ဂျပန်ဈေးကွက်ခရီးသွား မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဂျပန်ဈေးကွက်ခရီးသွား မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ ​နေပြည်တော် / November 10, 2019
image_latest


နေပြည်တော် နိုဝင်ဘာ ၁၀

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဂျပန်ဈေးကွက် ခရီးသွားမြှင့်တင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ Sule Shangri La Hotel ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယခုအစည်းအဝေးသည် မြန်မာနိုင်ငံသို့ ဂျပန်ခရီးသွားများ ပိုမိုလာရောက်ရေး ဂျပန်ဈေးကွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ခရီးသွားမြှင့်တင်ရေး အသုံးစရိတ်များသုံးစွဲ၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အမှတ်တံဆိပ်ကို နိုင်ငံတကာသို့ ပိုမိုထိုးဖောက်မြှင့်တင်နိုင်ရေး၊ သက်ဆိုင်ရာ နိုင်ငံဒေသအလိုက် ခရီးသွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့များနှင့် Digital Marketing အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ခရီးသွားမြှင့်တင်ရေး လက်ကမ်းစာစောင်များနှင့် ခရီးစဉ်ဒေသများအကြောင်း ရိုက်ကူး ထားသည့် CD, DVD များကို ဂျပန်ဘာသာဖြင့် ရိုက်နှိပ်ထုတ်ဝေ၍ ဂျပန်နိုင်ငံသို့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလျက်ရှိပါကြောင်း၊ JATA Tourism Expo ခရီးသွားပြပွဲများ၊ Road Show များမှတစ်ဆင့် ဂျပန်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်စေရေး မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန်နိုင်ငံမှ ABC TV ရိုက်ကူးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရှိ ထင်ရှားသည့် ခရီးစဉ်များကို ရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ၂၀၁၇ ခုနှစ်တွင်ဂျပန်နိုင်ငံမှ ချယ်ရီသံတမန် Mr. Kanta Kori၊ ၂၀၁၈ ခုနှစ် ဧပြီလတွင် ဂျပန်နိုင်ငံ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ Mrs. Junko KOSHINO နှင့် ၂၀၁၈ ခုနှစ် ဩဂုတ်လ မြန်မာပြည်ဖွား ဂျပန်အဆိုတော် မိုရီဆာကီဝင်းတို့ကို ဂျပန်ခရီးသွား မြှင့်တင်ရေးအတွက် ခရီးသွားသံတမန်များအဖြစ် ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံအကြောင်းကို ဂျပန် နိုင်ငံသားများ ပိုမိုသိရှိပြီး လာရောက်လည်ပတ်စေနိုင်ရေး မြှင့်တင်ဆောင်ရွက်ခဲ့ပါကြောင်း။

ဂျပန်-မြန်မာ ချစ်ကြည်ရေး ချယ်ရီပန်းပင် စိုက်ပျိုးပွဲတော်များ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် လွိုင်ကော်၊ နေပြည်တော်နှင့် ချင်းပြည်နယ်တို့တွင် စိုက်ပျိုး သွားမည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံအပါအဝင် တရုတ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မကာအိုနှင့် အိန္ဒိယနိုင်ငံများမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလွယ်ကူ အဆင်ပြေစွာ လာရောက် နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ဗီဇာဖြေလျော့မှုများ ဆောင်ရွက်ပေး ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂ဝ ခုနှစ်အထိ တစ်နှစ်ထပ်မံ သက်တမ်း တိုး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယခုအစည်းအဝေးတွင် ဂျပန်လူမျိုးများ၏ အားလပ်ရက်များ ရရှိသော ဧပြီ၊ မေ၊ ဩဂုတ်၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလ တို့တွင် မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်စေရန် အစီအစဉ်များ ရေးဆွဲနိုင်ရေး အတွက် ဆွေးနွေးတင်ပြကြ စေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်လတ်က မြန်မာ-ဂျပန် နှစ်နိုင်ငံ ပိုမိုနက်ရှိုင်းသော ချစ်ကြည် ရင်းနှီးမှုကို တည်ဆောက်ခြင်းမှ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ ဝန်ကြီးဌာနက အကောင်အထည် ဖော်နေသော Digital Tourism Promotion တွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama နှင့် မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းတို့က အမှာစကား ပြောကြားခဲ့ကြသည်။

ဆက်လက်၍ မြန်မာ-ဂျပန် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး က ရှေ့လုပ်ငန်းစဉ်များအား လည်းကောင်း၊ ဂျပန် Inbound လုပ်ကိုင်နေသော ခရီးသွားကုမ္ပဏီ များက မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံသားများ ဝင်ရောက်လာမှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေးအသင်းဥက္ကဋ္ဌက ဂျပန် ခရီးသွားဈေးကွက် မြှင့်တင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ခရီးစဉ်အဖွဲ့ဝင်များ၏ ခရီးသွား မြှင့်တင်ရေး ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြ ကြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှုးချုပ်တို့မှ ပြန်လည်ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,