ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးမှာကြား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးမှာကြား
Ministry of Information/ Naypyitaw / September 18, 2025

နေပြည်တော် စက်တင်ဘာ ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား ထားဝယ်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာမျိုးသိမ်းကျော်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြ
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဆိုင်ရာအချက်အလက်များ၊ ဆီဖူလုံမှုရရှိရေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိမှုနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်လျက်ရှိမှု၊ ဆီဖူလုံမှုရရှိရေးအတွက် ဆီကြမ်းနှင့် ဆီချောစက်ရုံများ ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ ရော်ဘာနှင့် ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ငါးသယံဇာတနှင့် ရေထွက်ကုန်ထုတ်လုပ်ရေးစက်ရုံများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ မြို့ပြနှင့်ကျေးလက်ဒေသများအားလုံး လျှပ်စစ်မီးရရှိရေးဆောင်ရွက်နိုင်မှု၊ တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဒေသများသို့ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာအထက်တန်း ကျောင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ ကျန်းမာရေးဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု၊ ဒီရေတောပင်များထိန်းသိမ်းထားရှိမှုနှင့် တစ်အုပ်တမ သစ်ပင်စိုက်ပျိုးပွဲများပြုလုပ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု၊ ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ရော်ဘာကုန်ကြမ်းများအား တင်ပို့ရောင်းချရာတွင် ပိုမိုလွယ်ကူမှု ရှိစေရေးနှင့်အကျိုးအမြတ်ပိုမိုရရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ ထားဝယ်ခရိုင်အတွင်း ငါးနှင့်ရေထွက်သယံဇာတမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ကျွန်းပတ်လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးစေလိုမှု၊ အသေးစား၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးစေလိုမှု၊ ထားဝယ်ဒေသအတွင်း လမ်းပန်းဆက်သွယ်မှုများ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလိုအပ်ချက်များကို အသီးသီးဆွေးနွေး တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး
၎င်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများက တင်ပြချက်များတွင်ပါဝင်သည့် မြန်မာ့ရော်ဘာပို့ကုန်များ ပိုမိုဈေးကွက်ရရှိရေးအတွက် နိုင်ငံတကာမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များ၊ အသိအမှတ်ပြုလက်မှတ်များ ပြည့်မီမှုရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်မှု၊ နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် တရားဝင်လမ်းကြောင်းများမှ တင်ပို့ရောင်းချသွားမည်ဆိုပါက ရော်ဘာပို့ကုန်များ ပိုမိုဈေးကွက်ရရှိနိုင်မှု၊ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန်နှင့် အသေးစားစက်မှုဇုန်ပြုလုပ်ရန် မြေနေရာရရှိလိုမှုနှင့်ပတ်သက်၍ သတ်မှတ်ချက်များနှင့်အညီ တင်ပြလျှောက်ထားနိုင်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများအား လုပ်ငန်းရပ်များအလိုက် ကာလသတ်မှတ်ချက်များနှင့် အညီထုတ်ပေးထားခြင်းဖြစ်သည့်အတွက် စည်းကမ်းသတ်မှတ်ချက်များအတိုင်းသာ ရယူဆောင်ရွက်သွားရန်နှင့် ပြန်လည်ပေးဆပ်သွားရန်လိုအပ်မှု၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်အား ဖွင့်လှစ်ပေးသွားမည်ဖြစ်သဖြင့် တနင်္သာရီတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း တက်ရောက်နိုင်မည်ဖြစ်ပြီး အဆိုပါတက္ကသိုလ်များအား နှစ်စဉ်တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိမှု၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြေနိမ့်ကော်ဖီများကို အောင်မြင်စွာစိုက်ပျိုးနိုင်မည့် အရင်းအမြစ်များရှိပြီးဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုမှု၊ ရေငန်ပုစွန်မွေးမြူရေးနှင့်ပတ်သက်၍လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားရှိပြီး ဈေးကွက်ရှိသည့်လုပ်ငန်းဖြစ်သဖြင့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လိုသည့်လုပ်ငန်းရှင်များအား နိုင်ငံတော်မှ လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်လေကြောင်းလိုင်းများမှ ခရီးသည်ရရှိမှုနှင့် ရာသီဥတုအပေါ်မူတည်၍ လေကြောင်းခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိမှု၊ ရေထွက်ကုန်ပစ္စည်းများအား ပြည်ပနိုင်ငံများသို့ တိုက်ရိုက်ပြေးဆွဲတင်ပို့နိုင်ရေးအတွက် ကုန်တင်လေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် လေယာဉ်ကွင်းများဖြစ်ပေါ်လာရေး အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ ကမ်းရိုးတန်းသွားသင်္ဘောများဖြင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုများ အဆင်ပြေစေရေးအတွက် ထားဝယ်မြို့ရှိ ဆိပ်ခံဘောတံတားအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လျာထားဆောင်ရွက်လျက်ရှိမှု၊ သိပ္ပံနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံကျောင်းများ ဖွင်လှစ်သင်ကြားပေးလျက်ရှိမှုတို့နှင့်ပတ်သက်၍ အသီးသီးပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့မိ၊ မြို့ဖများနှင့်လုပ်ငန်းရှင်များ၏ တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများသို့တင်ပြ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြား
ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ထားဝယ်မြို့သည် အစဉ်အလာရှိသည့် မြို့တစ်မြို့ဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းစဉ်ကတည်းကပင် သမိုင်းကြောင်းကောင်းသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအနေဖြင့်လည်း ရှေးနှစ်ပေါင်းများစွာကတည်းကပင် ခိုင်ခိုင်မာမာရှိခဲ့သည့်ဒေသတစ်ခုဖြစ်ခဲ့ကြောင်း၊ မကြာသေးမီနှစ်များအတွင်း ထားဝယ်ဒေသသို့ ရောက်ရှိခဲ့ပြီး မြို့တော်ခန်းမ အဆောက်အဦလိုအပ်ချက်ရှိသည်ကို တွေ့ရှိခဲ့ရသဖြင့် အဆောက်အဦအသစ်ဆောက်လုပ်နိုင်ရန် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင်ရွှေဝယ်သီရိအားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထားဝယ်လေဆိပ် အဆင့်မြှင့်တင်ပေးနိုင်ရေးအတွက်လည်း လိုအပ်သည်များ မှာကြားခဲ့ကြောင်း။
တင်ပြချက်များတွင်ပါဝင်သည့် ရော်ဘာထုတ်ကုန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ရာဘာကုန်ကြမ်းများအနေဖြင့် အဆင့်မြှင့်တင်နိုင်ရန်လိုကြောင်း၊ ရော်ဘာကုန်ကြမ်းများအား ပြည်ပသို့ လွယ်ကူစွာတင်ပို့နိုင်ရေးဆောင်ရွက်ပေးသွားမည် ဖြစ်သော်လည်း အဆင့်မြှင့်တင်နိုင်မည်ဆိုပါက ဈေးကွက်နှင့် ဈေးနှုန်းပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်ကြမ်းများတင်ပို့ခြင်းအပြင် ရော်ဘာထုတ်ကုန်များဖြစ်သည့် တာယာ၊ ကျွတ်နှင့် လူသုံးကုန်ပစ္စည်းများကို အဆင့်မီစွာဖြင့် ဈေးကွက်ရရှိအောင်ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ရာဘာထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံငွေများကိုလည်း ထုတ်ပေးလျက်ရှိကြောင်း၊ ရာဘာစိုက်ပျိုးရာတွင်လည်း အပင်၏သက်တမ်းနှင့် ထွက်ရှိနိုင်မှုတို့အပေါ်မူတည်၍ သွင်းအားစုများဖြည့်သွင်းခြင်းအပါအဝင် စဉ်ဆက်မပြတ်သည့် ရာဘာထုတ်လုပ်မှုကွင်းဆက်ဖြစ်ပေါ်လာအောင် တွက်ချက်စိုက်ပျိုးဆောင်ရွက်သွားရန်လိုကြောင်း၊ ရာဘာထုတ်ကုန်ပစ္စည်းများသည် နိုင်ငံတော်အတွက်လိုအပ်ချက် အမြဲရှိနေမည်ဖြစ်သည့်အတွက် ရာဘာကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ငါး၊ ပုစွန်၊ ဂဏန်း၊ ရေထွက်ပစ္စည်းနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
မိမိတို့၏အိမ်နီးချင်းနိုင်ငံများတွင် ငါး၊ ပုစွန်၊ ဂဏန်းနှင့်ရေထွက်ပစ္စည်း အသားလိုအပ်ချက် များစွာရှိနေကြောင်း၊ မိမိတို့အနေဖြင့် ငါးနှင့် ရေထွက်ပစ္စည်းများကို သဘာဝအလျောက် ဖမ်းယူရရှိနိုင်သကဲ့သို့ မွေးမြူရေးလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်၍ ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ဈေးကွက်လိုအပ်ချက်ရှိနေသည့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန်နှင့် မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့်အစာကိုလည်း ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့ရေပိုင်နက်အတွင်း ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းများ တိုးတက်လာစေရေး ဆောင်ရွက်သွားရန်လိုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆက်သွယ်မှုပိုမိုမြန်ဆန်စေရေးအတွက် ထားဝယ်လေဆိပ်အား အဆင့်မြှင့်တင်တိုးချဲ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဘုတ်ပြင်း၊ ကော့သောင်း စသည့် ကျွန်းပတ်လေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထားဝယ်ဆိပ်ကမ်းနှင့် ပတ်သက်၍လည်း ထားဝယ်မြစ်အတွင်း သင်္ဘောများ ဝင်ထွက်မှုအဆင်ပြေစေရေး မြစ်ကြောင်းတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်ဆိပ်ကမ်း အဆင့်မြှင့်တင်နိုင်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
မွေးမြူရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှရင်းနှီးမတည်ငွေများ ထုတ်ပေးထားရှိပြီး လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အသား၊ ငါးနှင့် အခြေခံစားကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်ရခြင်းမှာ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ထို့ပြင်တရားမဝင်ကုန်သွယ်မှုများကြောင့်လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုများကို ဖြစ်ပေါ်စေကြောင်း၊ မိမိတို့အနေဖြင့် ကုန်ဈေးနှုန်းများ ထိုက်သင့်သည်ဈေးနှုန်းအတိုင်းဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တရားမဝင်ကုန်စည်စီးဆင်းမှုများ မဖြစ်ပေါ်စေရေး တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းအပြင် နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်ငွေများ သည်လည်းများစွာထိခိုက်နစ်နာရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီး အရည်အသွေးပြည့်မီသည့် ပို့ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေ နိုင်မည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့်လည်း ဒေသတွင်းကုန်ထုတ် လုပ်မှုများတိုးမြှင့်၍ ဒေသနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် လိုအပ်သည်များ အပြန်အလှန်ဆွေးနွေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမှဆောင်ရွက်ပေးခြင်းအပြင် ဒေသခံများအားလုံးကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထားဝယ်ဒေသအတွင်း တစ်ဧကအထွက်နှုန်း ပြည့်မီအောင်ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် ဒေသတွင်းဆန်ဖူလုံမှုမရှိသည်ကို တွေ့မြင်ရကြောင်း၊ ဒေသတွင်းဆန်ဖူလုံမှုရှိအောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းငွေ ကြေးလည်ပတ်မှုများ ကောင်းမွန်လာမည်ဖြစ်ပြီး ဒေသစီးပွားရေးကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ အလားတူအခြားသီးနှံများ အထွက်နှုန်းတိုးတက်စေရေး၊ ပန်းတိုင်အထွက်နှုန်းများ ရရှိရေးအတွက်လည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းဖူလုံမှုမရှိ၍ ပြင်ပမှဝယ်ယူစားသုံးကုန်ကျမည့်ငွေကြေးများကို ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားနေရာများ၌ သုံးစွဲခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်သွားကြစေလိုကြောင်း။
စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
စိုက်ပျိုးရေးကို အခြေခံသည့်စက်မှုလုပ်ငန်းများကိုလည်း တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း မြေနိမ့်ကော်ဖီဖြစ်သည့် Robesta ကော်ဖီကိုစိုက်ပျိုးနိုင်ကြောင်း၊ ဒေသ၏အခြေခံကောင်းများကို အကျိုးရှိရှိအသုံးချပြီး ဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းသည့် ကော်ဖီ၊ ကိုကိုး၊ ဒူးရင်း၊ သီဟိုဠ်၊ အုန်းစသည့် အပင်များကို အောင်မြင်အောင်စိုက်ပျိုး၍ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ အလားတူတနင်္သာရီတိုင်းဒေသကြီးအတွင်း ဝါးနှင့် ကြိမ်သယံဇာတများစွာထွက်ရှိသဖြင့် ဝါးနှင့် ကြိမ်ကုန်ကြမ်းများကို အခြေခံသည့် တန်ဖိုးမြင့် ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း။
တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး ဒေသတွင်း စားရေးဖူလုံမှုအပြင် ပြင်ပနှင့် ပြည်ပသို့ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံပြီး စနစ်ကျန၍စဉ်ဆက်မပြတ်သည့် ကုန်ထုတ်လုပ်မှုကို ဖော်ဆောင်နိုင်မည်ဆိုပါက ဒေသတွင်းလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း။
ပညာတတ်လူသားအရင်းအမြစ်ကောင်းများမွေးထုတ်ပေးနိုင်ရေး
ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာအတတ်ပညာနှင့်ပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရေးကို မဖြစ်မနေအားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းတန်းစဉ်ကူးပြောင်းမှုမှာ လျော့နည်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အတန်းပညာများရှိစေရေး ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်ပြီး တန်းစဉ်ကူးပြောင်းမှုများ ကောင်းမွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်နိုင်ငံလုံးပညာရည်မြင့်မားရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးအားနည်းမှုရှိပါက အခြားဒေသများသို့ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ပြီး အခြားသူများ၏ ဦးဆောင်မှုကို ခံရမည်ဖြစ်သဖြင့် မိမိတို့ဒေသအတွင်း ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝအောင်မွေးထုတ်ကာ ဒေသအကျိုးကို ဖော်ဆောင်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဖြည့်ဆည်းပေးရန်လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်သကဲ့သို့ ဒေသခံများကလည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ယင်းနောက် အခမ်းအနားအပြီးတွင် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ MSME ထုတ်ကုန်ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ထားဝယ်မြို့ဘိုးဘွားရိပ်သာသို့ ရောက်ရှိကြပြီး ဘိုးဘွားများအား ဂရဝပြုကန်တော့ကာ အာဟာရဖြည့်ငှက်သိုက်များနှင့် စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များကို ပေးအပ်လှူဒါန်းသည်။ ယင်းနောက်ဘိုးဘွားများ၏ ကျန်းမာရေးအခြေအနေများအား မေးမြန်းကာ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
၎င်းနောက် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ဘိုးဘွားရိပ်သာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားကာ ဘိုးဘွားရိပ်သာအတွက် အလှူငွေများပေးအပ်လှူဒါန်းသည်။
ထို့နောက် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့အတွင်းနှင့် ဆိပ်ကမ်းသာလမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် တနင်္သာရီတိုင်းဒေသကြီး ကျက်သရေဆောင် ထားဝယ်မြို့၊ လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ရွှေတောင်စားစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရွှေဝယ်သီရိအားကစားကွင်းနှင့် အားကစားရုံသို့ရောက်ရှိကြပြီး အားကစားကွင်း အဆင့်မြှင့်နိုင်မည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်လေဆိပ်သို့ရောက်ရှိကြပြီး လေဆိပ်ရှင်းလင်းဆောင်၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင်တင်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းတင်းလင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည့်အတွက် စနစ်တကျတွက်ချက်ဆောင်ရွက်သွားရန်လိုအပ်မှုနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3289 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download