စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်


Sagaing Region Government/ Monywa / June 05, 2020
logo


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များတို့သည် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်(၉)နာရီခွဲက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သော (၂၀၂၀)ပြည့်နှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ သဘာဝပတ်ဝန်းကျင်၊ သဘာဝသယံဇာတ အရင်းအမြစ်တွေဟာ ကျွန်တော်တို့လူသားတွေအတွက် မရှိမဖြစ် အရေးပါပြီး မြန်မာပြည်သူပြည်သားအားလုံး ကောင်းမွန်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်နဲ့ ထာဝစဉ်လှုပ်ရှားလည်ပတ်နေတဲ့ ဂေဟစနစ်တွေ ရရှိဖို့အတွက် တာဝန်သိသိ၊ အသိတရားရှိရှိ စိတ်ဓာတ်နဲ့ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားပြီး ထိန်းသိမ်းကြဖို့ လိုပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့်လည်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှား ဆောင်ရွက်မှုအဖြစ် ယခုကဲ့သို့ ဆုချီးမြှင့်ပွဲကို ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ညီညွတ်စေရန် ဆောင်ရွက်လျက်ရှိသော အခြေခံပညာကျောင်းများကို အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သောကျောင်းဆု (ASEAN Eco-School Award) ချီးမြှင့်ခြင်း အစီအစဉ်အား ၂၀၁၂ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အလှည့်ကျ အာဆီယံ အဖွဲ့ဝင်နိုင်ငံမှ ဦးစီး၍ (၄)နှစ်(၁)ကြိမ် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ASEAN Guidelines On Eco-School ကို အခြေခံကာ မြန်မာနိုင်ငံမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနများနှင့် Pestalozzi Children's Foundation တို့အကြား အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပြီး သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများဆိုင်ရာ အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများအား သတ်မှတ်ခဲ့ပါကြောင်း။
အဆိုပါ Clean and Green Schools အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများကို အခြေခံ၍ ASEAN Environmental Education Action Plan-AEEAP ပါ “ နိုင်ငံအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ် သောကျောင်းများ ဆုချီးမြှင့်ခြင်း အစီအစဉ်ဆောင်ရွက်ရန်” လုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် “သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု- Clean and Green Schools Award နှင့် အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု-National Clean and Green School Award ချီးမြှင့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံတစ်ဝှမ်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန်နှင့် ၎င်းတို့၏ အားထုတ်ကြိုးပမ်းဆောင်ရွက်နေမှုများအား အသိအမှတ်ပြုပါကြောင်း၊ ဆုရကျောင်းများ၏ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ချက်များအား အခြားကျောင်းများမှ အတုယူ လိုက်နာဆောင်ရွက်ကြစေကြောင်း၊ ပတ်ဝန်းကျင်အလေ့အကျင့်ကောင်းများကို နီးစပ်ရာ ရပ်ရွာလူထုများမှလည်း အတုယူလိုက်ပါဆောင်ရွက်ကြစေကြောင်း၊ လူငယ်များအကြား ပတ်ဝန်းကျင်ဆိုင်ရာ အတွေးအမြင်များ စိမ့်ဝင်ပြန့်နှံ့လာကာ ကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပမှုများ ဖန်တီးနိုင်မည်ဟု ယုံကြည်ပါကြောင်း”ပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ရွေးချယ်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြီး ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေး ဗီဒီယိုပြသခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်း(အထက်တန်း အဆင့်) ပထမဆုရရှိသော ယင်းမာပင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တမာပင်ခွ(တ) နှင့် ဒုတိယဆုရရှိသော မုံရွာမြို့ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ (အလယ်တန်းအဆင့်) ပထမဆုရရှိသော အင်းတော်မြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(နတ်မဟုတ်ကလေး)နှင့် ဒုတိယဆုရရှိသော စစ်ကိုင်းမြို့ နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ငါ့တရော်)၊ (မူလတန်းအဆင့်) ပထမဆုရရှိသော ပင်လည်ဘူးမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း(သစ်ထိပ်) နှင့် ဒုတိယဆုရရှိသော ရွှေဘိုမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း (ကုန်းသာ)၊ တို့မှ ကျောင်းအုပ်ကြီးများထံသို့လည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့က အသီးသီးဂုဏ်ပြု ဆုတံဆိပ်များနှင့် ဂုဏ်ပြုငွေများကို အသီးသီးပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,