ငါးသယံဇာတ ရေရှည်ဖွံ့ဖြိုးရန် ပင်လယ်ပြင် ငါးမဖမ်းရ ရာသီကို ပြောင်းလဲသတ်မှတ်

ငါးသယံဇာတ ရေရှည်ဖွံ့ဖြိုးရန် ပင်လယ်ပြင် ငါးမဖမ်းရ ရာသီကို ပြောင်းလဲသတ်မှတ်

Ministry of Information/ naypyitaw / June 10, 2021
image_latest


 

ရန်ကုန်၊ ဇွန် ၁၀

မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတရည်ရှည်ဖွံ့ဖြိုးရန်နှင့် မျိုးကောင်းမျိုးသန့်များ ရည်ရှည် တည်တံ့စေရန် ပင်လယ်ပြင် ငါးမဖမ်းရရာသီကို ယခင်သတ်မှတ်သော လမှ တစ်လရှေ့တိုး၍ ပြောင်းလဲသတ်မှတ်ထားကြောင်း သိရသည်။

ယမန်နှစ်က ပင်လယ်ပြင်ငါးမဖမ်းရ ရာသီကို ဇွန်လမှဩဂုတ်လထိပိတ်ခဲ့ပြီး ယခုနှစ်တွင် မေလမှ ဇူလိုင်လထိ ၃လ ပိတ်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်များက ငါးမဖမ်းရရာသီကို ပုံမှန် လပိတ်ခဲ့ရာ မြန်မာ့ပင်လယ်ပြင်၌ ငါး သယံဇာတ လျော့နည်းလာမှုကိုကုစားရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်တွင်းမှ ပညာရှင်များနှင့်ဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် နော်ဝေနိုင်ငံအကူအညီဖြင့် ကွင်းဆင်း သုတေသနဆောင်ရွက်ခဲ့ပြီး ပင်လယ်ပြင် ငါးသားပေါက် ရာသီပြောင်းလဲလာမှုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပြောင်းလဲသတ်မှတ်

ပင်လယ်ပြင်ငါးသားပေါက် ရာသီပြောင်းလဲမှုကို နော်ဝေနိုင်ငံအကူအညီနဲ့ သုတေသနဆောင်ရွက်မှုအရ သိရတဲ့အတွက် ပေါက်ပွားမှုအများဆုံးလကို သုတေသနရလဒ်အရ ငါးမဖမ်းရရာသီအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ တာပါ။ ပင်လယ်ပြင်ရေသယံဇာတ လျော့နည်းလာတာဟာ ရာသီဉတပြောင်းလဲလာမှု၊ မိုင်းခွဲဖမ်းဆီးမှုနဲ့ သတ်မှတ် ထားတဲ့ပိုက်နဲ့မဟုတ်ဘဲ ဖမ်းဆီးမှုတွေကြောင့် ငါးမျိုးစိတ်တွေ ထိခိုက်ပြီး ရှားပါးလာတယ်လို့ဆိုရမှာပါ။ ဒါကြောင့် သဘာဝရေပြင်မှာ ငါးပေါက်ပွားမှုများတဲ့ရာသီတွေမှာ ငါးဖမ်းဆီးမှုပိတ်တဲ့သဘောပါ။ ဒီနှစ်မှာ ငါးပေါက် ပွားနှုန်းများတဲ့ ၃လကို ပြောင်းလဲသတ်မှတ် ထားပါတယ်ဟု ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

သုတေသနပြုလုပ်ခဲ့

ပင်လယ်ပြင်ကိုပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်နှင့်အညီ ရေထွက်ကုန်ထုတ်လုပ်မှုဖြင့် ပြည်တွင်း စားသုံးမှုကို ဖူလုံစေလျက် ပြည်ပနိုင်ငံသို့ငါး၊ ပုဇွန်အပါအဝင်ရေထွက်ကုန်တို့ကို တင်ပို့လျက်ရှိရာ ပြင်တွင်း ဝင်ငွေနှင့် နိုင်ငံခြားဝင်ငွေကို ရေထွက်ကုန်မှ နှစ်စဉ်အခွန်ငွေရရှိသောကြောင့် နိုင်ငံတော်မှ ရေထွက်ကုန်ဖွံ့ဖြိုး တိုးတက် ရေးကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်လက်တွဲ၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ ရေသယံဇာတ ဝမ်းစာ သိုက်ကြီး ဖြစ်သော မြန်မာ့ပင်လယ်ပြင်၌ ရေထွက်ကုန်များ ရေရှည်တည် တံ့နိုင်ရန် ပြည်ပပညာရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်ရာ၌ နော်ဝေနိုင်ငံနှင့် ၂၀၁၅-ခုနှစ်ထိ ၃ကြိမ်မြောက် သုတေသနလုပ်ငန်း တို့ကို ရခိုင် ကမ်းရိုးတန်းမှ ကော့သောင်းထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရလဒ်ကောင်းတို့ရရ

ကမ်းနီး၊ ကမ်းဝေးငါးဖမ်းဆီးရာတွင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေသယံဇာတထိန်းသိမ်းကာကွယ်မှု အနေဖြင့် ပိုက်အမျိုး အစားများကို မျောပိုက်၊ ကျားပိုက်၊ ဒရွတ်ဆွဲပိုက်၊ ဝိုင်းချုပ်ပိုက်အပါအဝင် အမျိုးအစား လိုက် သတ်မှတ်ထားပြီး သတ်မှတ်စည်းကမ်းနှင့်အညီ လိုက်နာရန်နှင့် ငါးဖမ်းစက်လှေ အရေအတွက်ထိန်းချုပ်မှုကို နှစ်စဉ် သတိပေးဆောင်ရွက်လျက်ရှိသည်။ နော်ဝေနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ပင်လယ်ပြင် သုတေသန စစ်တမ်းအရ  မြန်မာ့ရေပိုင်နက်တွင် ငါးသယံဇာတအများဆုံး ပေါက်ပွားချိန်မှာ ဖေဖော်ဝါရီလမှ ဧပြီလထိ သုံးသပ် ထားပြီး ၁၉၈၆ ခုနှစ်တွင် သုတေသနလုပ်ငန်းကို စတင်ခဲ့ကာ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် တို့တွင် ဆက်လက် ဆောင်ရွက်ခဲ့ရာ ရလဒ်ကောင်းတို့ကို ရရှိခဲ့ခြင်းဖြစ်သည်။

ရာသီပိတ်ချိန်

စီးပွားရေးအချက်အချာကျရာ ရန်ကုန်မြို့တွင် ငါးဖမ်းစက်လှေအခြေစိုက်အဖြစ် အစီးရေ ၉၀၀ ကျော်ရှိပြီး ငါးဖမ်းရာသီပိတ် သိမ်းထားချိန်၌ ရပ်နားရန်နေရာအခက်အခဲကြောင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် တနင်္သာရီတိုင်းဒေသတို့တွင် ဖြန့်ခွဲရပ်နားလေ့ရှိကာ ယခုရာသီပိတ်ကာလ၌ ရန်ကုန်မြို့တွင် အစီးရေ ၅၇၀ ခန့်ရပ်နားထားကြောင်း သိရသည်။

ငါးမဖမ်းရရာသီအဖြစ်သတ်မှတ်

မြန်မာ့ကမ်းရိုးတန်းတစ်လျှေက် ကမ်းနီးငါးဖမ်းဆီးမှုတွင်လည်း ရေလုပ်ငန်းကို အခြေပြု၍ ဝမ်းစာရှာဖွေကြသည့် ရေလုပ်သားများအနေဖြင့် ပင်လယ်ပြင်တွင် ငါးသယံဇာတကျဆင်းလာမှုကြောင့် ကမ်းနီးတွင်လည်း ငါး၊ပုဇွန် ရရှိမှုနည်းလာသည်ကို သတိပြုမိခဲ့ကြပြီး နှစ်ထပ်ပိုက်ဖြင့် ဖမ်းဆီးခြင်းနှင့် ငါးရစ်ငါးသန်ပေါက်ပွားချိန် ငါးဖမ်း ဆီးခြင်းကို သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနအသီးသီးမှ အသိပညာပေးခြင်း၊ ဥပဒေနှင့် အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းကို နှစ်စဉ် ဆောင်ရွက်လျက်ရှိသည်။ ယခုနှစ်မှစ၍ မူလသတ် မှတ်ထားသော ပင်လယ်ပြင်ငါးမဖမ်းရရာသီကို တစ်လရှေ့တိုး၍ ပြောင်းလဲသတ်မှတ်ခဲ့ပြီး မေလမှ ဩဂုတ်လထိ ၃လကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး

သတင်း-ညိမ်းသူ

အထူးသတင်း