တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၇ ကျောင်းတို့၌ ကျောင်းသား ကျောင်းသူ ၁၃၇၅၉ ဦး တက်ရောက်လျက်ရှိ

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၇ ကျောင်းတို့၌ ကျောင်းသား ကျောင်းသူ ၁၃၇၅၉ ဦး တက်ရောက်လျက်ရှိ


Ministry of Information/ Naypyitaw / May 20, 2022
image_latest


ရန်ကုန် မေ ၁၉

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒဂုံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြို့နယ် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ကော်မတီဝင်များ၊ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး)များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ သင်ယူသင်ကြားလိုစိတ်ဖြင့် ကြိုးစားသင်ယူကာ ရပ်ရွာ၊ မြို့ပြနှင့် တိုင်းပြည်အကျိုးကို သယ်ပိုးသော သားကောင်းရတနာ များဖြစ်စေလိုကြောင်း၊ နိုင်ငံတော်၏ပညာရေးမူဝါဒကို လေးစားလိုက်နာမှုဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို ခံယူကာ နိုင်ငံတော်တည်ဆောက်ရေးတွင် အလုပ်အကျွေးပြုမည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ ပေါ်ထွန်းလျက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတို့ကို စွမ်းစွမ်းတမံထမ်းဆောင်မည့် ကျောင်းသား ကျောင်းသူများအဖြစ် ဂုဏ်ယူနိုင်ကြပါစေကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်က တက္ကသိုလ်သည်  လူတိုင်းအတွက် မက်မောတမ်းတစရာဖြစ်၍ အထူးသဖြင့် တိုင်းပြည်အတွက် တန်ဖိုးမဖြတ်နိုင်သော သားကောင်းရတနာများကို မွေးထုတ်ပေးရာနေရာတစ်ခုဖြစ်ပြီး ပညာထူးချွန်လူရည်မွန် များပေါ်ထွန်းလာရန်  ဆရာ ဆရာမများက ဖခင်၊ မိခင်များသဖွယ် သင်ကြားပေးသွားမည်ဖြစ်ရာ ဒဂုံတက္ကသိုလ်အနေဖြင့် မောင်မယ်သစ်လွင်အပေါင်းအား နွေးထွေးလှိုက်လှဲစွာကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များက မောင်မယ်သစ်လွင်များကို မိတ်ဆက်စကား ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူ ၁၅၀၀ ကျော်အား ဒဂုံတက္ကသိုလ်မှ ယနေ့တွင် မောင်မယ်သစ်လွင်ကြိုဆိုခြင်းဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၇ ကျောင်းတို့၌ မောင်မယ်သစ်လွင် ကျောင်းသား ကျောင်းသူ ၁၃၇၅၉ ဦး တက်ရောက်လျက်ရှိပြီး ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား ကျောင်းသူ ၄၅၂၃၃ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)

 ဓာတ်ပုံ-ကနူး

HOT NEWS
January 4,