ချင်းပြည်နယ်၏ ပထမဦးဆုံးလေဆိပ်ဖြစ်သော ဆူရ်ဘုန်လေဆိပ်(ဖလမ်း)တွင် လေယာဉ် စမ်းသပ်ဆင်းသက်ခြင်း (Test Landing) အား (၂၇-၁၀-၂၀၂၀)ရက်နေ့တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီး

ချင်းပြည်နယ်၏ ပထမဦးဆုံးလေဆိပ်ဖြစ်သော ဆူရ်ဘုန်လေဆိပ်(ဖလမ်း)တွင် လေယာဉ် စမ်းသပ်ဆင်းသက်ခြင်း (Test Landing) အား (၂၇-၁၀-၂၀၂၀)ရက်နေ့တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီး


Ministry of Transport and Communications/ နေပြည်တော် / October 28, 2020


ဆူရ်ဘုန်လေဆိပ်(ဖလမ်း) (ICAO Code : VYFS , IATA Code : SRU) အား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့သည်မှာ ပြီးစီးခဲ့ပြီဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် လေယာဉ်စမ်းသပ်ဆင်းသက်ခြင်း လုပ်ငန်းစဉ်အား မြန်မာအမျိုးသားလေကြောင်း ၏ ATR 72-600 (XY-AML) လေယာဉ်ဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီလည်း ဖြစ်ပါသည်။

ဆူဘုရ်လေဆိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၀၀ အမြင့်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံး လေဆိပ်လည်းဖြစ်ပါသည်။ လေယာဉ်ပြေးလမ်းအရှည် ပေ ၆၀၀၀ ၊ အကျယ် ပေ ၁၀၀ နှင့် စီမံကိန်း ကုန်ကျငွေ စုစုပေါင်း မြန်မာကျပ် ၃၅.၁၉၁ ဘီလီယံ ဖြစ်ပါသည်။

သက်ဆိုင်ရာ ကဏ္ဍပေါင်းစုံမှ မြန်မာ ပညာရှင်များ၊ အင်ဂျင်နီယာများဖြင့်သာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လေဆိပ်အဆောက်အဦနှင့် လေယာဉ်ပြေးလမ်းတည်ဆောက်ခြင်း၊ လေကြောင်းဆက်သွယ်ရေးနှင့် လမ်းညွှန်စက်များ တပ်ဆင်ခြင်း၊ ၎င်းတို့အား လေယာဉ်ဖြင့် ပျံသန်းစစ်ဆေးခြင်းများအား လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ မြန်မာ အင်ဂျင်နီယာများဖြင့်သာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး လေယာဉ်စမ်းသပ်ဆင်းသက်ခြင်းတွင်လည်း တာဝန်ရှိသူများမှ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ သမိုင်းတွင် မှတ်ကျောက်တင်နိုင်ခဲ့သည့် အောင်မြင်မှုတစ်ခုလည်းဖြစ်ပါသည်။

ချင်းပြည်နယ်၏ ပထမဦးဆုံးလေဆိပ်ကြီးဖြစ်ပေါ်လာမှုနှင့်အတူ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာပြီး စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး စသည့် ကဏ္ဍပေါင်းစုံလည်း လိုက်ပါဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ များစွာ ဂုဏ်ယူဝမ်းမြောက်ပီတိ ဖြစ်ရပါသည်။

HOT NEWS
January 4,