ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၂) အစည်းအဝေးကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်


Ministry of Information/ Naypyitaw / September 23, 2022
image_latest


နေပြည်တော် စက်တင်ဘာ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗဟိုကော်မတီဝင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယကတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အစည်းအဝေးတစ်ခုဖြစ်ကြောင်း၊ ယခင်က အကြောင်းအမျိုးမျိုးကြောင့် အစည်းအဝေး မပြုလုပ်နိုင်ခဲ့သော်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို အမြဲမပြတ် မှာကြားခဲ့ခြင်းကြောင့် လုပ်ဆောင်နိုင်သည့် ကိစ္စရပ်များလည်း များစွာရှိခဲ့ကြောင်း၊ ယခင်က SME ဟုအသုံးပြုခဲ့သော်လည်း ယခုအခါ အဓိပ္ပါယ်ပိုမိုလေးနက်စေရေးအတွက် MSME ဟုပြောင်းလဲ သတ်မှတ်အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေး တိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် MSME စီးပွားရေးလုပ်ငန်းများသည် ၉၀ ရာခိုင်နှုန်းကျော်ခန့် ပါဝင်လျက်ရှိသည်ကို လေ့လာချက်များအရ တွေ့ရှိရကြောင်း။

မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့အစိုးရတာဝန်ယူပြီး နောက်ပိုင်းတွင် မူဝါဒများ ချမှတ်ဆောင်ရွက်ခဲ့ရာ စီးပွားရေးနှင့်ပတ်သက်၍ ဦးတည်ချက် ၃ ရပ် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ၃ ရပ်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်‌ရေးတို့ပင်ဖြစ်ကြောင်း၊ အဆိုပါအချက်များမှ တတိယအချက်သည် နိုင်ငံတော်မှ ပြည်တွင်းစီးပွားရေးကို အားပေးကူညီရန်ဖြစ်ကြောင်း။

MSME လုပ်ငန်းများသည်ပြောင်းလဲနေသည့် ဈေးကွက်လိုအပ်ချက်များကို လုပ်ငန်းကြီး များထက် ပိုမိုလျင်မြန်စွာ တုန့်ပြန်ပြောင်းလဲနိုင်စွမ်းရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ကျေးလက် စီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများနှင့် စက်မှုလုပ်ငန်းများသည် ထိရောက်သည့် စီးပွားရေးလုပ်ငန်းများပင်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း အဓိကသီးနှံများဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် စက်မှုသီးနှံများဖြစ်သည့် ရာဘာ၊ ဝါ၊ ကြံ၊ ဆေးရွက်ကြီး၊ ဂုန်လျှော်နှင့် တိုင်းရင်းဆေးပစ္စည်းများ ထုတ်လုပ်သည့် ပရဆေးပင်များကို စိုက်ပျိုးကြကြောင်း၊ မွေးမြူရေးလုပ်ငန်းတွင်လည်း အဓိကစားသုံးသော အသားငါးများဖြစ်ကြသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးများကို မွေးမြူကြကြောင်း၊ အလားတူ မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက် သယံဇာတပစ္စည်းများလည်း များစွာရှိကြောင်း၊ သစ်ပင် သစ်တောထွက်ပစ္စည်းများ၊ ထုံးကျောက်၊ သံမဏိ၊ ကျောက်မီးသွေး၊ အဖိုးတန် ကျောက်မျက်ရတနာများ၊ ခဲမဖြူ၊ အဖြိုက်နက်စသည့် သယံဇာတပစ္စည်းများရှိကြောင်း၊ အဆိုပါ သယံဇာတပစ္စည်းများကို MSME ဖြင့်ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းသည် ပုဂ္ဂလိကကို ဗဟိုပြုသည့် စီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းပင်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိက အခန်းကဏ္ဍ၊ လူတစ်ဦးချင်း၏ အခန်းကဏ္ဍသည် တိုင်းပြည်တစ်ခု၏ အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ သို့သော် ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် လုပ်ငန်းများနှင့် လတ်တလော ပုဂ္ဂလိက ရင်းနှီးမှုလုပ်ဆောင်ရန်အတွက် အင်အားနည်းနေသေးသည့် လုပ်ငန်းများကို မဆုံးရှုံးစေရန်အတွက် အစိုးရအနေဖြင့် ပါဝင်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံတွင်မဆို စီးပွားရေးနှင့်ပတ်သက်၍ အစိုးရမှ အချို့သော အခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ရမှုများရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း နိုင်ငံ၏အခြေအနေအရ လိုအပ်သည့် အခန်းကဏ္ဍများတွင် အစိုးရအနေဖြင့် ပါဝင်ဆောင်ရွက် နေရဦးမည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုကို အဓိကထားသည့် စီးပွားရေးလုပ်ငန်း၊ ရောင်းဝယ်ဖောက်ကားခြင်းကို အဓိကထားသည့် စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်ခြင်းကို အဓိကထားသည့် စီးပွားရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများဟူ၍ လေးမျိုးရှိသည်ဟု လေ့လာချက်များအရ တွေ့ရှိရကြောင်း၊ အဆိုပါအချက်များအနက် ကုန်ထုတ်လုပ်မှုကို အခြေခံသည့်လုပ်ငန်းသည် လက်တွေ့ကျသည့် လုပ်ငန်းရပ်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုမရှိပါက ရောင်းဝယ်မှုနှင့် ၎င်းနှင့်ဆက်စပ်လျက်ရှိသည့် ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံတွင် MSME ၏ အခြေခံ ဖြစ်သည့် SME ဥပဒေကို ၂၀၁၅ ခုနှစ်တွင် လွှတ်တော်၌ ပြဋ္ဌာန်းခဲ့ပြီး မူဝါဒများနှင့် နည်းဥပဒေများ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများကို ချမှတ်ပြဋ္ဌာန်းခြင်းသည် လုပ်ငန်းများကို ခိုင်ခိုင်မာမာ ဆောင်ရွက်ရန်ဖြစ်ပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ လုပ်ငန်းများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုများ အားနည်းခဲ့မှုကြောင့် ပြည်သူများအနေဖြင့်လည်း အထင်အမြင်လွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင် ယုံကြည်မှုရရှိရန် လိုအပ်သဖြင့် MSME ကိုအဓိကထား ဆွေးနွေးခြင်းပင်ဖြစ်ကြောင်း၊ မိမိ၏ စီးပွားရေးနှင့် ပတ်သက်သည့် မူဝါဒမှာ ပြည်တွင်းစီးပွားရေးကို အားပေးခြင်းနှင့် ကုန်ထုတ်လုပ်မှုကို အားပေးခြင်းပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိကြောင်း၊ ပြည်ပအားကို အားကိုးခြင်းထက် ပြည်တွင်းအားဖြင့် ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း၊ ပြည်တွင်းအားဖြင့်ဆောင်ရွက်ရာတွင်လည်း အကျိုးရှိ ထိရောက်သည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ စီးပွားရေးကို ပြည်တွင်းစီးပွားရေးအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့်ရှိပြီးသားဖြစ်သည့် အခြေခံများကို ခိုင်ခိုင်မာဖြစ်အောင် ဆောင်ရွက်၍ တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

ကုန်ထုတ်လုပ်မှုဆိုရာတွင် မိမိလေ့လာသိရှိမှုအရ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လုပ်အားတို့သည် အဓိကလိုအပ်ချက်ပင်ဖြစ်ကြောင်း၊ ကုန်ကြမ်းရှိမှသာ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ လျှပ်စစ်ဓာတ်အားနှင့် လောင်စာ (Power & Energy)သည်လည်း လိုအပ်ကြောင်း၊ ‌ငွေကြေးအရင်းအနှီးများရှိမှသာ လုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ ကျွမ်းကျင်လုပ်သားများရှိမှသာ လုပ်ငန်းများ လည်ပတ်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံအတွက် MSME လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကုန်ကြမ်းရရှိရန်သေချာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များကိုအခြေခံသည့် တန်ဖိုးရှိပစ္စည်း၊ တန်ဖိုးမြင့်ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ ဒေသတွင်းရှိ မြေပေါ်မြေအောက်သယံဇာတပစ္စည်းများကို အခြေခံသည့် တန်ဖိုးရှိနှင့် တန်ဖိုးမြင့်ပစ္စည်းများကို ထုတ်လုပ်ခြင်းများကို အခြေခံကျကျ ထုတ်လုပ်ရန်လိုကြောင်း၊ မြို့ပြနှင့်ကျေးလက်ကွာဟမှု၊ ဒေသတစ်ခုနှင့်တစ်ခု ကွာဟမှု ကျဉ်းမြောင်းအောင် ပြုလုပ်ပေးရန် လိုအပ်သည်ကို မိမိအနေဖြင့် မကြာခဏ ပြောကြားခဲ့ကြောင်း၊ မြို့ပြနှင့် ကျေးလက်ကွာဟမှုကြောင့် ကျေးလက်နေပြည်သူများ မြို့ပြသို့သွားရောက်၍ အလုပ်လုပ်ကြရကြောင်း၊ ဒေသတစ်ခုနှင့်တစ်ခု ကွာဟချက် ကြောင့်အားနည်းသည့် ဒေသမှပြည်သူများက အားကောင်းသည့်ဒေသများကို သွားရောက်၍ အလုပ်လုပ်ကိုင်ကြကြောင်း။

ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် စက်မှုဇုံများ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့သောဒေသများတွင် စက်မှုဇုံများအကောင် အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိသေးကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသနှင့်ကိုက်ညီသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ခရိုင်များတိုးချဲ့ဖွဲ့စည်းထားရာ အဓိကကျသည့် ခရိုင်များတွင်စက်မှုဇုံများ၊ စက်မှုရပ်ကွက်များ ဖော်ဆောင်ပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမည်ဆိုပါက အဆိုပါဒေသကို အခြေခံသည့် ထွက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုသည် များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ရောင်းကုန်ပစ္စည်းများ တိုးတက်များပြားလာမည်ဖြစ်ကြောင်း၊ ဒေသများအလိုက် MSME ကို အခြေခံသည့်စက်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ပါက ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီး မြို့ပြများနှင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများ လျော့ပါးသွားမည် ဖြစ်ကြောင်း။

MSME လုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ရရှိရေးအတွက် မိမိတို့နိုင်ငံတွင် အသေးစား၊ အငယ်စား၊ အလတ်စား ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများကို ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် လျှပ်စစ်ပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိပြီး အနာဂတ် မြန်မာနိုင်ငံစီးပွားရေးအတွက် အကျိုးရှိသည့်လုပ်ငန်းများ ဖြစ်ခြင်းကြောင့် အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

MSME လုပ်ငန်းများကို မိမိတို့နိုင်ငံတွင် အခြေခံကျကျ ဆောင်ရွက်၍ရသည်ကို တွေ့ရှိရကြောင်း၊ အရင်းအနှီးနှင့်ပတ်သက်၍ လိုအပ်သည့် ငွေကြေးများကို အစိုးရအနေဖြင့် ချေးငှားဆောင်ရွက်ပေး၍ရကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေများ မတည်ထူထောင်ပေးခဲ့ပြီး ကျန်ရှိသည့်ငွေများမှ MSME လုပ်ငန်းများနှင့် မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်ပေးရန် ရည်မှန်းထားကြောင်း၊ MSME လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက စည်းမျဉ်း စည်းကမ်းများရေးဆွဲ၍ ငွေကြေးများ ချေးငှားပေးရန် အဆင့်သင့်ရှိကြောင်း။

လူသားအရင်းအမြစ် လိုအပ်မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အသက် ၂၅ နှစ်အထက် လူဦးရေတွင် ၁၉ သန်းခန့်သည့် အခြေခံပညာအားနည်းသည်ဟု သန်းခေါင်စာရင်းအရ သိရှိရကြောင်း၊ အဆိုပါပြည်သူများ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေးအတွက် လုပ်ငန်းခွင် သင်တန်းများဖွင့်လှစ်၍ သင်ကြားဖွင့်လှစ်ပေးရန်လိုကြောင်း၊ KG+10 နှင့် အထက်ပညာ အရည်အချင်းရှိသူများကိုလည်း တိုင်းပြည်အတွက်အကျိုးရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး ပညာရေးမြှင့်တင်မှု အခန်းကဏ္ဍမှ ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် သင်ကြား၍ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး ယခင်တပ်မတော် အစိုးရလက်ထက်ကလည်း အထူးဖွံ့ဖြိုးရေးဇုံ ၂၄ ဇုံဖြင့် ဆောင်ရွက်ခဲ့ပြီး အဆိုပါဇုံများတွင် တက္ကသိုလ်၊ ကောလိပ်များနှင့် ဆေးရုံများ တည်ဆောက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ခြင်းမှာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ လူသားအရင်းအမြစ်များ ရရှိအောင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လူသားအရင်းအမြစ် မွေးထုတ်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်အားလုံး အလေးထား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ရယူနိုင်ရန် လိုကြောင်း။

မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ထုတ်ကုန်အများစုမှာ အရည်အသွေးဆိုင်ရာ အားနည်းမှုများ ရှိခြင်းကြောင့် ဈေးကွက်တွင် ဈေးနှုန်းရရှိမှုနည်းပါးကြောင်း၊ အရည် အသွေးအားနည်းမှုများရှိ ခြင်းမှာ ကုန်ထုတ်လုပ်ရာတွင်အသုံးပြုသည့် စက်ကိရိယာ ပစ္စည်းများ၊ နည်းပညာနှင့် လူသားအရင်းအမြစ်များ အားနည်းခြင်းကြောင့်ဖြစ်သည်ကို တွေ့ရကြောင်း၊ ထုတ်ကုန်များ အရည်အသွေးမီအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ရာတွင် အစားအစာများ၊ အဖျော်ယမကာများ၊ အထည်အလိပ်နှင့် အထည်ထုတ်လုပ်မှု၊ သားရေထွက် ကုန်ပစ္စည်းများ၊ သစ်အချော ထည်ပစ္စည်းများ၊ ဆေးဝါးနှင့် ရုက္ခဗေဒဆိုင်ရာပစ္စည်းများ၊ ရာဘာနှင့် ပလပ်စတစ်ဆိုင်ရာပစ္စည်းများ၊ သတ္တုမဟုတ်သည့် တွင်းထွက်ပစ္စည်းများ၊ အခြေခံ သတ္တုပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက်ပစ္စည်းများကို အခြေခံသည့် ပစ္စည်းများကို ထုတ်လုပ်ခြင်းသည် မိမိတို့နိုင်ငံအတွက် လက်တွေ့ကျကျ ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများဖြစ်သဖြင့် ပထမဦးစားပေးအနေဖြင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒုတိယ ဦးစားပေး ထုတ်လုပ်မှုအနေဖြင့် ဆေးရွက်ကြီးနှင့် စီးကရက်ပစ္စည်းများ၊ စက္ကူ ထုတ်လုပ်ခြင်းများ၊ ရေနံစိမ်းနှင့် ကျောက်မီးသွေးထုတ်လုပ်ခြင်း၊ ဓာတုဗေဒပစ္စည်းနှင့် ဓာတုဗေဒထုတ်ကုန်များ၊ သတ္တုသန့်စင် ပစ္စည်းများထုတ်လုပ်ခြင်း၊ ကွန်ပြူတာနှင့် အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ လျှပ်စစ်ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း၊ စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်အမျိုးမျိုးနှင့် ပစ္စည်းတင်ယဉ်အမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် အခြားသယ်ယူပို့ဆောင်ရေးဆိုင်ရာ ယဉ်များထုတ်လုပ်ခြင်းနှင့် အခြားပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ပထမဦးစားပေး တွင်ပါဝင်သည့်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် မိမိတို့နိုင်ငံတွင်ကုန်ကြမ်းများ လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် အချို့သောထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် အရင်းအနှီးများနှင့် နည်းပညာများ လိုအပ်လျက်ရှိနေသေးကြောင်း။

မိမိတို့နိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄ သောင်းကျော်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ‌ အောင်မြင်စေရန် ဝန်ဆောင်မှုနှင့်ရောင်းဝယ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ထုတ်ကုန်များ ဈေးကွက်ရရှိရန်လိုကြောင်း၊ ထို့ကြောင့်နိုင်ငံ တကာနှင့်ချိတ်ဆက် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ သတင်းအချက်အလက်များ မြန်ဆန်စွာ စီးဆင်းရန်ကိစ္စရပ်များ၊ ကုန်စည်စီးဆင်းမှု လုံခြုံချောမွေ့ရေး လုပ်ငန်းကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန် လိုကြောင်း၊ အဆိုပါကိစ္စရပ်များကို ချက်ချင်းအကောင် အထည်ဖော် ဆောင်ရွက်၍မရဘဲ အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်သဖြင့် ကော်မတီဝင်များအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံ၏ MSME လုပ်ငန်းများကို အာဆီယံ၏ညွှန်းကိန်းများနှင့် သုံးသပ်ခဲ့သည်များရှိပြီး ရလဒ်ညွှန်းကိန်းများတွင် မိမိတို့နိုင်ငံသည် အချို့နေရာများ၌ အာဆီယံ ညွှန်ကိန်း၏ အနိမ့်ပိုင်းတွင်ရှိပြီး အချို့နေရာများတွင် အလယ်အလတ်အဆင့်အပိုင်းတွင် ရောက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ မည်သို့သော ညွှန်းကိန်းများ ပြနေသည်ဖြစ်စေ မိမိတို့အနေဖြင့် လက်တွေ့ကျသည့် အလုပ်ဖြစ်နိုင်သည့် MSME များဖြစ် ရန်လိုကြောင်း၊ အထူးသဖြင့် ထုတ်လုပ်မှုကို အခြေခံဖြစ်ပေါ်လာသည့် ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း သည် ၂၅ ရာခိုင်နှုန်းနှင့် ၁၆ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရကြောင်း၊ ထုတ်လုပ်မှုမှာ ၃၉ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမည်ဆိုပါက ရောင်းဝယ်မှု လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းမှာ ဝယ်ရောင်းသမားများ ဖြစ်ကြကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းထက် ဈေးရောင်းချသူများ များပြားကြောင်း၊ ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက် ပိုမိုအကျိုးရှိစေမည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ လေ့လာချက်အရ ပတ်ဝန်းကျင်ကောင်းများနှင့် လုပ်ငန်းဆောင်ရွက်ရန်အတွက် အခြေခံအဆောက်အဦများ လိုအပ်ချက်များရှိခြင်း၊ စွန့်ဦးတီထွင်လိုသူများအတွက် မဝံ့မရဲဖြစ်ဖြစ်မှုများကို ဖြေလျှော့ပေးရန် လိုအပ်ခြင်း၊ ငွေကြေးအရင်းအနှီး၊ စရိတ်ကြီးမြင့်သည့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းများကို တွေ့ရှိရခြင်း၊ ရိုးရာနည်းပညာများကို အသုံးပြုထုတ်လုပ်ခြင်း၊ သုတေသနပြုချက်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာများတွင် အထောက်အပံ့ အားနည်းသည်များကို တွေ့ရှိရကြောင်း၊ အဆိုပါရလဒ်များကို အခြေခံ၍ ထုတ်ကုန်များကို ရောင်းတန်းဝင် အဆင့်မြှင့်တင်နိုင်ရန်အတွက် ကန့်သတ်ချက်များနှင့် အဟန့်အတားများ တွေ့ရှိရသည်ဟု လေ့လာတွေ့ရှိရကြောင်း၊ ထုတ်ကုန်များကို အရည်အသွေးရှိသည့် ရောင်းကုန်ပစ္စည်းများဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် အဆိုပါ အချက်များကို ကော်မတီဝင်များအနေဖြင့် ထည့်သွင်းစဉ်းစား၍ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းများရှာဖွေ၍ ဆောင်ရွက်ကြမည်ဆိုပါက MSME လုပ်ငန်းများသည် တိုင်းပြည်၏ စီးပွားရေးကို ထိထိမိမိ အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ကြောင်း၊ မိမိအနေဖြင့်ယခု MSME လုပ်ငန်းသည် နိုင်ငံအတွက် အဓိကမောင်းနှင်အားဖြစ်သဖြင့် အလေးထား ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် စက်မှုလုပ်ငန်းမူဝါဒ၊ SME ဖွံ့ဖြိုးတိုးတက်ရေးမူဝါတို့ ချိတ်ဆက်မှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ခြင်း၏ အရင်းအမြစ်များ၊ မြန်မာနိုင်ငံ၏ SME ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ၊ SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ မူဝါဒနှင့် နည်းဥပဒေများ ပြဌာန်းထုတ်ပြန်ခဲ့မှု၊ MSME အဖြစ် စတင်သုံးနှုန်းလာခြင်း၊ SME ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ ဖွဲ့စည်းဆောင်ရွက်ရမည့် ကော်မတီနှင့်အဖွဲ့များ၊ SME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနများဖွဲ့စည်းခြင်း၊ SME ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနများ၊ မြန်မာ့ MSME ရှင်သန်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် MSME ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီမှ ဆွေးနွေးဆုံး ဖြတ်ရမည့်အချက်များကို အဆိုပြုတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီဝင်များက ပြည်တွင်းလျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများကို အားပေးကူညီရန်၊ MSME ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်နှင့် ပြည်ပအဖွဲ့ အစည်းများမှ ချေးငွေများထုတ်ချေးပေးခဲ့မှုနှင့် ဆက်လက်ထုတ်ချေးပေးသွားမည့် အစီအမံများ၊ MSME ရန်ပုံငွေထူထောင်ရေး၊ ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုအခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပို့ဆောင်ရေး အခြေခံ အဆောက်အအုံများနှင့် ဆက်သွယ်ရေးကွန်ယက်များ ကောင်းမွန်စေရန် ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးသတင်းချက်အလက်များကို နိုင်ငံပိုင်မီဒီယာများမှ အချိန်နှင့်တပြေးညီ ထုတ်လွှင့်ဖော်ပြနိုင်ရေး ဆောင်ရွက်သွားမည့်အစီအမံများ၊ ကျေးလက်ဒေသများတွင် သမဝါယမအသင်းများဖွဲ့စည်းပြီး အသေးစားစက်မှုလုပ်ငန်းများ ထူထောင်ပေးနေမှု၊ အသက်မွေးဝမ်းကြောင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှု၊ ဈေးရောင်းပွဲတော်များနှင့် ထုတ်ကုန်ပြပွဲများကျင်းပပေးနေမှု၊ သစ်အချောထည်၊ ကျောက်မျက်အချောထည်နှင့် ဓာတ်သတ္တုနှင့် စက်မှုတွင်းထွက်လုပ်ငန်းများ ခွင့်ပြုထားရှိမှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအားပေးနေမှု၊ လျှပ်စစ်ကဏ္ဍတွင် ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေ၊ ပုဂ္ဂလိကထုတ်ကုန် အရည်အသွေးတိုးတက်စေရေး ဆောင်ရွက်နေမှု အခြေအနေ၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှု၊ SME ဥပေဒတွင် ပြင်ဆင်ရန်လိုအပ်သည့်အချက်များ၊ MSME လုပ်ငန်းများအနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြင့် ချိတ်ဆက်ရန် လိုအပ်မှုအခြေအနေ၊ တက္ကသိုလ်များ၌ စီးပွားရေးဘာသာရပ်များတွင် MSME ဘာသာရပ် ထည့်သွင်းပြဌာန်းနိုင်ရေး၊ MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ စံချိန်၊ စံညွန်း သတ်မှတ်ရန် လိုအပ်မှုအခြေအနေ၊ MSME လုပ်ငန်းများမှထုတ်လုပ်သည့် ထုတ်ကုန်များအား စားသုံးသူများအတွက် ဘေးကင်းသည့် ထုတ်ကုန်ဖြစ်စေရန် FDA မှ အရည်အသွေးစစ်ဆေး၍ ခွင့်ပြုပေးနေမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းလိုအပ်ချက်၊ ဥပဒေဆိုင်ရာလိုအပ်ချက်နှင့် ငွေကြေးမူဝါဒဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းပြည်၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးစနစ် ကောင်းမွန်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ပို့ဆောင်ရေးစနစ်ကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းသည် စီးပွားရေးအရ တွက်ချေကိုက်သည့်အတွက် နိုင်ငံတကာတွင် ရထားပို့ဆောင်ရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးစနစ် ကောင်းမွန်စေရန် အရေးကြီးပါကြောင်း၊ အများပြည်သူများအတွက် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်နှင့် မှန်မှန်ကန်ကန်၊ လုံလုံခြုံခြံဖြစ်စေရန် အရေးကြီးပါကြောင်း၊ ထို့ပြင် မိုဘိုင်းဖုန်းနှင့် အင်တာနက်သုံးစွဲမှု အပိုင်းတွင်လည်း စည်းကမ်းတကျဖြစ်စေရန် လိုအပ်ပါကြောင်း၊ နိုင်ငံပိုင်မီဒီယာများမှ စီးပွားရေးသတင်းများ၊ ကုန်‌ဈေးနှုန်းနှင့် ငွေကြေးသတင်း အချက်အလက်များကို သီးခြားကဏ္ဍတစ်ခုအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၊ တပ်မတော်နှင့် ပုဂ္ဂလိကအပိုင်းတို့မှ သတင်းအချက်အလက်များကို ပြည်သူများမှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်သိရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သစ်အချောထည်ထုတ်ကုန်များကို အဆင့်မီ ထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ အလားတူ တွင်းထွက်သယံဇာတများကိုလည်း တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်သွားစေလိုကြောင်း။

MSME လုပ်ငန်းများရှိရာ နယ်မြေဒေသအလိုက် လျပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးနှင့် အသေးစား ဓာတ်အားထုတ်လုပ်သည့်စနစ်များ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ မဟာဓာတ်အားလိုင်းမှ လျပ်စစ်ဓာတ်အား ရယူသုံးစွဲခြင်းမပြုဘဲ ဒေသအလိုက် တစ်ပိုင်တစ်နိုင်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကူညီဆောင် ရွက်ပေးရန်လိုအပ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနမှ လက်ရှိဖွင့်လှစ်လျက်ရှိသည့် သက်မွေးပညာသင်တန်းများ ထိထိရောက်ရောက်ဖြစ်စေရန် လိုအပ်ကြောင်း၊ အဆိုပါ သင်တန်းများမှ မွေးထုတ်ပေးလိုက်သည့် အလုပ်သမားများကိုလည်း လက်တွေ့ လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးပြုနိုင်ရန် လိုအပ်ပါကြောင်း၊ လူသားအရင်းအမြစ်များ ရရှိရေးကို ဦးတည်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းသုံး MSME ထုတ်ကုန်များ၏ စံချိန်စံညွန်းနှင့်ပတ်သက်၍ တစ်ပြေးညီဖြစ်ရန် လိုအပ်ပါကြောင်း၊ ပြည်ပပို့ကုန်များအတွက် ထုတ်ကုန်အရည်အသွေးကိုလည်း နိုင်ငံတကာ အရည်အသွေးမီဖြစ်စေရန် စံချိန်စံညွှန်း သတ်မှတ်ရန် လိုအပ်ပါကြောင်း။

နိုင်ငံ၏စီးပွားရေးကို အထောက်အကူဖြစ်ရန် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မြေပေါ်မြေအောက် သယံဇာတများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးနှင့် နိုင်ငံခြားငွေရရှိရေးအတွက် ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်တွင်းစီးပွားရေးကို အထောက်အကူဖြစ်စေရန် ဒေသအလိုက် ကုန်ထုတ်လုပ်မှုတိုးတက်စေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်သည် မူဝါဒချမှတ်ပေးသည့် အဆင့်ဖြစ်ပြီး MSME လုပ်ငန်းများ မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် UMFCCI နှင့် ညီနောင် အသင်းများအနေဖြင့် လက်တွေ့ကျကျ ပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒေသတိုင်းတွင် MSME လုပ်ငန်းများမှ ထုတ်လုပ်မှုများရှိနေရမည်ဖြစ်ပြီး ယင်းလုပ်ငန်းများဖြင့် ပြည်တွင်းစီးပွားရေး အားကောင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေဖြင့် အကာအကွယ်ပေးထားနိုင်ရမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လုပ်ငန်းကော်မတီ၏ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးတွင် အားလုံးမှ တက်တက်ကြွကြွ ပါဝင်ဆွေးနွေး ဆောင်ရွက်ကြသည်ကိုတွေ့ရကြောင်း၊ MSME ကို နိုင်ငံစီးပွားရေး မြှင့်တင်မှုအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၊ ဒေသတစ်ခုနှင့်တစ်ခု တိုးတက်ဖွံ့ဖြိုးမှုများ ကွာဟမှုမရှိအောင် ဆောင်ရွက်ပေးပြီး အားလုံးတစ်ပြေးညီ ဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အလိုက်၊ ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံပြီး ကုန်ထုတ်လုပ်မှုအတွက် စဉ်းစားဆောင်ရွက်ရန်၊ လူသားအရင်းအမြစ်များ ရရှိရေးအတွက် ဆောင်ရွက်ရန်နှင့် ပညာရေးကွာဟမှုများကို တတ်နိုင်သမျှ လျှော့ချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ လူသားအရင်းအမြစ်များကို အသုံးချ၍ နည်းပညာနှင့် အတတ်ပညာများကို ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရင်းအနှီးများရရှိရေးအတွက် နိုင်ငံတော်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပေါင်းစပ်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရန်လိုကြောင်း၊ လမ်းမကြီးများသာမက မြို့၊ ရွာချင်းဆက်လမ်းများ ကုန်ထုတ်လမ်းများ ကောင်းမွန်ရန်မှသာ ထုတ်လုပ်သည့်ထုတ်ကုန်များကို အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးစနစ်များလည်း ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ အချက်များကို အလေးထားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ စက်ရုံများနှင့် စက်ပစ္စည်းများ လည်ပတ်နိုင်ရန်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ရရှိရေးအတွက် ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ မိမိတို့ကော်မတီသည် နိုင်ငံတော်အတွက် အရေးကြီးသည့် အဓိကကျသည့် ကော်မတီတစ်ခုဖြစ်ပြီး ဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 2010 items

၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 28, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ စက်တင်ဘာ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 27, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 26, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 25, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 23, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 22, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 21, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 20, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 19, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download