တံတားဦးလေဆိပ်တွင် ခရီးသွားအထောက်အကူပြု QR Code များ ထားရှိခြင်းနှင့် Digital Concierge System-Beta Version တပ်ဆင်ခြင်း အခမ်းအနားကျင်းပ


Ministry of Information/ ​နေပြည်တော် / December 25, 2019
image_latest


မန္တလေး ဒီဇင်ဘာ ၂၅

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးအတွက် Digital နည်းပညာကို အသုံးပြု၍ မြန်မာနိုင်ငံ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ခရီးသွား အထောက်အကူပြု QR Code များထားရှိခြင်းနှင့် Digital Concierge System-Beta Version တပ်ဆင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တံတားဦး လေဆိပ်၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူတို့က မန္တလေးမြို့  တံတားဦးလေဆိပ်ရှိ Information counter တွင် စတင်အသုံးပြုမည့် ခရီးသွား အထောက် အကူပြု QR-Code စတင်ထားရှိခြင်းနှင့် Digital Concierge-Beta Version စနစ် စတင်အသုံးပြုခြင်းအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လေဆိပ်အတွင်းရှိ QR Code များ တပ်ဆင်ထားရှိသည့်နေရာများတွင် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ စတင်အသုံးပြုသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီသွားလုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုအခါတွင် ခေတ်ရေစီးကြောင်းနှင့်အညီ Digital နည်းပညာကို အသုံးပြု၍ ခရီးသွားမြှင့်တင်ရေး လုပ်ငန်း များကို ယခုနှစ်ဧပြီလမှ စတင်ကာ ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိက အသင်းအဖွဲ့များ ပိုမိုပူးပေါင်းလက်တွဲ၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်မည့် စနစ်တစ်ခု ပေါ်ပေါက်စေရေး၊ ရည်မှန်းထားသည့် ခရီးသွားဈေးကွက်များမှ ခရီးသွားဧည့်သည်များကို ထိရောက်စွာမြှင့်တင် ကြော်ငြာရေးနှင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ပိုမိုမြှင့်တင်သည့် လုပ်ငန်းများအား Digital နည်းပညာ အသုံးပြုကာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသို့လာရောက်သည့် ဧည့်သည်များအနေဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို ထိရောက်မြန်ဆန်လွယ်ကူစွာ ရရှိနိုင်ရန်အတွက် QR code များကို ထားရှိခြင်းဖြင့် ခရီးသွား ဧည့်သည် များသည် ဆောင်ရန်ရှောင်ရန်နှင့် သိရှိထားသင့်သည့် အချက်များ၊ ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များကို ဝန်ကြီးဌာန၏ Website မှတဆင့် တိုက်ရိုက်ကြည့်ရှုနိုင်ပြီး ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးကို များစွာအထောက်အကူ ပြုစေမည် ဖြစ်ပါ ကြောင်း၊

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဆွဲဆောင်မှုများကို ရည်မှန်းခရီးသွားဈေးကွက်များမှ ခရီးသွားဧည့်သည်များ ပိုမိုသိရှိနိုင်စေရေးအတွက် နည်းပညာကို အသုံးပြု၍ Online Platforms များမှ တစ်ဆင့်မြှင့်တင် ကြော်ငြာရေး လုပ်ငန်းများကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်က ဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု ၊ Digital နည်းပညာကို အသုံးပြု၍ ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ဟိုတယ်ဧည့်သည်စာရင်းများကို Online အသုံးပြုပေးပို့ရေးဆောင်ရွက်မှု၊ ဝန်ကြီးဌာန၏ E-Government စနစ်အသုံးပြုဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ဝန်ကြီးဌာနကို Green and Services Ministry ဖြစ်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ၏ ဟိုတယ်နှင့် တည်းခိုရိပ်သာများ ဆောက်လုပ်ခွင့်ပြုခြင်း၊ လုပ်ငန်းလိုင်စင်ခွင့်ပြုပေးနေမှု၊ ပုဂံဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများနှင့်တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချစွာသွားလာလည်ပတ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)