုင် ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရောဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဒေသဆိုင်ရာ အချက်အလက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ တင်ပြ

ဦးစွာဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ်အတွင်း လာရောက်သည့် ခရီးစဉ်ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီမှု၊ ဒေသဆိုင်ရာ အချက်အလက်များ၊ ခရိုင်များတိုးချဲ့ ဖွဲ့စည်းမှုနှင့်ဝန်ထမ်းများခန့်အပ် ထားရှိမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ဆည်ရေသောက်နှင့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်လျက်ရှိမှု၊ မိုးစပါးအထွက်နှုန်းတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်မှုနှင့် ဆီဖူလုံမှုအခြေအနေ၊ အသား၊ ငါးနှင့်ဥများထုတ်လုပ်၍ ပြည်သူများကို ရောင်းချပေးနိုင်မှု၊ မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုးများစိုက်ထည့်မှု၊ နေလှမ်းဆားကြမ်းနှင့် အိုင်အိုဒင်းဆားများ ထုတ်လုပ်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ဓာတ်အား ကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ လမ်းတံတားများဆိုင်ရာ အခြေအနေများနှင့် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ ပြည်သူ့အငှားအိမ်ရာ ဆောင်ရွက်ထားရှိမှု၊ စက်မှုဇုန်များတွင် စက်ရုံများလည်ပတ်ဆောင်ရွက်နေမှု၊ ပြည်သူ့ဆေးရုံကြီးတိုးချဲ့ တည်ဆောက်ထားရှိမှု၊ အခြေခံပညာကျောင်းများနှင့် အဆင့်မြင့် ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိမှုနှင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်မှု အခြေအနေများ၊ ဆေးရုံများဖွင့်လှစ်ထားရှိမှုနှင့် ကျန်းမာရေးဝန်ထမ်းများခန့်အပ်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်မှု၊ ပန်းခင်းစီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီးအတွင်း နှစ်အလိုက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဝင်ရောက်မှုနှင့် အခြားလူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဖြည့်စွက်မှာကြား

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် မိုးရွာသွန်းမှုများပြားသကဲ့သို့၊ မြစ်ချောင်းများ လည်းများပြားကြောင်း၊ ရေစီးရေလာကောင်းမွန်ခြင်းမရှိပါက လမ်းများပျက်စီးမှုကို ပိုမိုဖြစ်ပေါ်စေသဖြင့် လမ်းများရေတိုက်စားမှုကြောင့် ပျက်စီးမှုမရှိစေရေး စနစ်တကျဖြင့် ထိန်းသိမ်းရန်လိုကြောင်း၊ ယခုအခါ ဧရာဝတီတိုင်းဒေသကြီးသို့ အလည်အပတ်သော်လည်းကောင်း၊ စီးပွားရေး အရသော်လည်းကောင်း ခရီးသွားဧည့်ယာဉ်များ အများအပြားလာရောက်လျက်ရှိ သဖြင့် လမ်းများကောင်းမွန်စေရေးကို အလေးထားဆောင်ရွက်ထားရှိရန် လိုကြောင်း၊ မော်တော်ဆိုင်ကယ်များ အန္တရာယ်ကင်းစွာဖြင့် သွားလာနိုင်ရေးအတွက် လမ်းမကြီးများကို သတ်မှတ်ချက်များ အတိုင်းစနစ်တကျဖြင့် ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်-ပုသိမ်လမ်းမကြီး အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်လည်း အာဆီယံသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ တည်ဆောက်သွားရန်လိုကြောင်း၊ အလားတူပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပခရီးသွားများလာရောက် လည်ပတ်လျက်ရှိကြောင်း၊ အိမ်သာပါက ဧည့်လာမည်ဖြစ်ကြောင်း၊ ဒေသတွင်း ဆားထုတ်လုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် လျော်ညီသည့်ဆေးများ ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်းနှင့် ဆားလုပ်ငန်း ပုံမှန်လည်ပတ်နိုင်စေရေး ဆောင်ရွက်ရန်လိုကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးမှာကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီကြီးတစ်ခုဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှု နယ်ပယ်အသီးသီး၌လည်း ထိပ်ပိုင်းတွင်ရှိနေသည့် နိုင်ငံ့ဂုဏ်ဆောင် တိုင်းဒေသကြီးတစ်ခု ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်း မသမာမှုရလာဒ်များကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအမြတ်ထုတ်မှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အကြမ်းဖက်မှု ဖြစ်စဉ်များကို မိမိတို့အနေဖြင့် တရားဥပဒေနှင့်အညီတတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတိုင်းသာ လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီသာ ဆက်လက်လျှောက်လှမ်းရမည် ဖြစ်ကြောင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်းအနေဖြင့် Moving Forward ဆိုသည့်အတိုင်း အတိတ်ကို ပြန်လှည့်ကြည့်နေခြင်း၊ ရပ်နေခြင်းမရှိဘဲ ရှေ့ကိုဆက်လက် လျှောက်လှမ်းနေကြခြင်းဖြစ်၍ မိမိတို့နိုင်ငံအနေဖြင့်လည်း ကျန်နေ၍မရကြောင်း၊ Moving Forward ဟူသည့်အတိုင်း အမြဲလျှောက်လှမ်းနေရမည်ဖြစ်ကြောင်း။

ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကိုဖြေရှင်းနေရသကဲ့သို့ နိုင်ငံတိုးတက်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတိုင်း၊ လူတိုင်းသည် တိုးတက်ရေးအတွက် အမြဲမပြတ် ဆောင်ရွက်နေကြကြောင်း၊ အခက်အခဲအကြပ် အတည်းကြောင့် တုန့်ဆိုင်းနေမည်ဆိုပါက တိုးတက်မှုရရှိမည်မဟုတ်ဘဲ နောက်ကျကျန်နေခဲ့မည် ဖြစ်ကြောင်း၊ ပညာရေးနှင့် စီးပွားရေးကဏ္ဍများသည် တုန့်ဆိုင်းနေ၍မရသည့်အတွက် ၂၀၂၁ ခုနှစ်အတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ပညာရေးမြှင့်တင်မှုများကို မိမိတို့အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် စာတတ်မြောက်မှု ၉၂ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသည်ကိုတွေ့ရှိ ရကြောင်း၊ သို့သော် အဆိုပါ ၉၂ ရာခိုင်နှုန်းတွင် ရေး/ဖတ် အဆင့်၊ မူလတန်းအဆင့်သာရှိသူ ဦးရေများပြားလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သကဲ့သို့ ပညာတတ်မြောက်သူ နည်းပါးသည်ကိုလည်း သန်းခေါင်စာရင်းများအရ တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပညာရည် မြှင့်တင်ရေးအတွက် အစိုးရပညာရေးစနစ်ဖြင့် အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မိမိတို့အနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာတတ်များ နည်းပါးပါက မိမိတို့နိုင်ငံသည်နောက်ကျကျန်ခဲ့မည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

စီးပွားရေးလုပ်ငန်းအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို အခြေခံသော စီးပွားရေးလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်တောသယံဇာတ ပစ္စည်းများကို ထုတ်ယူသုံးစွဲခြင်းကြောင့် သယံဇာတများပြုန်းတီးလာပြီး အခြေခံကုန်ကြမ်းများ ရှားပါးလာကြောင်း၊ ထို့ကြောင့် သဘာဝသယံဇာတကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းကို အားပေးဆောင်ရွက်၍မရဘဲ မိမိတို့တတ်ကျွမ်းသည့် ပညာရပ်များကိုအသုံးချ၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန် ထုတ်လုပ်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုလုပ်ငန်းများအဆင်ပြေ ချောမွေ့စေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုလျင်မြန်ချောမွေ့စွာ ဆောင်ရွက် နိုင်စေရန်အတွက် ခရိုင်များတိုးချဲ့ ဖွဲ့စည်းခဲ့ကြောင်း၊ ခရိုင်အဆင့်ကိုအခြေခံ၍ တစ်နိုင်ငံလုံးအုပ်ချုပ်မှုကို ပိုမိုအဆင်ပြေအောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်ရန်လိုအပ်သဖြင့် ခရိုင်များကိုအခြေခံ၍ စိုက်ပျိုးမွေးမြူရေးသိပ္ပံနှင့် ကျောင်းများဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များကို အပြည့်အဝရရှိမည်ဖြစ်ပြီး အဆိုပါကျောင်းများမှ ထူးချွန်သည့်သူများကို အဆင့်မြင့်ပညာများ သင်ကြားနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ပညာရှင်များပေါများ လာမည်ဆိုပါက မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်းတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ ရှိပြီးသား မြေအရင်းအမြစ်များပေါ်တွင် သီးထပ်၊ သီးညှပ်များ စိုက်ပျိုးနိုင်မည်ဆိုပါက ယခုထက် အထွက်နှုန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ထွက်ကုန်များ တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် စိုက်ပျိုးမြေများပေါ်တွင် နေကြာအပါအဝင် အခြားဆီထွက်သီးနှံများကို သီးထပ်အဖြစ် စိုက်ပျိုးကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် မျိုးကောင်း မျိုးသန့်များရရှိရေး ပုဂ္ဂလိကလုပ်ငန်းများမှ အပြည့်အဝဆောင်ရွက်နိုင်မှု မရှိသေးသဖြင့် နိုင်ငံတော်အစိုးရမှ မျိုးကောင်းမျိုးသန့်များရှိအောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထို့ကြောင့် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် ပုဂ္ဂလိကလုပ်ငန်းများမှ အပြည့်အဝ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးအရ မြင့်မားသည့်ဒေသ၊ ရေခံမြေခံများအရလည်း ကောင်းမွန်သည့်ဒေသဖြစ်သဖြင့် ယခုထက် ကုန်ထုတ်လုပ်မှုများပိုမိုတိုးတက်အောင် ဆောင်ရွက်၍ နိုင်ငံတော်အတွက် ဂုဏ်ယူရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းကြစေလို ကြောင်း။

မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ လူတိုင်း အသား၊ နို့၊ ဥများကို စားသုံး လျက်ရှိကြောင်း၊ အသားစားများမွေးမြူခြင်းကို ပိုမိုအားပေး ဆောင်ရွက်ရန်လိုပြီး ငါးမွေးမြူရေးလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ကမ်းနီး ကမ်းဝေး ငါးဖမ်းလုပ်ငန်းများတွင် ငါးရရှိမှုများ တစ်နှစ်ထက်တစ်နှစ် လျော့ကျလာသည်ကိုတွေ့ရှိရပြီး သဘာဝငါးသယံဇာတ လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ မြစ်ချောင်းများမှ အလွယ်တကူရရှိသည့် ငါးများကိုလည်း ဖမ်းယူစားသုံးမှု များရှိကြောင်း၊ ငါးသယံဇာတများ ပေါများစေရေးအတွက် နိုင်ငံတော်မှ ငါးသားပေါက်များကို မြစ်ချောင်းများအတွင်း စိုက်ထည့်ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် ငါးမွေးမြူရေးလုပ်ငန်းများနှင့် ပုစွန်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများကိုလည်း ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိသဖြင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ငါး၊ပုစွန်မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက် ကြစေလိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များမှ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန်အတွက် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် စက်မှုဇုန်များတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ရေကြောင်းလမ်းမှတစ်ဆင့် ပြည်တွင်းပြည်ပသို့တင်ပို့ရောင်းချနိုင်ကြောင်း၊ ဒေသတွင်းစက်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် အလုပ် အကိုင်အခွင့်အလမ်းများတိုးတက်လာမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မှုများနည်းပါးလာမည်ဖြစ်ပြီး မိမိတို့ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ခြင်းသည် အကောင်းဆုံးပင်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ထုတ်ကုန်ပစ္စည်းကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက် မည်ဆိုပါက နိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းမည်ဖြစ်ကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေး၊ စီးပွားရေးနှင့် ကြီးပွားရေး လုပ်ငန်းများအတွက် အချို့ကို မိရိုးဖလာလုပ်ဆောင်မှုများမှ ဖောက်ထွက်၍ ဆောင်ရွက်ရန် စဉ်းစားရမည်ဖြစ်ကြောင်း၊ အစွဲအလမ်းများမထားဘဲ ကောင်းမွန်မည်ဟုထင်ပါကပြောင်းလဲ ဆောင်ရွက်သင့်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ကောင်းမွန်သည့် အင်္ဂါရပ်များနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် အခြေခံကောင်းများရှိပြီး ဖြစ်သဖြင့် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မည် ဆိုပါက ယခုထက်ပိုမို တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။

အစိုးရတစ်ရပ်သည် ပြည်သူများ၏ ယုံကြည်မှုရှိရန်၊ ပြည်သူမှအားကိုးသည့် အစိုးရဖြစ်ရန် လိုကြောင်း၊ ပြောသည့်အတိုင်းဖြစ်အောင်လုပ်ရန်လိုကြောင်း၊ မိမိတို့သည် နိုင်ငံရေးလုပ်နေခြင်း မဟုတ်ဘဲ နိုင်ငံတိုးတက်ရေးအတွက် နိုင်ငံ၏အကျိုးကို စီမံခန့်ခွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပညာအရည်အချင်း သတ်မှတ်ချက်များဖြင့် တာဝန်ပေးအပ်ခြင်း ဖြစ်သော်လည်း နိုင်ငံရေးသမားတွင်ပညာ အရည်အချင်းသတ်မှတ်ချက်မရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများတွင် အတွေ့အကြုံများများစွာရှိပြီး လက်တွေ့၊ စာတွေသင်ကြားပြီးကြသူများ ဖြစ်ကြောင်း၊ အခြေခံကောင်း များရှိပြီးဖြစ်သဖြင့် နိုင်ငံတိုးတက်ရေးအတွက် သက်ဆိုင်ရာ တာဝန်ယူထားသည့် ကဏ္ဍများအလိုက် ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုပါက အောင်မြင်မှုများရရှိမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တာဝန်ယူဆောင်ရွက်ချိန်တွင် တတ်နိုင်သမျှအောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်းချက်၊ အမျိုးသားရေး ရည်မှန်းချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ကျရာတာဝန်များကို နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရေး နိုင်ငံ့အကြီးအကဲတစ်ယောက် ဟူသည်ထက် ဝန်ထမ်းအကြီးအကဲတစ်ယောက်အဖြစ်ဖြင့် ဂုဏ်ယူစွာ တိုက်တွန်းလိုကြောင်းဖြင့် မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပုသိမ်ပြည်သူ့ဆေးရုံကြီး (၉)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းခွင် ရှင်းလင်းဆောင်ခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၅)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းစိုးက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ဘဏ္ဍာရေးနှစ် အလိုက်လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ ဆောင်ရွက်ရန် ကျန်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဆေးရုံအဆောက်အဦနှင့် အခန်းများ ထည့်သွင်းဆောင်ရွက်ရာတွင် အရေးပေါ် အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ တည်ဆောက်ရေးပိုင်းနှင့်ပတ်သက်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး၍ ဖွင့်လှစ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လာရောက်ကုသသည့် လူနာများအနေဖြင့် စိတ်လက်သက်သာစွာဖြင့် ဆေးဝါးကုသမှု ခံယူနိုင်စေရေး ရှုထောင့်မျိုးစုံမှ တွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြား ဖြည့်ဆည်းပေးခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘုရားကြီး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် ဘုရားကြီးအတွက် အလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဘုရားကြီးကို လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို ကြပြီး ဘုရားကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်၊ မိုးများသည့် ဒေသဖြစ်သည့်အတွက် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး ကျွမ်းကျင် ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ ဘုရားကြီးပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မှတ်တမ်းဓာတ်ပုံများစနစ်တကျဖြင့် ထိန်းသိမ်းထားရှိရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement No. (2/2024)

Myanmar National Human Rights Commission / Posted on April 17, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on April 23, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း ကြော်ငြာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023