စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်-၃၇ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်-၃၇ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / August 09, 2022
image_latest


နေပြည်တော် ဩဂုတ် ၉

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင်ဖွင့်လှစ်သည့် စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်-၃၇ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က စာရင်းစစ်မှူးများသည် စစ်ဆေးရေးအဖွဲ့ကို ဦးဆောင်ရသူများဖြစ်၍ စစ်ဆေးရေးလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများကို အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရန်အတွက် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ နိုင်ငံတကာစာရင်းစံများနှင့်အညီ ဆောင်ရွက်နိုင်ရန်သာမက နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ ဌာနအဖွဲ့အစည်းများ၏ သဘောသာဘာဝများနှင့် နည်းပညာဆိုင်ရာ ပြောင်းလဲတိုးတက်မှုများကိုလည်း နားလည်သိရှိလိုက်ပါ ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ စစ်ဆေးရေးရည်မှန်းချက်များ ရရှိစေရန်အတွက် စစ်ဆေးရမည့် ဌာန၊ အဖွဲ့အစည်းများနှင့် အပြန်အလှန်လေးစားမှုဖြင့် ဆက်သွယ်ဆောင်ရွက်တတ်ရန်နှင့် စာရင်းစစ်အဖွဲ့ကို မှန်ကန်စွာ ဦးဆောင်လမ်းပြနိုင်ရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် စွမ်းဆောင်ရည်မြှင့်တင်သည့် နည်းလမ်းတစ်ခုအဖြစ် စစ်ဆေးရေး လုပ်ငန်းစဉ်များကို Role Play ပုံစံဖြင့် လက်တွေ့လုပ်ဆောင်မှု ထည့်သွင်း ဆောင်ရွက်စေခဲ့ပါကြောင်း။

သင်တန်းသားများသည် သင်တန်းမှသင်ကြားပို့ချမှုများဖြင့် ရပ်တန့်မနေဘဲ ပညာရပ်ဆိုင်ရာ အသိပညာဗဟုသုတများပြည့်ဝစေရန် ကိုယ်တိုင်လေ့လာသင်ယူမှုများဖြင့် စဉ်ဆက်မပြတ်လေ့လာသင်ယူ၍ နိုင်ငံတော်အပေါ်သစ္စာစောင့်သိပြီး မိမိ၏ဌာနတာဝန်၊ နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း မှာကြားသည်။

အဆိုပါ သင်တန်းကို စာသင်ခန်းတက်ရောက် (Face To Face) ဖြင့် ၃ ပတ်ကြာ ဖွင့်လှစ် သင်ကြားခဲ့ပြီး ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ပြည်ထောင်စုနယ်မြေ အပါအဝင် သင်တန်းသား (၁၀၇) ဦး တက်ရောက်ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,