အထပ်(၁၈)ထပ်ပါ အပျော်စီးခရီးသည်တင်သင်္ဘော MS GENTING DREAM အက်ဒမန်ပင်လယ် ညောင်ဦးဖီးကျွန်းသို့ ဝင်ရောက်လည်ပတ်


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / December 25, 2019
image_latest


ကော့သောင်း ၂၅ ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပင်လယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနေမှုနှင့်အတူ TZK Travel & Tours Co;Ltd နှင့် ဟောင်ကောင်နိုင်ငံအခြေစိုက် Star Cruise Co;Ltd တို့ စီစဉ်မှုဖြင့် အထပ်(၁၈)ထပ်ပါ အပျော်စီးခရီးသည်တင်သင်္ဘော MS GENTING DREAM သည် နိုင်ငံစုံမှ ခရီးသွားဧည့်သည်များဖြင့် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အက်ဒမန်ပင်လယ်အတွင်းရှိ ညောင်ဦးဖီးကျွန်း (Nyuang Oo Phee Island)ပေါ်ရှိ Victoria Cliff Resort (Nyuang Oo Phee) သို့ နေ့ခြင်းပြန်ခရီးစဉ်အဖြစ် လာရောက်လည်ပတ် အပန်းဖြေခဲ့ကြောင်း သိရသည်။

တစ်စတစ်စ ပွင့်လင်းတိုးတက် ဖွံ့ဖြိုးလာနေသည့် တနင်္သာရီတိုင်းဒေသကြီး၏ အဓိကအားထားရာ Eco Tourism ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒေသတွင်း သာယာလှပသည့် သဘာဝကျွန်းနှင့် ပင်လယ်ကမ်းခြေပေါင်းများစွာ၊ အဆင့်အတန်းမြင့် ဟိုတယ်နှင့် ရီဆောများစွာရှိကြောင်း ကမ္ဘာကပိုမိုသိရှိလာစေရန်၊ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များထံမှ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများရရှိရန်၊ ဒေသရိုးရာ အစားအသောက်နှင့် အသုံးဆောင်ပစ္စည်းများ လာရောက်ရောင်းချခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားလာစေရန် ရည်ရွယ်ကြောင်း TZK Travel & Tours Co., Ltd ပိုင်ရှင် ဦးစိန်ဂါး(ခေါ်) ဦးခင်မောင်ဝင်းက ပြောသည်။

အဆိုပါသင်္ဘောကြီးသည် ညောင်ဦးဖီးကျွန်း (Nyuang Oo Phee Island) ရှေ့ရေပြင်တွင် ကျောက်ချရပ်နားပြီး ကော့သောင်းမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများက လိုအပ်သည့် စစ်ဆေးမှုများ (CIQ) Clearance ပြုလုပ်ကာ တက်ရောက်လည်ပတ်အပန်းဖြေကြသည့် ခရီးသွား ဧည့်သည်များအား ဒေသတာဝန်ရှိ အဖွဲ့အစည်းများ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့် TZK Travel & Tours Co;Ltd မှ ဝန်ထမ်းများက လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြသည်။

Bahamas နိုင်ငံမှ မှတ်ပုံတင်ထားသည့် အထပ်(၁၈)ထပ်ပါ အဆိုပါ အပျော်စီးသင်္ဘောသည် LOA အလျား (၃၃၅.၃၅)မီတာ၊ GRTတန်ချိန် (၁၅၀၆၉၅) တန်ရှိပြီး နိုင်ငံစုံမှ သင်္ဘောအမှုထမ်း (၁၈၅၀)ဦး ဖြင့် ကပ္ပတိန် ဆွီဒင်နိုင်ငံသား Carl Magnus Folke ဆိုသူမှ နိုင်ငံတကာခရီးသွားဧည့်သည် (၃၃၂၃)ဦး တင်ဆောင် တာဝန်ယူခုတ်မောင်းကာ မြန်မာနိုင်ငံ အက်ဒမန်ပင်လယ်အတွင်းရှိ ညောင်ဦးဖီးကျွန်း (Nyuang Oo Phee Island) ရှိ Nyuang Oo Phee Resort သို့ လာရောက်လည်ပတ်ခြင်းဖြစ်သည်။

အဆိုပါသင်္ဘောသည် ယခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ ပထမအကြိမ်အဖြစ် ကော့သောင်းမြို့အနီး လှပသာယာသည့် ကျွန်းများသို့ ကြည့်ရှုလေ့လာ ဝင်ရောက်လည်ပတ်ခြင်းဖြစ်ပြီး ညနေပိုင်းတွင် စင်င်္ကာပူနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)