ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ) တံတား စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်လေ့လာ

ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ) တံတား စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်လေ့လာ


Ministry of Information/ Naypyitaw / November 27, 2020
image_latest


ရန်ကုန် နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ကင်မ်ဂွန်း  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီး ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတား စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်လေ့လာသည်။

ရှေးဦးစွာ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်း၊ အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ကျင်းပသည့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ဆေးရုံသုံး စွန့်ထုတ် ပစ္စည်းများ သန့်စင် သည့်စက် ပေးအပ်လှူဒါန်းသည့် အခမ်းအနားသို့  တက်ရောက်သည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က နေပြည်တော်မှ Video Conference ဖြင့် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ကင်မ်ဂွန်းက ဆေးရုံသုံးပစ္စည်းများ လှူဒါန်းရ သည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး ကိုရီးယား- မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာကင်မ်ဂွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာနှင့်  KOICA ရုံးမှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် မစ္စ လီယောင်ဆူးတို့က မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အမေရိကန် ဒေါ်လာ ခုနစ်သိန်း တန်ဖိုးရှိ ဆေးရုံသုံးစွန့်ထုတ်ပစ္စည်းများ သန့်စင်သည့်စက် (Hospital Waste Management Equipment) သုံးလုံးအား ပေးအပ်လှူဒါန်းရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။

မွန်းလွဲပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးသို့ သွားရောက်ကာ သံတမန်ဧည့်ခန်းမဆောင်၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အဖွဲ့အား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကိုရီးယား- မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၊ ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း၊ ဒလမြို့သစ် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ အပါအဝင် နှစ်နိုင်ငံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးကြသည်။

ဆွေးနွေးမှုအပြီးတွင် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်အတူ အစိုးရအဖွဲ့ရုံးအတွင်းရှိ အမိမြန်မာပြည် ရုပ်တုရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတား စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက် လေ့လာရာ တံတား စီမံကိန်းတာဝန်ရှိသူများက တံတားတည်ဆောက်ပြီးစီးမှုနှင့် လုပ်ငန်းခွင်ဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တံတား တည်ဆောက်ရေး လုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တံတားစီမံကိန်း တာဝန်ရှိသူများက ရှင်းလင်းပြသသည်။

ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

(သတင်းစဉ်)

HOT NEWS
January 4,