တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ
Ministry of Information/ Naypyitaw / June 09, 2026
နေပြည်တော် ဇွန် ၈
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတတိယနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၈ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးအောင်ချစ်လွင်၏ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသားများ အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်ရန် ဟုမ္မလင်းကောလိပ်သို့ လျှောက်ထားပါက ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ်ရှိ၊ မရှိနှင့် တက်ရောက်ခွင့်မရှိပါက မည်သည့်အခက်အခဲများကြောင့် တက်ရောက်ခွင့်မပြုနိုင်ခြင်းကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က ၂၀၂၁ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို COVID -19 ကမ္ဘာ့ကပ်ရောဂါအခြေအနေများကြောင့် ကျင်းပခြင်းမရှိခဲ့ဘဲ ၂၀၂၂ ခုနှစ်တွင် ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များမှ ကျောင်းသား ကျောင်းသူများ၏ လျှောက်ထားချက်များအတိုင်း မြစ်ကြီးနားတက္ကသိုလ်သို့ ဝင်ခွင့်ပြုရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နောက်နှစ်များတွင်လည်း အဆိုပါပုံစံအတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြစ်ကြီးနားတက္ကသိုလ်သို့ ဝင်ခွင့်ရသူများအနက် ဟုမ္မလင်းဒီဂရီကောလိပ်သို့ ပြောင်းရွှေ့လျှောက်ထားခဲ့သူ ၂၆ ဦးကို ဟုမ္မလင်းဒီဂရီကောလိပ်သို့ ပြန်လည်ပြောင်းရွှေ့ခွင့်ပြုခဲ့ပါကြောင်း။
ဟုမ္မလင်းဒီဂရီကောလိပ်တွင် အထူးပြုဘာသာရပ် ၁၀ ခု သင်ကြားပို့ချပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၃၈ ဦးရှိပါကြောင်း၊ ဆရာ ဆရာမ စုစုပေါင်း ၇၆ ဦးရှိပြီး သင်ကြားဆရာအင်အား လုံလောက်မှုရှိပါကြောင်း၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှ ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရန် ဟုမ္မလင်းဒီဂရီကောလိပ်သို့ လျှောက်ထားလာပါက တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဦးစိန်ရွှေမင်း၏ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ ဆင်ခေါင်းအခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်နေသော စာသင်ခန်း (၆) ခန်းစာအတွက် အဆောက်အအုံတစ်ခု ထပ်မံတည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တစ်ထပ်ကျောင်းဆောင်တည်ဆောက်ရေး လုပ်ငန်းများအား နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ စာချုပ်ချုပ်ဆိုခြင်းလုပ်ငန်းများကို စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် တာဝန်ယူကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးစိန်ရွှေမင်း၏ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ ရွာသာအခြေခံပညာမူလတန်းကျောင်းသည် ခြကိုက်၍ ပျက်စီးနေပါသဖြင့် စာသင်ဆောင်အသစ်တစ်ဆောင်ထပ်မံတည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တစ်ထပ်ကျောင်းဆောင် တည်ဆောက်ရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် တာဝန်ယူကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးစိန်ရွှေမင်း၏ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ကုန်းသာအခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် လိုအပ်သော စာသင်ခန်း (၈) ခန်းစာအတွက် (၁၄၀x၃၀) ပေ RC နှစ်ထပ်ဆောင်ထပ်မံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က တန်းခွဲအရလိုအပ်သော စာသင်ခန်း ၅ ခန်းအတွက် ပေ (၁၅၀ x ၃၀) RC တစ်ထပ်ဆောက်လုပ်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစားပေးအစီအစဉ်ဖြင့် ရရှိမည့် ဘတ်ဂျက်အရ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးပြည်ဖြိုးစံက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းပါ အခန်း ၁၃၊ ပုဒ်မ ၆၀ တွင် အွန်လိုင်းလိမ်လည်မှုတားဆီးရန်အတွက် အကောင့်များ ပိတ်ဆို့ခြင်း၊ ဆိုင်းငံ့ခြင်းဆောင်ရွက်သည့် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများကို မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုခြင်းမပြုရဟု အကာအကွယ်ပေးထားပါကြောင်း၊ ဤပြဋ္ဌာန်းချက်သည် သဘောရိုးဖြင့် လုပ်ကိုင်သော ဝန်ထမ်းများကို ကာကွယ်ရန် ရည်ရွယ်ထားသောကြောင့် အလွန်ကောင်းမွန်သော်လည်း စာသားအရအကန့်အသတ်မရှိဖြစ်နေပါကြောင်း၊ ထို့ကြောင့် ဤစကားရပ်ကို အလွဲသုံးစားလုပ်မှုမရှိစေရန်အတွက် (ဥပဒေနှင့်အညီ သဘောရိုးဖြင့် ဆောင်ရွက်သော) ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများကိုသာ တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ပြုရန်ဟူ၍ အဓိပ္ပာယ်ကို တိကျစွာကန့်သတ်ပြင်ဆင်ပေးရန် တင်ပြအပ်ပါကြောင်း ဆွေးနွေး သည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးသန်းအေး (ခ) ဦးတင်ဦးက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကို နယ်မြေအနှံ့ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အခြေခံဥပဒေပုဒ်မ ၅၆ အရ သတ်မှတ်ထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၏ ဦးစီးအဖွဲ့၊ ဥက္ကဋ္ဌများပါ ကော်မတီဝင်များအဖြစ် ပါဝင်ဖွဲ့စည်းရမည်ဟု ဖြည့်စွက်လိုကြောင်း၊ အခန်း (၉) ပုဒ်မ ၁၉ တွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခံရသူက အကြောင်းကြားတောင်းဆိုမှုပြုလုပ်နိုင်သည်ဟု ဖော်ပြထားခြင်းအပေါ် အွန်လိုင်းလိမ်လည်မှုပြုသည်ကို ခိုင်လုံသော သက်သေအထောက်အထားဖြင့် သိရှိသူတစ်ဦးဦးက သတင်းပေးပို့အကြောင်းကြား၍ ငွေလွှဲပြောင်းမှုကို ယာယီဆိုင်းငံ့ရန် တောင်းဆိုနိုင်ကြောင်းဖြင့်လည်းကောင်း၊ ပုဒ်မ ၂၂ တွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခံရသူသည် ပုဒ်မ ၁၉ အရ ဘဏ်သို့ အကြောင်းကြားပြီး ၂၄ နာရီအတွင်း ဗဟိုဌာနသို့ ကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းတင်ကြားမှုစနစ်မှတစ်ဆင့်ဖြစ်စေ၊ ဖြစ်စဉ်အချက်အလက်များကို အသေးစိတ်တင်ပြ တိုင်ကြားနိုင်သည်ဟု ပြဋ္ဌာန်းထားခြင်းအပေါ် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခံရသူ သို့မဟုတ် ခိုင်လုံသောသက်သေအထောက်အထားဖြင့် သတင်းပေးတိုင်ကြားသူသည်ဟုလည်းကောင်း ဖြည့်စွက်ပြင်ဆင်သင့်ပါကြောင်း။
ပုဒ်မ ၂၃ ပုဒ်မခွဲ (က) တွင် တိုင်ကြားချက်ကိုစိစစ်၍ မှန်ကန်ပါက အွန်လိုင်းလိမ်လည်မှုကျူးလွန်ခံရသူအား သက်ဆိုင်ရာရဲစခန်း၌ ပထမသတင်းပေးတိုင်ချက်ဖွင့်လှစ်ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းဖော်ပြထားခြင်းတွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခံရသူ သို့မဟုတ် ခိုင်လုံသော အထောက်အထားဖြင့် သတင်းပေးတိုင်ကြားသူဟုလည်းကောင်း၊ ပုဒ်မ ၂၄ ခြေဆင်းတွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခံရ၍ တိုင်ကြားလာပါကဟူ၍ ပြဋ္ဌာန်းဖော်ပြထားသည့် နေရာ၌ အွန်လိုင်းလိမ်လည်မှုကျူးလွန်ကြောင်း တိုင်ကြားလာပါကဟူ၍လည်းကောင်း၊ ပုဒ်မ ၂၅ တွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခံရသူက ပထမသတင်းပေးတိုင်တန်းခြင်း မပြုလျှင် သက်ဆိုင်ရာဘဏ်က ယာယီဆိုင်းငံ့ထားသော ဘဏ်ငွေစာရင်းကို ပြန်လည်ဖွင့်လှစ်ပေးရမည်ဟု ပြဋ္ဌာန်းဖော်ပြချက်နောက်တွင် တစ်ဆက်တည်း၊ သို့ရာတွင် သတင်းပေးချက်မှန်ကန်ကြောင်း စိစစ်တွေ့ရှိရလျှင် ဘဏ်စာရင်းကို ပြန်ဖွင့်ပေးခြင်း မပြုရဟုလည်းကောင်း ဖြည့်စွက်ပြင်သင့်ပါကြောင်း။
ဥပဒေအခန်း (၁၁) တားမြစ်ချက်များ၊ ပုဒ်မ ၅၀ ၏နောက်တွင် သီးခြားပုဒ်မ ၅၁ ဟုတပ်လျှင် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခံရသူနှင့် သတင်းပေးတိုင်တန်းသူ၏ လုံခြုံရေးကို ကာကွယ်ပေးခြင်း၊ ကျူးလွန်ခံရသူအတွက် နစ်နာဆုံးရှုံးမှုကို ပြန်လည်ကုစားနိုင်ရေး၊ သတင်းပေးသူအား ချီးမြှင့်ငွေအဖြစ် ပြန်လည်သတ်မှတ် ပေးရမည်ဟု ဖြည့်စွက်ပြဋ္ဌာန်းသင့်ပါကြောင်း ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၈) ဦးတင်မောင်ဝင်းက ဥပဒေကြမ်း အခန်း (၂) ပုဒ်မ ၃ (ဆ) ကို အွန်လိုင်းလိမ်လည်မှု (Online Scam) ဆိုသည်မှာ မတရားသောနည်းဖြင့် အကျိုးအမြတ်ရယူရန် သို့မဟုတ် အခြားသူတစ်ဦးဦးအား ဆုံးရှုံးနစ်နာစေရန် ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာစနစ်၊ ဆက်သွယ်ရေးကွန်ရက်၊ အင်တာနက် သို့မဟုတ် ဒီဂျစ်တယ်နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ သူတစ်ဦးဦး၏ငွေကြေး၊ ပိုင်ဆိုင်မှု သို့မဟုတ် အဖိုးတန်ပစ္စည်းများကို လှည့်ဖြားရယူခြင်း သို့မဟုတ် သူတစ်ဦးဦး၏ ကိုယ်ရေးအချက်အလက်များ၊ အကောင့်ဝင်ရောက်ခွင့်လျှို့ဝှက်ကုဒ်များကို လှည့်ဖြားရယူခြင်း သို့မဟုတ် တစ်ဆင့်ခံအသုံးပြုခြင်း သို့မဟုတ် မှားယွင်းသော သတင်းအချက်အလက်၊ ပုံရိပ်ယောင်ဖန်တီးမှုများဖြင့် တစ်ဖက်လူကို ယုံကြည်စေရန် လှည့်ဖြားခြင်းကိုဆိုသည်ဟု ပြင်ဆင်ဖြည့်စွက်လိုကြောင်းနှင့် အခန်း (၁၁) ပုဒ်မ ၅၀၊ အခန်း (၁၂) ပုဒ်မ ၅၅ နှင့် အခန်း (၁၃) ပုဒ်မ ၆၂ တို့နှင့် စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်လိုသည်များကို ရှင်းလင်းဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၅) ဦးအောင်သီဟက ဥပဒေကြမ်း အခန်း (၂) အဓိပ္ပာယ်ဖွင့်ဆိုချက်များတွင် Inter-national Gateway Services(IGW) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထည့်သွင်းရန်နှင့် အခန်း (၈) သတင်းအချက်အလက်ဖလှယ်ခြင်းတွင် (IGW) လိုင်စင်ရရှိသူများအား Online Scam များကို စောင့်ကြည့်ဖော်ထုတ်ရန်၊ Scam Cell များကို သတင်းပို့ရန်၊ Phishing Traffic များကို စောင့်ကြည့်ရန်၊ Cyber Threat များကို ဖော်ထုတ်ရန်၊ Traffic Log နှင့် CDR များကို ထိန်းသိမ်းရန်နှင့် စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်ရန် တာဝန်များကို ထည့်သွင်းပြဋ္ဌာန်းသင့်ပါကြောင်း ဆွေးနွေးသည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဦးအောင်သိန်းဌေးက ဥပဒေကြမ်းပါ အခန်း (၂)၊ ပုဒ်မ (၃)၊ အပိုဒ်ခွဲ (ဆ) တွင် သူတစ်ဦးဦးအစား လူတစ်ဦးဦး၏/ တစ်ဦးဦး၏/ တစ်စုံတစ်ယောက်၏/ တစ်စုံတစ်ယောက်သောသူ၏ဟု ပြင်ဆင်လိုကြောင်း၊ မြန်မာစာသတ်ပုံရေးထုံးအရ အဓိပ္ပါယ်ဟု ဝိုက်ချဖြင့် ရိုက်နှိပ်ထားသည်ကို အဓိပ္ပာယ်ဟု မောက်ချဖြင့် ရိုက်နှိပ်စေလိုပါကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးစိုးမင်းစမ်းက အခန်း (၅) ဒေသဆိုင်ရာကော်မတီများ ဖွဲ့စည်းခြင်း ပုဒ်မ ၇၊ အပိုဒ်ခွဲ (ဂ) အရ ဒေသဆိုင်ရာကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်ဟု ဖော်ပြပါရှိပါကြောင်း၊ သက်ဆိုင်ရာဒေသအသီးသီးမှ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များသည် အဆိုပါဒေသအတွင်းရှိ မြေပြင်အခြေအနေများအား ပိုမိုသိရှိနားလည်သူများဖြစ်သည့် အားလျော်စွာ လွှတ်တော်များပေါ်ပေါက်နေစဉ်ကာလအတွင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မတီတွင်ဖြစ်စေ၊ လိုအပ်ချက်အရ ထပ်မံတိုးချဲ့ဖွဲ့စည်းမည့် ခရိုင်အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မတီတွင်ဖြစ်စေ သက်ဆိုင်ရာဒေသမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်သွားပါက အဆိုပါကော်မတီများအား ပိုမို၍ အထောက်အကူပြုသွားမည်ဟု သုံးသပ်တွေ့ရှိရပါကြောင်း။
သို့ပါ၍ ဒေသဆိုင်ရာကော်မတီများ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဒေသမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်သွားနိုင်ပါရန်နှင့် နိုင်ငံတော်သည် အရေးပေါ်အခြေအနေတွင် ကျရောက်သည့် အချိန်အခါဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်ဖျက်သိမ်းထားသည့် အချိန်အခါတွင်ဖြစ်စေ အဆိုပါလွှတ်တော်ကိုယ်စားလှယ်များအား ကော်မတီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီးဖြစ်စေရမည်ဟု ထည့်သွင်းဖော်ပြသင့်ပါကြောင်း ဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးပြုံးချိုက အခန်း (၁) ပုဒ်မ ၂ ပုဒ်မခွဲ (ခ) “နိုင်ငံတော်၏ တည်ဆဲဥပဒေအရ မှတ်ပုံတင်ထားသော ရေယာဉ် သို့မဟုတ် လေယာဉ်တစ်ခုခုပေါ်တွင် ကျူးလွန်မှု” အစား “မည်သည့်ယာဉ်တစ်ခုခုပေါ်တွင်” ဟုလည်းကောင်း၊ အခန်း (၁၃) ပုဒ်မ ၆၂ ၏အောက်တွင် ပုဒ်မ ၆၃ အဖြစ် “ဤ ဥပဒေအရ အရေးယူပိုင်ခွင့်ရှိသည့် ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်” ဟု ထည့်သွင်းပြဋ္ဌာန်းပြီး ပုဒ်မ ၆၃ ကို ပုဒ်မ ၆၄ အဖြစ် ထည့်သွင်းသင့်ပါကြောင်း ဆွေးနွေးသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၂) ဦးကျော်တင့်က အခန်း (၁) ပုဒ်မ (၁) တွင် “ဤဥပဒေကို အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်” တွင် မြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ဗဟိုကော်မတီဖွဲ့စည်းရာတွင် “အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ”ဟု အမည်ပေးဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကို ချမှတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အွန်လိုင်းလောင်းကစားမှုကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရပါကြောင်း၊ ထို့ကြောင့် ဥပဒေအမည်ကို “အွန်လိုင်းလောင်းကစားမှု” စာသားဖြည့်စွက်ပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေဟု ခေါ်တွင်သင့်ပါကြောင်း၊ အခန်း (၂) အဓိပ္ပာယ်ဖော်ပြချက်တွင်လည်း အွန်လိုင်းလောင်းကစားမှုကို ထည့်သွင်းအဓိပ္ပာယ်ဖွင့်သင့်ပါကြောင်း ဆွေးနွေးသည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးဇော်ဇော်မြင့်က အခန်း (၁၁) ပုဒ်မ ၄၉ တွင် မည်သူမျှသူတစ်ဦးအား ထိခိုက်နစ်နာစေရန် မဟုတ်မမှန်သတင်းပေးတိုင်ကြား၍ အခြားသူ၏ ဘဏ်ငွေစာရင်းအမှတ်အား ဆိုင်းငံ့စေခြင်း၏နောက်တွင် အွန်လိုင်းလိမ်လည်မှုဝက်ဆိုဒ်လင့်များပေးပို့ခြင်း၊ ထည့်သွင်းခြင်းတို့မပြုရဟုလည်းကောင်း၊ မည်သူမဆို ပုဒ်မ ၃၁၊ ပုဒ်မ ၃၄ သို့မဟုတ် ပုဒ်မ (၃၇) ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးသုံးနှစ်မှ အများဆုံးကိုးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ်သိန်းတစ်ထောင်မှ အများဆုံးကျပ်သိန်းငါးထောင်ထိ ငွေဒဏ်လည်း ချမှတ်ရမည်ဟုလည်းကောင်း၊ မည်သူမဆို ပုဒ်မ ၃၂၊ ပုဒ်မ ၃၃ ၊ ပုဒ်မ ၃၆၊ ပုဒ်မ ၃၇၊ ပုဒ်မ ၃၈၊ ပုဒ်မ ၃၉၊ ပုဒ်မ ၄၀၊ ပုဒ်မ ၄၁၊ ပုဒ်မ ၄၂၊ ပုဒ်မ ၄၃ သို့မဟုတ် ပုဒ်မ (၄၉) ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးငါးနှစ်မှ အများဆုံးဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ်သိန်းငါးထောင်မှ အများဆုံး ကျပ်သိန်းတစ်သောင်းအထိ ငွေဒဏ်လည်း ချမှတ်ရမည်ဟုလည်းကောင်း ပြင်ဆင်ဖြည့်စွက်လိုကြောင်း။
မည်သူမဆို ပုဒ်မ ၄၄၊ ပုဒ်မ ၄၅၊ ပုဒ်မ ၄၆ သို့မဟုတ် ပုဒ်မ ၄၈ ပါ တားမြစ် ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ် တစ်ဆယ်နှစ်မှ အများဆုံးထောင်ဒဏ်တစ်သက်ထိ ချမှတ်ရမည့်အပြင်၏ နောက်တွင် ထိုသူနှင့် ဆက်နွှယ်ပတ်သက်၍ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများအားလုံးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည် သို့မဟုတ် ထိုသူပြစ်မှုကျူးလွန်ခဲ့သည့် ကာလတစ်လျှောက်လုံး ရရှိခဲ့သည့် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့် ငွေကြေးအမျိုးမျိုးတို့၏ ကာလတန်ဖိုး၏ နှစ်ဆကို ငွေဒဏ်အဖြစ် ချမှတ်ရမည်ဟုလည်းကောင်း၊ မည်သူမဆို ပုဒ်မ ၄၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ်တစ်သက်ဖြစ်စေ၊ အများဆုံးသေဒဏ်ထိဖြစ်စေ ချမှတ်ရမည့်အပြင် ထိုသူနှင့် ဆက်နွှယ်ပတ်သက်၍ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများအားလုံးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည် သို့မဟုတ် ထိုသူပြစ်မှုကျူးလွန်ခဲ့သည့် ကာလတစ်လျှောက်လုံးရရှိခဲ့သည့် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့် ငွေကြေးအမျိုးမျိုးတို့၏ ကာလတန်ဖိုး၏ နှစ်ဆကို ငွေဒဏ်အဖြစ် ချမှတ်ရမည်။ အကယ်၍ အဆိုပါပြစ်မှုကျူးလွန်ရာတွင် တစ်ဦးတစ်ယောက်ကို သေဆုံးခဲ့သော် သေဒဏ်ချမှတ်ရမည်ဟုလည်းကောင်း ပြင်ဆင်ဖြည့်စွက်သင့်ပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်နှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ထို့နောက် အခြေခံပညာကျောင်းများရှိ ပညာသင်ကြားရေး ဆရာ၊ ဆရာမများ လိုအပ်နေမှုအခြေအနေကို နိုင်ငံတော်မှ အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ချစ်လွင်က ယခုခေတ်ပညာသင်ကြားရေးစနစ်တွင် ဆရာတစ်ယောက်လစ်လပ်နေလျှင် သင်ကြားရေးတွင် အခက်အခဲရှိနိုင်ပါကြောင်း၊ ခေတ်ကာလအခြေအနေအရ သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် ဆရာ၊ ဆရာမများ လစ်လပ်နေမှုကို ယခုအတိုင်းဆက်သွားနေပါက မျိုးဆက်သစ် ကျောင်းသူ ကျောင်းသားများအတွက် ရင်လေးစရာကောင်းလှပါကြောင်း၊ ကျော်လွန်ခဲ့သည့် အတိတ်ဖြစ်ရပ်များကို ချန်ထားခဲ့ပြီး လက်ရှိအချိန်မှစ၍ ဆရာ၊ ဆရာမ ဖြည့်ဆည်းရေးအစီအစဉ်ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာသင်နှစ်တစ်နှစ်ကို မစောင့်ဘဲ ယခုမှစတင်၍ လုပ်ဆောင်ပါက လူငယ်မောင်မယ်များအတွက် ချက်ချင်းလက်ငင်းအကျိုးရှိမည်ဖြစ်ပါကြောင်း။
ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်ဆိုရိုးနှင့်အညီ တက်သစ်စလူငယ်မောင်မယ်များ၏ နောင်ရေးကို မြော်တွေးပြီး သင်ကြားရေး ဆရာ၊ ဆရာမများ အသစ်ခန့်ထားရာတွင်လည်း တစ်ဦးချင်းစီကို စိစစ်ခန့်ထားရန် လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများကလည်း မိမိတို့တာဝန်ကျရာနေရာဒေသကို မိမိတို့မွေးရပ်ဇာတိမြေကဲ့သို့ သဘောထားပြီး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ လစ်လပ်နေသည့် အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုံစုံလင်လင်ညီညီညာညာ စာပေရွတ်ဖတ်သံနှင့်အတူ ပညာရေးလောကကြီးကို အလှဆင်နိုင်မည်ဖြစ်ကြောင်း အဆိုတင်သွင်းသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးသိန်းလှိုင်က ထောက်ခံသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အဆိုအား လွှတ်တော်က ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးစတုတ္ထနေ့ကို ဇွန် ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
